အပြစ်ဝန်ခံဖို့ ဘုရားသခင် တောင်းဆိုထားသလား
အပြစ်ဝန်ခံဖို့ ဘုရားသခင် တောင်းဆိုထားသလား
အမည်ခံခရစ်ယာန်အသင်းများစွာမှာ ခရစ်ယာန်ဘုန်းကြီး ဒါမှမဟုတ် ဘာသာရေးဆရာထံ အပြစ်ဝန်ခံခြင်းက ဓလေ့ထုံးစံတစ်ခု၊ ဝတ်ပြုရေးပုံစံတစ်မျိုး ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ကိုယ်ကြိုက်ရာပြုလုပ်ခွင့်ရှိတဲ့ ယနေ့ခေတ်မှာ အပြစ်ဝန်ခံခြင်းက အရေးပါသလား ဒါမှမဟုတ် လိုကော လိုအပ်သေးလား။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှုမြင်ချက်တွေက မတူကြဘူး။ ဥပမာ၊ ကိုယ်လုပ်ခဲ့တဲ့အမှားကို တခြားတစ်ယောက်ကို ပြောပြဖို့ခက်ပေမဲ့ ပြောပြလိုက်တဲ့အခါမှာတော့ “ကိုယ့်အမှားကို နားလည်ပေးတဲ့၊ ကိုယ်နဲ့အတူ ဆုတောင်းပေးတဲ့၊ ကိုယ့်ကိုပြုပြင်တည့်မတ်ပေးတဲ့သူ တစ်ယောက်ရှိမယ်ဆိုရင် စိတ်သက်သာရာရတယ်” လို့ လူတစ်ယောက် ဝန်ခံတာကို ကနေဒါထုတ် သတင်းစာတစ်စောင် (National Post) မှာဖော်ပြထားတယ်။ ဒါပေမဲ့ “ချာ့ခ်ျရဲ့ ထုံးတမ်းဓလေ့တွေမှာ စိတ်ပျက်စရာအကောင်းဆုံးက အပြစ်ဝန်ခံခြင်းဖြစ်တယ်။ အဲဒါက လူတွေအတွက် စိတ်ဖိစီးမှုဖြစ်စေတယ်” လို့ လူတစ်ယောက် ပြောသွားတာကို စာအုပ်တစ်အုပ် (Bless Me, Father, for I Have Sinned) မှာကိုးကား ဖော်ပြထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာပြောသလဲ။
သမ္မာကျမ်းစာရဲ့အဆို
အစ္စရေးလူမျိုးကို ဘုရားသခင်ပေးခဲ့တဲ့ ပညတ်မှာ လူတစ်ယောက် အပြစ်ပြုမိတဲ့အခါ လုပ်ဆောင်ရမယ့်အရာတွေကို တိတိကျကျ ညွှန်ကြားထားတယ်။ ဥပမာ၊ လူတစ်ယောက်က အမျိုးသားချင်းကို ပြစ်မှားမိတဲ့အခါ ဒါမှမဟုတ် ဘုရားသခင့်ပညတ်ကို ချိုးဖောက်မိတဲ့အခါ လေဝိအနွယ်က ခန့်အပ်ထားတဲ့ ယဇ်ပုရောဟိတ်တစ်ယောက်ဆီ အပြစ်ကိုဝန်ခံရမယ်။ ယဇ်ပုရောဟိတ်က သူ့ကိုယ်စား ဘုရားသခင်ဆီ ယဇ်ပူဇော်ပေးခြင်းအားဖြင့် အပြစ်ဖြေပေးမယ်။—ဝတ်ပြုရာ ၅:၁-၆။
ရာစုနှစ်ပေါင်းများစွာအကြာ အပြစ်ပြုမိတဲ့ ဘုရင်ဒါဝိဒ်ကို ပရောဖက်နာသန် ဆုံးမတဲ့အခါ ဒါဝိဒ် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ အဲဒီအခါ ဒါဝိဒ်က ‘ငါသည် ထာဝရဘုရားသခင်ကို ပြစ်မှားပါပြီ’ လို့ ချက်ချင်း ဝန်ခံခဲ့တယ်။ (၂ ဓမ္မရာဇဝင် ၁၂:၁၃) သည့်အပြင် ဘုရားသခင့်မျက်နှာသာပြန်ရဖို့ ဆုတောင်းအသနားခံခဲ့တယ်။ ဘာအကျိုးရခဲ့သလဲ။ နောက်ပိုင်းမှာ ဒါဝိဒ် ဒီလိုရေးသားခဲ့တယ်– ‘အကျွန်ုပ်သည် ကိုယ့်အပြစ်ကို ကိုယ်တော်ထံ ဝန်ချလျက် မတရားသောအမှုကို ဝှက်၍မထားပါ။ လွန်ကျူးခြင်းအမှုများကို ထာဝရဘုရားသခင်အား ဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားသော အပြစ်ကို လွှတ်တော်မူ၏။’—ဆာလံ ၃၂:၅; ၅၁:၁-၄၊ သမ္မာ။
ပထမရာစုအချိန်မှာလည်း ဘုရားသခင်က အပြစ်ဝန်ခံဖို့ တောင်းဆိုနေတုန်းပဲ။ ယေရှုရဲ့ မိတူဖကွဲညီ၊ ဂျေရုဆလင်အသင်းတော်ကို ဦးစီးနေတဲ့ ယာကုပ်က ခရစ်ယာန်ချင်းတွေကို ဒီလိုအားပေးတိုက်တွန်းခဲ့တယ်– “အချင်းချင်း မိမိအပြစ်ကို ဖော်ပြဝန်ခံကြလော့။ အချင်းချင်းအတွက် ဆုတောင်းပေးကြလော့။ သို့မှသာ သင်တို့သည် ကျန်းမာလာကြလိမ့်မည်။” (ယာကုပ် ၅:၁၆) ဒါဆိုရင် ခရစ်ယာန်တွေက ဘာအတွက်နဲ့ ဘယ်သူ့ဆီ ဝန်ခံရမှာလဲ။
ဘာကို ဝန်ခံရမှာလဲ
အမှားမကင်းတဲ့ လူသားတွေပီပီ နေ့စဉ်လိုလို မဆင်မခြင် ပြုမူပြောဆိုတတ်ကြ၊ အချင်းချင်း ပြစ်မှားမိတတ်ကြတယ်။ (ရောမ ၃:၂၃) အဲဒါက အပြစ်တစ်ခုလုပ်မိတိုင်း အခွင့်အာဏာရှိတဲ့သူတစ်ယောက်ယောက်ဆီ အပြစ်ဝန်ခံရမယ်လို့ ဆိုလိုနေတာလား။
အပြစ်ဟူသမျှကို ဘုရားသခင် မနှစ်သက်ပေမဲ့ လူတွေမှာ အားနည်းချက်တွေ ရှိရတာက အမွေရထားတဲ့ မစုံလင်မှုကြောင့်ဆိုပြီး သနားကြင်နာစွာ ငဲ့ညှာပေးတယ်။ ဒါကြောင့် ဆာလံဆရာက ဒီလိုအသိအမှတ်ပြုခဲ့တယ်– ‘အို ထာဝရဘုရားသခင်၊ ကိုယ်တော်သည် အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေခြင်းငှာ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။’ (ဆာလံ ၁၃၀:၃၊ ၄) ဒါကြောင့် တခြား သူတွေကို မရည်ရွယ်ဘဲ ပြစ်မှားမိတဲ့အခါ ဘာလုပ်ရမလဲ။ နောက်လိုက်တွေကို ယေရှုသင်ပေးခဲ့တဲ့ စံပြဆုတောင်းချက်ထဲမှာ ဒီအချက်လည်းပါတယ်ဆိုတာကို သတိရပါ– “အပြစ်ကြွေးတင်သူရှိသမျှကို ကျွန်ုပ်တို့ ဖြေလွှတ်သောကြောင့် ကျွန်ုပ်တို့၏အပြစ်များကိုလည်း ဖြေလွှတ်တော်မူပါ။” (လုကာ ၁၁:၄) ဘုရားသခင်ထံ ကျွန်ုပ်တို့ ချဉ်းကပ်ပြီး ယေရှုနာမနဲ့ ခွင့်လွှတ်မှုတောင်းခံမယ်ဆိုရင် ကိုယ်တော်က ကျွန်ုပ်တို့ရဲ့အပြစ်ကို ခွင့်လွှတ်မှာဖြစ်တယ်။—ယောဟန် ၁၄:၁၃၊ ၁၄။
ကျွန်ုပ်တို့ကလည်း “အပြစ်ကြွေးတင်” သူတွေကို ခွင့်လွှတ်ရမယ်လို့ ယေရှုပြောတာကို သတိပြုပါ။ တမန်တော်ပေါလုက ယုံကြည်သူချင်းတွေကို ဒီလိုသတိပေးခဲ့တယ်– “အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြလော့။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့။” (ဧဖက် ၄:၃၂) သူတစ်ပါးရဲ့အပြစ်ကို ကျွန်ုပ်တို့ ခွင့်လွှတ်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အပြစ်ကိုလည်း ဘုရားသခင်က ခွင့်လွှတ်ဖို့ မျှော်လင့်စရာ အကြောင်းကောင်းရှိမှာဖြစ်တယ်။
ဒါပေမဲ့ သူ့ဥစ္စာကိုခိုးခြင်း၊ တမင်တကာလိမ်လည်ခြင်း၊ လိင်အကျင့်ယိုယွင်းခြင်း၊ သောက်ကြူးခြင်းစတဲ့ ကြီးလေးတဲ့အပြစ်တွေနဲ့ပတ်သက်ပြီး ဘုရားသခင်ဆီက ခွင့်လွှတ်မှုရနိုင်မလား။ အဲလိုကြီးလေးတဲ့အပြစ်တွေကို ကျူးလွန်တဲ့သူက ဘုရားသခင်ရဲ့ ပညတ်တွေကို ချိုးဖောက်ရာရောက်တဲ့အတွက် ဘုရားသခင်ကို ပြစ်မှားနေခြင်းဖြစ်တယ်။ အဲဒီအပြစ်တွေကို ဝန်ခံသင့်သလား။
ဘယ်သူ့ဆီမှာ အပြစ်ကို ဝန်ခံရမလဲ
ဘုရားသခင်ကို ပြစ်မှားတဲ့အပြစ်တွေကို ခွင့်လွှတ်ဖို့ လူတွေကို အခွင့်အာဏာမပေးထားဘူး။ ဘုရားသခင်တစ်ပါးတည်းသာ အပြစ်တွေကို ခွင့်လွှတ်နိုင်တယ်။ သမ္မာကျမ်းစာက ဒီလိုရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်– “ဘုရားသခင်သည် သစ္စာရှိ၍ ဖြောင့်မတ်တော်မူသောကြောင့် ငါတို့သည် အပြစ်များကို ဝန်ခံလျှင် ကိုယ်တော် ခွင့်လွှတ်ပြီး မတရားမှုရှိသမျှတို့မှ ငါတို့ကို သန့်စင်စေတော်မူမည်။” (၁ ယောဟန် ၁:၉) ဒါပေမဲ့ ကြီးလေးတဲ့အပြစ်တွေကို ဘယ်သူ့ဆီမှာ ဝန်ခံရမလဲ။
ဘုရားသခင်တစ်ပါးတည်းသာ ခွင့်လွှတ်နိုင်တဲ့အတွက် ကိုယ်တော်ထံ အပြစ်ကိုဝန်ခံရမှာဖြစ်တယ်။ ကျွန်ုပ်တို့ သိခဲ့ရတဲ့အတိုင်း ဒါဝိဒ်လည်း အဲဒီလိုပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ ဘယ်အရာပေါ် အခြေပြုပြီး ခွင့်လွှတ်ခံရမှာလဲ။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ထို့ကြောင့် သင်တို့၏အပြစ်များကို ပယ်ဖျက်စေလိုလျှင် နောင်တရ၍ ပြောင်းလဲကြလော့။ သို့ပြုလျှင် ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်ထံမှ လန်းဆန်းစေသောအချိန်ကာလရောက်လာမည်။’ (တမန်တော် ၃:၁၉) ကိုယ့်ရဲ့လုပ်ရပ် မှားသွားပြီဆိုတာကို အသိအမှတ်ပြုပြီး အပြစ်ကိုဝန်ခံရမယ့်အပြင် မှားယွင်းတဲ့လမ်းစဉ်ကို လိုလိုလားလား စွန့်လွှတ်လိုက်မှ ခွင့်လွှတ်ခံရမှာဖြစ်တယ်။ နောက်ထပ်လုပ်ရမယ့်အရာတစ်ခုကတော့ လုပ်ရခက်လိမ့်မယ်။ ဒါပေမဲ့ အကူအညီရနိုင်ပါတယ်။
စောစောက ဖော်ပြခဲ့တဲ့ တပည့်ဖြစ်သူ ယာကုပ်ရဲ့ စကားကို ပြန်သတိရပါ။ ယာကုပ် ဒီလိုပြောခဲ့တယ်– “အချင်းချင်း မိမိအပြစ်ကို ဖော်ပြဝန်ခံကြလော့။ အချင်းချင်းအတွက် ဆုတောင်းပေးကြလော့။ သို့မှသာ သင်တို့သည် ကျန်းမာလာကြလိမ့်မည်။” ယာကုပ်က ဒီလိုဆက်ပြောသေးတယ်- “ဖြောင့်မတ်သောသူ၏ တိုးလျှိုးအသနားခံချက်သည် အလွန်တန်ခိုးပါ၍ အကျိုးသက်ရောက်မှုရှိ၏။” (ယာကုပ် ၅:၁၆) “ဖြောင့်မတ်သောသူ” ဆိုတာ အခန်းငယ် ၁၄ မှာ ယာကုပ်ရည်ညွှန်းထားတဲ့ “အသင်းတော်ရှိ အသက်ကြီးသူများ” ထဲက တစ်ယောက်ယောက်ဖြစ်နိုင်တယ်။ ဘုရားသခင့်ခွင့်လွှတ်မှု ရချင်တဲ့သူတွေကို ကူညီပေးဖို့ ခရစ်ယာန်အသင်းတော်မှာ “အသက်ကြီးသူများ” ဒါမှမဟုတ် ပါရမီရင့်ကျက်တဲ့ အကြီးအကဲတွေရှိတယ်။ ဘုရားသခင်အပေါ် ပြစ်မှားသူတွေကို အပြစ်လွှတ်ပိုင်ခွင့် လူတွေမှာမရှိတဲ့အတွက် အဲဒီ “အသက်ကြီးသူများ” ကအပြစ်ကို မဖြေလွှတ်ပေးနိုင်ဘူး။ * ဒါပေမဲ့ ကြီးလေးတဲ့အပြစ်ပြုသူကို ဆုံးမပြီး ပြန်လည်တည့်မတ်ပေးဖို့ သူတို့မှာ အရည်အချင်းရှိကြတယ်။ အပြစ်ပြုသူကို သူ့အပြစ်ဘယ်လောက်ကြီးတယ်ဆိုတာ သိမြင်လာစေပြီး နောင်တယူဖို့ သူတို့ ကူညီပေးနိုင်ကြတယ်။—ဂလာတိ ၆:၁။
ဘာကြောင့် အပြစ်ဝန်ခံရတာလဲ
အပြစ်ကြီးကြီးငယ်ငယ် ကျူးလွန်တဲ့သူဟာ လူသားချင်းနဲ့ရော၊ ဘုရားသခင်နဲ့ရော ဆက်ဆံရေး ပျက်ပြားသွားပြီ။ ဒါကြောင့် သူ့ခမျာ စိတ်သောကရောက်နေနိုင်တယ်၊ စိုးရိမ်ပူပန်မှုတွေ ခံစားရနိုင်တယ်။ ဒီလိုခံစားချက်ဝင်လာတာက ဘုရားသခင်ပေးထားတဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်ကြောင့်ဖြစ်တယ်။ (ရောမ ၂:၁၄၊ ၁၅) အဲဒီအခါ ဘာပြုလုပ်နိုင်သလဲ။
ယာကုပ်ရေးခဲ့တဲ့စာကို ပြန်ဖတ်ကြည့်ပါဦး။ ဒီလိုအားပေးထားတာကို တွေ့ရမယ်– ‘သင်တို့တွင် ဖျားနာနေ [ဘုရားသခင်နှင့် ဆက်ဆံရေးပျက်ပြား] သူ တစ်စုံတစ်ဦးရှိသလော။ ထိုသူသည် အသင်းတော်ရှိ အသက်ကြီးသူများကို ခေါ်ပါစေ။ သူတို့သည် ယေဟောဝါဘုရားသခင်၏ နာမတော်ဖြင့် သူ့ကို ဆီလိမ်းပေး၍ ဆုတောင်းပေးကြပါစေ။ သို့ပြုလျှင် ယုံကြည်ခြင်းဖြင့်တောင်းသော ဆုတောင်းချက်သည် လူနာကို ကျန်းမာစေ၍ ယေဟောဝါဘုရားသခင်သည် သူ့ကို ထစေတော်မူလိမ့်မည်။ ထို့ပြင် သူသည် အပြစ်ပြုခဲ့လျှင် ခွင့်လွှတ်ခံရလိမ့်မည်။’—ယာကုပ် ၅:၁၄၊ ၁၅။
အသက်ကြီးသူတွေဖြစ်တဲ့ အကြီးအကဲတွေဟာ ညီအစ်ကို၊ ညီအစ်မတွေရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးရတယ်။ ဘယ်လိုဂရုစိုက်ပေးကြသလဲ။ အပြစ်ဝန်ခံတာကို နားထောင်ပေးရုံပဲမဟုတ်ဘူး။ ပြစ်မှားသူက ဘုရားသခင်နဲ့ ဆက်ဆံရေးပျက်ပြားသွားတဲ့အတွက် ဆက်ဆံရေးပြန်ကောင်းလာအောင် တစ်ခုခု လုပ်ပေးဖို့လိုတယ်။ ယာကုပ်ဖော်ပြထားတဲ့အတိုင်း အချက်နှစ်ချက်ကို လုပ်ဆောင်ပေးနိုင်ပါတယ်။
ပထမအချက်က သူ့ကို “ဆီလိမ်းပေး” ဖို့ဖြစ်တယ်။ အဲဒါက သမ္မာကျမ်းစာရဲ့ ကုသပေးနိုင်တဲ့အစွမ်းကို ဆိုလိုတယ်။ ‘ဘုရားသခင်၏ တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏။ စိတ်နှလုံးအကြံအစည်များကို ပိုင်းခြားသိမြင်’ နိုင်တဲ့အတွက် လူတစ်ယောက်ရဲ့ အတွင်းစိတ်နှလုံးကို ထိုးဖောက်နိုင်တယ်လို့ တမန်တော်ပေါလုက ရှင်းပြခဲ့တယ်။ (ဟေဗြဲ ၄:၁၂) အသက်ကြီးသူတွေက ဘုရားသခင်နဲ့ဆက်ဆံရေး ပျက်ပြားသွားတဲ့သူကို သူ့အပြစ် သိမြင်လာအောင်၊ ဘုရားသခင်ရှေ့မှာ ကိစ္စရပ်တွေကို ပြုပြင်တည့်မတ်ဖို့ လုပ်ဆောင်ရမယ့်အချက်တွေ လုပ်ဆောင်လာအောင် သမ္မာကျမ်းစာကို ကျွမ်းကျင်စွာ အသုံးပြုပြီး အကူအညီပေးနိုင်တယ်။
ဒုတိယအချက်က “ယုံကြည်ခြင်းဖြင့်တောင်းသော ဆုတောင်းချက်” ဖြစ်တယ်။ အသက်ကြီးသူတွေရဲ့ ဆုတောင်းချက်က ဘုရားသခင်ရဲ့ တရားမျှတမှု ကျင့်သုံးပုံကို မပြောင်းလဲပေးနိုင်ပေမဲ့ အဲဒီဆုတောင်းချက်တွေက ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်အပေါ် အခြေပြုပြီး အပြစ်ကို ခွင့်လွှတ်ပေးလိုစိတ်ပြင်းပြတဲ့ ဘုရားသခင်အတွက် အရေးပါတယ်။ (၁ ယောဟန် ၂:၂) စိတ်ရင်းမှန်နဲ့ နောင်တယူပြီး “နောင်တနှင့် ထိုက်တန်သောအကျင့်” ကို ကျင့်တဲ့ အပြစ်ပြုသူကို ဘုရားသခင် ကူညီပေးဖို့ အသင့်ရှိတယ်။—တမန်တော် ၂၆:၂၀။
လူသားချင်းကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ပြစ်မှားခဲ့တဲ့ အပြစ်ကို ဝန်ခံရတဲ့ အဓိကအကြောင်းရင်းက ဘုရားသခင့်မျက်နှာသာကို ပြန်ရရှိစေဖို့ဖြစ်တယ်။ ကြည်လင်တဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်နဲ့ ဘုရားသခင်ကို ဝတ်ပြုနိုင်ဖို့ အရင်ဆုံး လူသားချင်းနဲ့ဖြစ်တဲ့ ပြဿနာကို ဖြေရှင်းပြီး သင့်မြတ်အောင် လုပ်ရမယ်လို့ ယေရှုခရစ်က မိန့်ဆိုခဲ့တယ်။ (မဿဲ ၅:၂၃၊ ၂၄) ကျမ်းစာမှာ ဒီလိုပြောထားတယ်– “မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကို ခံရလိမ့်မည်။” (သု. ၂၈:၁၃) ယေဟောဝါဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ခွင့်လွှတ်မှုကို တောင်းခံမယ်ဆိုရင် ဘုရားသခင့်မျက်နှာသာ ပြန်လည်ရရှိပြီး အချိန်တန်တဲ့အခါ ချီးမြှောက်ခံရပါလိမ့်မယ်။—၁ ပေတရု ၅:၆။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 ခရစ်ယာန်ဘုန်းတော်ကြီး၏ အခန်းကဏ္ဍကို ယောဟန် ၂၀:၂၂၊ ၂၃ တွင်ပါသည့် ယေရှု၏စကားက ထောက်ခံနေသည်ဟု တချို့က ရှုမြင်ကြသည်။ ဤအချက်နှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက ၁၉၉၆၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၈-၂၉ တွင်ကြည့်ပါ။
[စာမျက်နှာ ၂၃ ပါ အကျဉ်းဖော်ပြချက်]
ဘုရားသခင်ထံ ချဉ်းကပ်ပြီး ယေရှုနာမနဲ့ ဆုတောင်း မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ အပြစ်ကို ဘုရားသခင် ခွင့်လွှတ်ပေးမယ်
[စာမျက်နှာ ၂၄ ပါရုပ်ပုံ]
အပြစ်ကို ဝန်ခံရတဲ့ အဓိကအကြောင်းရင်းက ဘုရားသခင့်မျက်နှာသာကို ပြန်ရရှိစေဖို့ဖြစ်