မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အဘယ်သို့ စားရမည်နည်း”

“အဘယ်သို့ စားရမည်နည်း”

“အဘယ်သို့ စားရမည်နည်း”

အစားအသောက်။ ယင်းသည် ယေရှုဓမ္မအမှုဆောင်ချိန်အတွင်း လူတို့အပြောများလေ့ရှိသော အကြောင်းအရာပင်ဖြစ်သည်။ ကိုယ်တော်ပြုလုပ်ခဲ့သော ဦးဆုံးအံ့ဖွယ်အမှုမှာ ရေကို စပျစ်ဝိုင်အဖြစ် ပြောင်းလဲပေးခြင်းဖြစ်ပြီး နောက်အခြေအနေနှစ်ခုတွင် ကိုယ်တော်သည် မုန့်နှင့်ငါးအနည်းငယ်ဖြင့် လူအုပ်ကို ကျွေးမွေးခဲ့သည်။ (မဿဲ ၁၆:၇-၁၀; ယောဟန် ၂:၃-၁၁) ယေရှုကို ဆင်းရဲသားများနှင့်အတူ စားသောက်သူအဖြစ်သာမက လူချမ်းသာတို့နှင့်အတူ ပွဲခံစားသောက်သူအဖြစ်လည်း လူသိများသည်။ ယေရှု၏ရန်သူတို့က ကိုယ်တော့်ကို စားကြူးသောက်ကြူးသူဟုပင် စွပ်စွဲခဲ့ကြသည်။ (မဿဲ ၁၁:၁၈၊ ၁၉) အမှန်မှာ ယေရှုသည် ထိုသို့မဟုတ်ပါ။ သို့သော် လူတို့အတွက် အရေးကြီးဆုံးမှာ အစားအသောက်ဖြစ်ကြောင်း ကိုယ်တော်သိထားပြီး ဘုရားသခင်နှင့်ပတ်သက်သောကိစ္စများကို သွန်သင်ပေးရာတွင် ယင်းတို့ကို ကျွမ်းကျင်စွာအသုံးပြုခဲ့သည်။—လုကာ ၂၂:၁၄-၂၀; ယောဟန် ၆:၃၅-၄၀

ယေရှုခေတ်တွင် အဘယ်အစားအသောက်များကို လူတို့စားသောက်လေ့ရှိသနည်း။ အစားအသောက်ကို မည်သို့ပြင်ဆင်သနည်း။ ယင်းတို့ကို မည်မျှကြိုးစားပမ်းစား ပြင်ဆင်ရသနည်း။ ထိုမေးခွန်းများ၏အဖြေများကို သိရှိခြင်းက ခရစ်ဝင်ကျမ်းများတွင်ပါသော အဖြစ်အပျက်နှင့်အသုံးအနှုန်းအချို့ကို ပို၍ကောင်းစွာနားလည်လာရန် အထောက်အကူပြုပါလိမ့်မည်။

‘ယနေ့အတွက် အသက်မွေးလောက်သောပေါင်မုန့်’ ကိုပေးသနားတော်မူပါ

မည်သို့ဆုတောင်းရမည်ကို တပည့်များအား ယေရှုသင်ကြားပေးရာတွင် ဘဝ၏အခြေခံလိုအပ်ရာဖြစ်သော “ယနေ့အတွက် အသက်မွေးလောက်သောအစာ” ကိုပေးပါရန် ဘုရားသခင်ထံတောင်းဆိုခြင်းက သင့်လျော်ကြောင်း ကိုယ်တော်ဖော်ပြခဲ့သည်။ (မဿဲ ၆:၁၁) “အစာ” ဟုပြန်ဆိုထားသောစကားလုံး၏ မူရင်းဂရိဝေါဟာရမှာ “ပေါင်မုန့်” ဖြစ်သည်။ ပေါင်မုန့်သည် ဟေဗြဲနှင့်ဂရိလူမျိုးတို့၏ အဓိကအစာဖြစ်သောကြောင့် “အစာစားသည်” ဟူသောအသုံးအနှုန်းသည် စာသားအရ “ပေါင်မုန့်စားသည်” ဟူ၍အဓိပ္ပာယ်ရှိသည်။ ဂျုံ၊ မုယောစသော ကောက်နှံမျိုးတို့ကို ပေါင်မုန့်လုပ်ရာတွင် အသုံးပြုပြီး အုတ်ဂျုံ၊ ကောက်စပါး၊ နှံစားပြောင်းစသည်တို့မှာလည်း ပထမရာစုရှိဂျူးတို့၏ စားမြဲအစာဖြစ်သည်။ လူတစ်ဦးသည် တစ်နှစ်လျှင် ကောက်နှံ ပေါင် ၅၀၀ ခန့်စားသုံးပြီး ယင်းသည် လူတစ်ဦးလိုအပ်သော ကယ်လိုရီတစ်ဝက်ခန့်ကို ထောက်ပံ့ပေးသည်ဟု သုတေသီများက ခန့်မှန်းသည်။

ပေါင်မုန့်ကို ဈေးတွင်ဝယ်ယူနိုင်သည်။ သို့သော် မိသားစုများစွာသည် ကိုယ်တိုင်ဖုတ်ကြသည်။ ထိုသို့ပြုရန် လုပ်အားအတော်လိုအပ်သည်။ “ဂျုံမှုန့်ကို ကြာရှည်သိုထားရန် ခက်ခဲသောကြောင့် အိမ်ရှင်မသည် ဂျုံစေ့များကို နေ့စဉ်အမှုန့်ကြိတ်ရသည်” ဟုစာအုပ်တစ်အုပ် [Bread Wine Walls and Scrolls] ကဆိုသည်။ ထိုသို့အမှုန့်ကြိတ်ရန် မည်မျှကြာသနည်း။ “လက်ဖြင့်ကြိတ်ရသောကြိတ်ဆုံတွင် တစ်နာရီမျှ ပင်ပန်းစွာကြိတ်လျှင် ဂျုံစေ့ ၂ ပေါင်ကျော်သာကုန်ပြီး ယင်းမှ ဂျုံမှုန့် ၂ ပေါင်နီးပါးထက် ပို၍မထွက်ပေ။ လူတစ်ဦး နေ့စဉ်စားသုံးသောဂျုံစေ့ပမာဏမှာ ၁ ပေါင်ခန့်ဖြစ်ရာ မိသားစုဝင် ငါးဦးခြောက်ဦးရှိသည့်မိသားစု စားလောက်နိုင်ရန် အိမ်ရှင်မသည် သုံးနာရီကြာကြိတ်ရန် လိုအပ်သည်” ဟုထိုစာအုပ်ကိုရေးသားသူက ရှင်းပြသည်။

ယခု ယေရှု၏မိခင်မာရိအကြောင်း စဉ်းစားကြည့်ပါလေ။ အခြားအိမ်မှုကိစ္စများအပြင် သူ၏ခင်ပွန်း၊ သားငါးဦးနှင့် အနည်းဆုံးသမီးနှစ်ဦး စားလောက်နိုင်သည့်ပေါင်မုန့်ကိုလည်း ပြင်ဆင်ရဦးမည်။ (မဿဲ ၁၃:၅၅၊ ၅၆) အခြားဂျူးအမျိုးသမီးများနည်းတူ မာရိလည်း ‘ယနေ့အတွက် အသက်မွေးလောက်သောပေါင်မုန့်’ ရရန် ပင်ပန်းစွာလုပ်ကိုင်ရမည်မှာ သေချာသည်။

“လာ၍ နံနက်စာကို စားကြလော့”

ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် တစ်မနက်စောစောတွင် မိမိတပည့်အချို့ရှေ့ ကိုယ်ကိုထင်ရှားပြခဲ့သည်။ တပည့်များသည် တစ်ညလုံးငါးဖမ်းရာ ငါးတစ်ကောင်မျှ မရကြပေ။ “လာ၍ နံနက်စာကို စားကြလော့” ဟု ပင်ပန်းနေသောမိတ်ဆွေတို့ကို ယေရှုခေါ်သည်။ ထို့နောက် လတ်ဆတ်သောငါးနှင့်ပေါင်မုန့်ကို ကိုယ်တော်ကျွေးခဲ့သည်။ (ယောဟန် ၂၁:၉-၁၃) ခရစ်ဝင်ကျမ်း၏ ဤတစ်နေရာတွင်သာ နံနက်စာအကြောင်း ဖော်ပြထားသော်လည်း လူတို့သည် ပေါင်မုန့်၊ အခွံမာသီးများ၊ စပျစ်သီးခြောက် သို့မဟုတ် သံလွင်သီးတို့ပါဝင်သော မနက်စာဖြင့် မိမိတို့၏နေ့ရက်ကို အစပြုလေ့ရှိသည်။

နေ့လယ်စာကော မည်သို့နည်း။ သာမန်လူတန်းစားတို့ အဘယ်အရာ စားသုံးကြမည်နည်း။ “နေ့လယ်စာမှာ ပေါင်မုန့်၊ အစေ့အဆန်များ၊ သံလွင်သီး၊ သင်္ဘောသဖန်းသီးတို့ပါဝင်သော အစာကြေလွယ်သည့် အစာအနည်းငယ်ဖြစ်သည်” ဟုစာအုပ်တစ်အုပ် [Life in Biblical Israel ] ကဆိုသည်။ တပည့်များသည် ရှုခါမြို့မှ စားစရာဝယ်ပြီး ပြန်လာချိန်တွင် ယင်းတို့ကို သယ်လာခဲ့ခြင်းဖြစ်နိုင်သည်။ ယေရှုသည် ရေတွင်းတွင် ရှမာရိအမျိုးသမီးတစ်ဦးနှင့် စကားပြောနေချိန်ဖြစ်သည်။ အချိန်ကား “မွန်းတည့်အချိန်ခန့်” ဖြစ်ပြီး တပည့်တို့သည် “စားစရာဝယ်ရန် မြို့ထဲသို့သွားကြပြီ။”—ယောဟန် ၄:၅-၈

ညချမ်းအချိန်တွင် မိသားစုများသည် နေ့တစ်နေ့၏ အဓိကတစ်နပ်စာအတွက် စုရုံးကြသည်။ “လူအများစုသည် ပေါင်မုန့် သို့မဟုတ် ယာဂုကို စားကြသည်။ ယာဂုကို မုယော၊ ကောက်နှံနှင့်ပဲအမျိုးမျိုး၊ တစ်ခါတစ်ရံ ဂျုံစေ့တို့ဖြင့် ချက်လုပ်လေ့ရှိသည်။ ယင်းတွင် ဆား၊ ဆီ သို့မဟုတ် သံလွင်ဆီကိုထည့်လေ့ရှိပြီး တစ်ခါတစ်ရံ၊ အနံ့ပြင်းသောဆော့စ်တစ်မျိုးမျိုး၊ ပျားရည် သို့မဟုတ် ချိုသောသစ်သီးအရည်တို့ကို ထည့်သည်” ဟုစာအုပ်တစ်အုပ် [Poverty and Charity in Roman Palestine First Three Centuries C.E.] ကဆိုသည်။ ထိုညစာတွင် နို့၊ ဒိန်ခဲ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးစိမ်း သို့မဟုတ် သစ်သီးခြောက်တို့လည်း ပါဝင်ပေမည်။ ထိုအချိန်တွင် ရရှိနိုင်သောဟင်းသီးဟင်းရွက် အမျိုးပေါင်း ၃၀ ခန့်ရှိပြီး အနည်းငယ်ကိုဖော်ပြရမည်ဆိုလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥ၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်တို့ဖြစ်သည်။ (၁) သင်္ဘောသဖန်းသီး၊ (၂) စွန်ပလွံသီး၊ (၃) သလဲသီးစသော သစ်သီးအမျိုးပေါင်း ၂၅ မျိုးကျော်ကိုလည်း ထိုဒေသတွင် စိုက်ပျိုးသည်။

ယေရှုသည် လာဇရုနှင့် သူ၏အစ်မနှစ်ဦးဖြစ်သည့် မာသ၊ မာရိတို့နှင့်အတူ ညစာစားချိန်တွင် စားပွဲပေါ်၌ ထိုစားစရာအချို့ရှိနေသည်ကို သင်မြင်ယောင်မိသလော။ မာရိသည် “နာဒုဆီမွှေးစစ်” ကိုယေရှု၏ခြေပေါ် လိမ်းကျံနေစဉ် ဈေးကြီးလှသော ထိုဆီမွှေးအနံ့နှင့် အစားအသောက်အနံ့ရောကာ တစ်ခန်းလုံးတွင် မွှေးကြိုင်သွားမည့်ရနံ့ကို သင်ရှူရှိုက်မိသလော။—ယောဟန် ၁၂:၁-၃

“သင်သည် ပွဲခံလျှင်”

“ဖာရိရှဲခေါင်းဆောင်တစ်ဦး၏အိမ်” တွင် စားသောက်နေချိန်တစ်ချိန်၌ ယေရှုသည် ထိုတွင်ရှိနေသူများကို တန်ဖိုးရှိသည့်သင်ခန်းစာတစ်ခု သင်ပေးခဲ့သည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “သင်သည် ပွဲခံလျှင် ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေဆွံ့သူ၊ မျက်မမြင်သူတို့ကို ဖိတ်ခေါ်လော့။ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍ သင်သည် ပျော်ရွှင်လိမ့်မည်။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ ထမြောက်ရာကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းကို ခံရလိမ့်မည်။” (လုကာ ၁၄:၁-၁၄) ထိုဖာရိရှဲသည် ယေရှု၏စကားအတိုင်းလုပ်ဆောင်ခဲ့ပါက ထိုပွဲမျိုးတွင် အဘယ်အစားအစာကို သူတည်ခင်းကျွေးမွေးမည်နည်း။

ချမ်းသာကြွယ်ဝသူတစ်ဦးသည် ဝိုင်၊ ပျားရည်၊ နို့နှင့် ဟင်းခတ်အမွှေးအကြိုင်များရောကာ ပုံစံအမျိုးမျိုးဖြင့် ဖုတ်ထားသော အကောင်းစားပေါင်မုန့်ကို တည်ခင်းပေမည်။ ထောပတ်နှင့် ဒိန်ခဲတို့ စားပွဲပေါ်တွင် ရှိနိုင်သည်။ သံလွင်သီးအမှည့်၊ သံလွင်သီးသနပ် သို့မဟုတ် သံလွင်ဆီတို့လည်း ရှိမည်မှာသေချာသည်။ “လူတိုင်းလူတိုင်းသည် တစ်နှစ်လျှင် သံလွင်ဆီ ပေါင် ၄၀ ကို အစားအစာအဖြစ် စားသုံးပြီး အလှကုန်နှင့်လောင်စာဆီအဖြစ်လည်း အသုံးပြုသည်” ဟုစာအုပ်တစ်အုပ် [Food in Antiquity] ကဆိုသည်။

ထိုဖာရိရှဲသည် ပင်လယ်အနီးတွင်နေထိုင်သူဖြစ်ပါက မိမိနှင့်ဧည့်သည်များအတွက် လတ်လတ်ဆတ်ဆတ်ဖမ်းမိထားသောငါးတို့ကို တည်ခင်းပေမည်။ ကုန်းတွင်းပိုင်းတွင်နေထိုင်သူတို့သည် ငါးကို ကြာရှည်ခံရန် ငါးချဉ်သိပ်၍ သို့မဟုတ် ဆားသိပ်၍ စားလေ့ရှိသည်။ အိမ်ရှင်သည် ဆင်းရဲသားဧည့်သည်များကို ကျွေးလေ့မရှိသည့် အသားတစ်မျိုးမျိုးကိုလည်း တည်ခင်းထားပေမည်။ ဥဟင်းတစ်မျိုးမျိုးမှာလည်း စားလေ့စားထရှိသောဟင်းဖြစ်ပေမည်။ (လုကာ ၁၁:၁၂) ထိုဟင်းများတွင် ပင်စိမ်း၊ စမြိတ်၊ မုန်ညင်းစေ့စသော ဟင်းခတ်အမွှေးအကြိုင်များ ခတ်ပေမည်။ (မဿဲ ၁၃:၃၁; မဿဲ ၂၃:၂၃; လုကာ ၁၁:၄၂) စားသောက်ပြီးနောက် အချိုပွဲအဖြစ် ဗာဒံစေ့၊ ပျားရည်နှင့် ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့် ရောနှောထားသော ဂျုံစေ့လှော်ကို ချပေးပေမည်။

ထို့ပြင် စပျစ်သီးမှည့်၊ စပျစ်သီးခြောက် သို့မဟုတ် စပျစ်ဝိုင်တို့ကိုလည်း တည်ခင်းပေမည်။ ပါလက်စတိုင်းတွင် စပျစ်သီးနယ်ရာကျင်း ထောင်ပေါင်းများစွာကိုတွေ့ရှိခဲ့ရာ လူများစွာသည် စပျစ်ဝိုင်သောက်ကြသည်မှာ ထင်ရှားသည်။ ဂိဗောင်မြို့ရှိ နေရာတစ်ခုတွင် ရှေးဟောင်းသုတေသနပညာရှင်များသည် ကျောက်တောင်ကိုခွင်းထားသည့် မြေအောက်ခန်း ၆၃ ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ယင်းတို့တွင် ဝိုင်ဂါလံ ၂၅,၀၀၀ ခန့်ကို သိုလှောင်ထားနိုင်သည်။

“ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်”

ခရစ်ဝင်ကျမ်းကို သင်ဖတ်ရှုစဉ် ယေရှုသည် မိမိ၏ပုံဥပမာများတွင် အစားအသောက်အကြောင်း အကြိမ်မည်မျှဖော်ပြသည် သို့မဟုတ် စားသောက်နေစဉ် အရေးကြီးသင်ခန်းစာအချို့ မည်သို့သွန်သင်သည်ကို သတိပြုပါ။ ယေရှုနှင့်တပည့်များသည် အထူးသဖြင့် ရင်းနှီးသောမိတ်ဆွေများနှင့်အတူ စားသောက်ရသည်ကို နှစ်ခြိုက်သည်မှာ ရှင်းနေပါသည်။ သို့သော် အစားအသောက်သည် သူတို့ဘဝ၏အဓိကအရာ မဟုတ်ခဲ့ပါ။

“‘အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်း။ အဘယ်သို့ ဝတ်ရမည်နည်း’ ဟုဆို၍ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ ဤအရာများကို လူမျိုးခြားတို့သည် ကြိုးစား၍ရှာဖွေတတ်ကြ၏။ ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏” ဟုမိန့်ဆိုခြင်းဖြင့် အစားအသောက်အပေါ် မျှတသောအမြင်ရှိနေရန် တပည့်များကို ယေရှုကူညီပေးခဲ့သည်။ (မဿဲ ၆:၃၁၊ ၃၂) တပည့်များသည် ထိုသင်ခန်းစာကို နှလုံးသွင်းခဲ့ရာ သူတို့လိုအပ်ရာများကို ဘုရားသခင်ဖြည့်ဆည်းပေးခဲ့သည်။ (၂ ကောရိန္သု ၉:၈) မှန်ပါသည်၊ သင်၏အစားအစာသည် ပထမရာစုတွင်အသက်ရှင်ခဲ့သူတို့၏အစားအစာနှင့် ကွာခြားပေမည်။ သို့သော် ဘဝတွင် ဘုရားသခင့်အမှုဆောင်ခြင်းကို ဦးစားထားပါက သင့်ကို ဘုရားသခင် ဂရုစိုက်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။—မဿဲ ၆:၃၃၊ ၃၄