ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးချယ်ခွင့်ပေး
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့
ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးချယ်ခွင့်ပေး
တရားဟောရာ ၃၀:၁၁-၂၀၊ [သမ္မာ]
“ယေဟောဝါကို ကျွန်မ သစ္စာဖောက်မိသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မကြာခဏ ဝင်လာတတ်တယ်” ဟုခရစ်ယာန်အမျိုးသမီးတစ်ဦးကဆိုသည်။ ငယ်ရွယ်စဉ်က ကြုံတွေ့ ခဲ့ရသည့် စိတ်ဆင်းရဲစရာများကြောင့် အောင်မြင်နိုင်မည်မဟုတ်ဟု သူ ခံစားရသည်။ ထိုသို့ဖြစ်နိုင်စရာအကြောင်း ရှိသလော။ ကျွန်ုပ်တို့လည်း ထိုအမျိုးသမီးကဲ့သို့ စိုးရိမ်စိတ်ဝင်သင့်သလော။ မဝင်သင့်ပါ။ ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားရာ မည်သို့အသက်ရှင်နေထိုင်ကြမည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ကိုယ်တိုင် ရွေးချယ်နိုင်ကြသည်။ သို့သော် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့အား မှန်မှန်ကန်ကန် ရွေးချယ်စေလိုပြီး ယင်းကို မည်သို့ပြုလုပ်နိုင်ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ တရားဟောရာ အခန်းကြီး ၃၀ [သမ္မာ] တွင်တွေ့ရသော မောရှေ၏စကားများကို သုံးသပ်ကြည့်ပါ။
ကျွန်ုပ်တို့ကို ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသည်ကို သိရှိရန်၊ ထိုအတိုင်းလုပ်ဆောင်ရန် ခက်ခဲပါသလော။ * မောရှေ ဤသို့ဖော်ပြသည်– “ယနေ့ ငါမှာထားသော ဤပညတ်တရားတော်သည် သင်မတတ်နိုင်အောင် ခက်ခဲသည်မဟုတ်။ ဝေးသည်လည်းမဟုတ်။” (အခန်းငယ် ၁၁) ယေဟောဝါဘုရားသခင်သည် မတတ်နိုင်ရာကို တောင်းဆိုတော်မမူချေ။ ကိုယ်တော် တောင်းဆိုတော်မူရာများသည် အကျိုးသင့်အကြောင်းသင့်ရှိပြီး လက်လှမ်းမီနိုင်ရာများဖြစ်သည်။ ထို့ပြင် ကိုယ်တော်တောင်းဆိုတော်မူရာများကို သိမြင်နားလည်နိုင်သည်။ ကျွန်ုပ်တို့ကို ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသည်ကို သင်ယူသိရှိရန် “ကောင်းကင်သို့” တက်သွားစရာမလိုသကဲ့သို့ “ပင်လယ်တစ်ဖက်” သို့လည်း ကူးသွားစရာမလိုချေ။ (အခန်းငယ် ၁၂၊ ၁၃) အကြောင်းမှာ ကျွန်ုပ်တို့ မည်သို့အသက်ရှင်နေထိုင်ရမည်ကို သမ္မာကျမ်းစာတွင် အထင်အရှား ဖော်ပြထား၍ဖြစ်သည်။—မိက္ခာ ၆:၈။
သို့သော် ယေဟောဝါဘုရားသခင်သည် မိမိအား နာခံရန် ကျွန်ုပ်တို့ကို အတင်းအကျပ် တောင်းဆိုတော်မမူချေ။ မောရှေဤသို့ဆိုသည်- “အသက်ရှင်ခြင်းနှင့် ကောင်းစားခြင်း၊ သေခြင်းနှင့်ဆင်းရဲခြင်းများကို သင့်ရှေ့မှာ ယနေ့ ငါထား၏။” (အခန်းငယ် ၁၅) ကျွန်ုပ်တို့သည် အသက်ရှင်ခြင်းနှင့်သေခြင်း၊ ကောင်းစားခြင်းနှင့်ဆင်းရဲခြင်းတို့ကို လွတ်လပ်စွာ ရွေးချယ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အားဝတ်ပြု၍ နာခံခြင်းအားဖြင့် ကောင်းချီးများခံစားရရန် ရွေးချယ်နိုင်ကြသည်၊ သို့မဟုတ် ကိုယ်တော်အား မနာခံခြင်းအားဖြင့် ဆိုးကျိုးများခံစားရရန် ရွေးချယ်နိုင်ကြသည်။ အဘယ်အရာကိုပင်ရွေးချယ်ပါစေ ကျွန်ုပ်တို့အပေါ်တွင်သာ မူတည်သည်။—အခန်းငယ် ၁၆-၁၈; ဂလာတိ ၆:၇၊ ၈။
ကျွန်ုပ်တို့ ရွေးချယ်သောလမ်းစဉ်သည် ယေဟောဝါဘုရားသခင်အတွက် အရေးကြီးပါသလော။ အရေးကြီးပါသည်။ ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် မောရှေက ‘အသက်ကို ရွေးယူလော့’ ဟုဆိုသည်။ (အခန်းငယ် ၁၉) သို့သော် အသက်ကို ကျွန်ုပ်တို့ မည်သို့ရွေးယူနိုင်သနည်း။ ‘သင်၏ ဘုရားသခင်ယေဟောဝါကို ချစ်ခြင်း၊ စကားတော်ကို နားထောင်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲခြင်းအားဖြင့်’ ဖြစ်ကြောင်း မောရှေ ရှင်းပြသည်။ (အခန်းငယ် ၂၀) ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်ကို ချစ်မြတ်နိုးလာပါက ကိုယ်တော်၏စကားတော်ကို နာခံမှုရှိရှိ နားထောင်လိုကြပြီး အဘယ်အရာကိုပင် တွေ့ ကြုံရပါစေ ကိုယ်တော်၌ သစ္စာရှိရှိ ဆည်းကပ်မှီဝဲလိုကြမည်။ ဤနည်းဖြင့် အသက်လမ်းစဉ်ကို ကျွန်ုပ်တို့ ရွေးချယ်ကြသည်၊ ယင်းလမ်းစဉ်သည် ယခုအချိန်၌ပင် အကောင်းဆုံးအသက်လမ်းစဉ်ဖြစ်ပြီး မကြာမီရောက်လာတော့မည့် ဘုရားသခင့်ကမ္ဘာသစ်တွင် ထာ၀စဉ်အသက်ရှင်မည်ဟူသော မျှော်လင့်ချက်ရှိသည်။—၂ ပေတရု ၃:၁၁-၁၃; ၁ ယောဟန် ၅:၃။
မောရှေ၏စကားများက အားရှိဖွယ်အမှန်တရားတစ်ခု သင်ပေးသည်။ ဤဆိုးယုတ်သောလောကတွင် အဘယ်အရာကိုပင် သင်တွေ့ ကြုံရပါစေ အကူအညီမဲ့မနေပါ။ အောင်မြင်နိုင်မည်မဟုတ်ဟူ၍လည်း လက်မှိုင်ချစရာမလိုပါ။ ယေဟောဝါဘုရားသခင်သည် သင့်ကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားခြင်းအားဖြင့် ဂုဏ်တင်ထားတော်မူ၏။ ထို့ကြောင့် သင်သည် ယေဟောဝါဘုရားသခင်အား ချစ်မြတ်နိုးရန်၊ ကိုယ်တော့်စကားနားထောင်ရန်နှင့် ကိုယ်တော့်အပေါ် ဆက်၍သစ္စာတည်ကြည်ရန် ရွေးချယ်နိုင်သည်။ သင် ထိုသို့ရွေးချယ်မည်ဆိုလျှင် သင်၏ကြိုးစားအားထုတ်မှုအတွက် ယေဟောဝါဘုရားသခင် ကောင်းချီးပေးပါလိမ့်မည်။
ယေဟောဝါဘုရားသခင်ကို ချစ်မြတ်နိုးရန်၊ ကိုယ်တော့်အမှုတော်ဆောင်ရန် လွတ်လပ်စွာ ရွေးချယ်နိုင်သည်ဟူသော ဤအမှန်တရားက အစပိုင်းတွင်ဖော်ပြထားသော ထိုအမျိုးသမီးအတွက် နှစ်သိမ့်မှုဖြစ်စေခဲ့သည်။ သူ ဤသို့ဆိုသည်– “ယေဟောဝါကို ကျွန်မ တကယ်ချစ်တယ်။ ဒါက အရေးကြီးဆုံးပဲဆိုတာ တစ်ခါတလေ ကျွန်မ မေ့သွားတယ်။ ဘုရားသခင်ကို ချစ်တယ်ဆိုရင် ကျွန်မ သစ္စာစောင့်သိနိုင်တယ်။” သင်လည်း ယေဟောဝါဘုရားသခင်၏အကူအညီဖြင့် သစ္စာစောင့်သိနိုင်သည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 ၂၀၀၉၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ပါ “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့—ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း” ဆောင်းပါးကိုကြည့်ပါ။