မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးတွေကို ဘုရားသခင်အကြောင်း သင်ပေးနိုင်ပုံ—ဘယ်နည်းစနစ်က အထိရောက်ဆုံးလဲ

ကလေးတွေကို ဘုရားသခင်အကြောင်း သင်ပေးနိုင်ပုံ—ဘယ်နည်းစနစ်က အထိရောက်ဆုံးလဲ

ကလေးတွေကို ဘုရားသခင်အကြောင်း သင်ပေးနိုင်ပုံ—ဘယ်နည်းစနစ်က အထိရောက်ဆုံးလဲ

“ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကို ပြောရမည်။”—တရားဟောရာ ၆:၆၊ ၇

မိဘတွေဟာ ကလေးတွေကို လေ့ကျင့်ပေးရတဲ့တာဝန်ကြောင့် တစ်ခါတလေ စိတ်ဖိစီးရတယ်။ အကြံဉာဏ်တွေ ရှာဖွေတဲ့အခါမှာလည်း ကြားရ၊ ဖတ်ရတဲ့ အကြံပြုချက်အမျိုးမျိုးကြောင့် စိတ်ရှုပ်ထွေးရတယ်။ ဆွေမျိုးနဲ့ မိတ်ဆွေတွေကလည်း အလျင်စလို အကြံပေးကြမှာဖြစ်တယ်။ စာအုပ်တွေ၊ မဂ္ဂဇင်းဆောင်းပါးတွေနဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေမှာလည်း မိဘတွေအတွက် အကြံပြုချက်တွေ အများကြီး အဆက်မပြတ် ဖော်ပြပေးထားတယ်။ တစ်ခါတလေ အကြံပြုချက်တွေက တစ်ခုနဲ့တစ်ခု မတူကြဘူး။

ကျမ်းစာမှာတော့ မိဘတွေအတွက် သားသမီးတွေကို ဘာတွေ သွန်သင်ပေးရမယ်ဆိုတဲ့ ယုံကြည်စိတ်ချရတဲ့ အကြံဉာဏ်တွေအပြင် ဘယ်လို သွန်သင်ပေးရမယ်ဆိုတဲ့ လက်တွေ့ကျ လမ်းညွှန်ချက်တွေကိုလည်း ဖော်ပြပေးထားတယ်။ အထက်မှာ ဖော်ပြထားတဲ့ ကျမ်းစကားအရ မိဘတွေဟာ သားသမီးတွေကို ဘုရားသခင်အကြောင်း နေ့တိုင်း ပြောပြဖို့ နည်းလမ်းရှာရမှာဖြစ်တယ်။ သားသမီးတွေကို ဘုရားသခင်အကြောင်းသင်ပေးဖို့ မိဘထောင်ပေါင်းများစွာကို အောက်မှာ ဆွေးနွေးထားတဲ့ ကျမ်းစာအကြံပြုချက်လေးခုက ကူညီပေးခဲ့ပါပြီ။

၁။ ဖန်ဆင်းရာတွေကနေ သင်ပေးပါ။ ‘ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ဘုရားသခင့်အဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရည်အသွေးတော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာ သိမြင်ရ၏’ လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (ရောမ ၁:၂၀) ဘုရားသခင်ကို တကယ့်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကလေးတွေ သိမြင်လာအောင် မိဘတွေ များစွာ ကူညီပေးနိုင်ပါတယ်။ ဘယ်လိုကူညီပေးနိုင်သလဲဆိုရင် ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာတော်တွေကို ဂရုတစိုက် လေ့လာစူးစမ်းတတ်အောင်၊ ဖန်ဆင်းခြင်းလက်ရာတော်တွေမှာ ထင်ရှားပေါ်လွင်နေတဲ့ ဘုရားသခင်ရဲ့ အရည်အသွေးတော်တွေကို ပိုင်းခြားသိမြင်တတ်အောင် ကူညီပေးခြင်းအားဖြင့် ဖြစ်တယ်။

တပည့်တွေကို ယေရှုခရစ်သွန်သင်တဲ့အခါ အဲဒီနည်းကို အသုံးပြုခဲ့တယ်။ ဥပမာ၊ ကိုယ်တော် ဒီလိုမိန့်ဆိုခဲ့တယ်– “မိုးကောင်းကင်ငှက်များကို စေ့စေ့ဆင်ခြင်ကြလော့။ သူတို့သည် မျိုးစေ့ကြဲခြင်း၊ ရိတ်သိမ်းခြင်း၊ ကျီ၌စုသိမ်းခြင်းတို့ကို မပြုကြ။ သို့ရာတွင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် ထိုငှက်တို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် သာ၍မြတ်သည်မဟုတ်လော။” (မဿဲ ၆:၂၆) ဒီနေရာမှာ ဘုရားသခင်ရဲ့ အရည်အသွေးတော်တွေဖြစ်တဲ့ မေတ္တာနဲ့ သနားကြင်နာမှုကို ယေရှု အလေးပေး ဖော်ပြခဲ့ပါတယ်။ ဒီထက်မကလည်း ကိုယ်တော် ဖော်ပြခဲ့ပါသေးတယ်။ ဘုရားသခင်ဟာ မိမိရဲ့သားသမီးတွေအပေါ် အဲဒီအရည်အသွေးတွေ ဘယ်လိုဖော်ပြခဲ့တယ်ဆိုတာကို ကျိုးကြောင်းဆင်ခြင်ဖို့ တပည့်တွေကို ယေရှု ကူညီပေးခဲ့တယ်။

ဘုရားသခင်ဟာ ပုရွက်ဆိတ်လေးတွေကို ပင်ကိုအသိဉာဏ် ပေးထားတဲ့အကြောင်း ရှေးခေတ် အစ္စရေးဘုရင် ရှောလမုန်ဖော်ပြခဲ့တယ်။ အဲဒီသတ္တဝါလေးတွေကို အသုံးပြုပြီး အရေးကြီးတဲ့ သင်ခန်းစာတစ်ခုလည်း ပေးခဲ့တယ်။ “အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့သွား၍ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက် နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏” လို့ ရှောလမုန် ရေးခဲ့တယ်။ (သု. ၆:၆-၈) လက်တွေ့ကျပန်းတိုင်တွေ ချမှတ်ပြီး ဘုရားသခင်ပေးတဲ့ ခွန်အားကို အသုံးပြုပြီးတော့ အဲဒီပန်းတိုင်တွေဆီ အရောက်တက်လှမ်းခြင်းရဲ့ တန်ဖိုးကို သိရှိစေဖို့ အဲဒီနည်းက အရမ်းထိရောက်တယ် မဟုတ်ဘူးလား။

မိဘတွေဟာ အခုဖော်ပြထားတဲ့ အချက်တွေကို လုပ်ဆောင်ခြင်းအားဖြင့် ယေရှုနဲ့ ရှောလမုန်တို့ရဲ့ ထိရောက်တဲ့ သွန်သင်နည်းကို တုပရာကျတယ်။ (၁) ကလေးတွေကို ဘယ်အပင်တွေ၊ ဘယ်တိရစ္ဆာန်တွေကို စိတ်ဝင်စားသလဲလို့ မေးပါ။ (၂) အဲဒီအပင်တွေနဲ့ တိရစ္ဆာန်တွေအကြောင်း မိသားစုလိုက် ထပ်မံလေ့လာပါ။ (၃) အဲဒီဖန်ဆင်းရာတွေကနေ ဘုရားသခင်အကြောင်း သင်ယူစရာတွေ ထုတ်နုတ်ပါ။

၂။ သွန်သင်ခံရသူတွေအပေါ် ထားရှိတဲ့ ယေရှုရဲ့သဘောထားကို တုပပါ။ အသက်ရှင်ခဲ့သမျှ လူသားတွေထက် ယေရှုမှာ အရေးကြီးပြောစရာတွေ ရှိတယ်။ ဒါပေမဲ့ ကိုယ်တော်ဟာ မိမိရဲ့အချိန်အများစုကို မေးခွန်းတွေမေးရာမှာ အသုံးပြုခဲ့တယ်။ ယေရှုဟာ သူသွန်သင်ပေးတဲ့သူတွေရဲ့ ခံစားချက်တွေနဲ့ တွေးခေါ်ပုံတွေကို အလွန်စိတ်ဝင်စားခဲ့တယ်။ (မဿဲ ၁၇:၂၄၊ ၂၅; မာကု ၈:၂၇-၂၉) အဲဒီလိုပါပဲ၊ မိဘတွေမှာလည်း သားသမီးတွေကို သင်ပေးဖို့ အရေးကြီးတဲ့ သင်ခန်းစာတွေ ရှိပါတယ်။ ဒါပေမဲ့ ထိထိရောက်ရောက် သင်ပေးနိုင်ဖို့အတွက် မိဘတွေဟာ ယေရှုကို တုပဖို့လိုပြီး ကလေးတွေကို သူတို့ရဲ့ခံစားချက်တွေ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုလာအောင် အားပေးရမှာဖြစ်တယ်။

သားသမီးတွေရဲ့ အတွေးအခေါ် မှားနေမယ် ဒါမှမဟုတ် အရေးကြီးတဲ့ သင်ခန်းစာကို ချက်ချင်း မသင်ယူဘူးဆိုရင်ကော။ တမန်တော်တွေအပေါ်ထားရှိတဲ့ ယေရှုရဲ့ဆက်ဆံပုံကို သုံးသပ်ကြည့်ပါ။ တစ်ခါတလေ တမန်တော်တွေဟာ သူတို့အချင်းချင်းစပ်ကြားမှာ အကြီးအကျယ် အငြင်းပွားခဲ့ပြီး စိတ်နှိမ့်ချခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတွေကို ချက်ချင်း မခံယူခဲ့ကြပါဘူး။ ဒါပေမဲ့ ယေရှုဟာ သူတို့အပေါ် ဆက်စိတ်ရှည်ပြီး စိတ်နှိမ့်ချမှုရှိဖို့ လိုတယ်လို့ ထပ်ခါတလဲလဲ ပြောပြခဲ့တယ်။ (မာကု ၉:၃၃၊ ၃၄; လုကာ ၉:၄၆-၄၈; ၂၂:၂၄၊ ၂၅) ယေရှုကို တုပတဲ့ မိဘတွေဟာ သားသမီးတွေကို စိတ်ရှည်ရှည်နဲ့ ပြုပြင်တည့်မတ်ပေးကြမှာဖြစ်တယ်။ လိုအပ်တဲ့အခါတိုင်း အကြောင်းအရာရဲ့ အရေးကြီးမှုကို သားသမီးတွေ သဘောမပေါက်မချင်း အဲဒီအကြောင်းအရာကိုပဲ ထပ်ခါတလဲလဲ ပြောပြကြမှာဖြစ်တယ်။ *

၃။ အပြောနဲ့တင်မက အလုပ်နဲ့ပါ သင်ပေးပါ။ ရောမမြို့က ခရစ်ယာန်တွေကို တမန်တော်ပေါလုပေးခဲ့တဲ့ အကြံပြုချက်ကို မိဘတွေ လိုက်လျှောက်သင့်ပါတယ်။ သူတို့ဆီကို တမန်တော်ပေါလု ဒီလိုစာရေးခဲ့တယ်– “သူတစ်ပါးကို သွန်သင်လျက်ပင် ကိုယ့်ကိုယ်ကိုယ် မသွန်သင်သလော။ ‘မခိုးနှင့်’ ဟုတရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။”—ရောမ ၂:၂၁

အဲဒီအကြံပြုချက်က အရမ်းကို အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘတွေရဲ့အလုပ်က အပြောထက် ကလေးတွေအပေါ် ပိုပြီးသြဇာသက်ရောက်တယ်။ တကယ်ဆိုရင် ပြောတဲ့အတိုင်းလုပ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ မိဘတွေ သွန်သင်သမျှကို နားထောင်ဖို့ အကြောင်းပိုများပါတယ်။

၄။ ကလေးကို ငယ်ငယ်လေးကတည်းက စပြီးသွန်သင်ပေးပါ။ တမန်တော်ပေါလုနဲ့အတူတွဲပြီး ခရစ်ယာန်သာသနာပြုခဲ့တဲ့ တိမောသေဟာ သူ့ရဲ့ဝန်းကျင်အသိုင်းအဝိုင်းမှာ နာမည်ကောင်းရခဲ့တယ်။ (တမန်တော် ၁၆:၁၊ ၂) အဲလိုနာမည်ကောင်းရတဲ့ အကြောင်းရင်းတခုက သူဟာ “နို့စို့အရွယ်” ကစပြီး ‘သန့်ရှင်းသောကျမ်းစောင်’ တွေနဲ့ သွန်သင်ခံခဲ့ရလို့ပါပဲ။ တိမောသေရဲ့ အမေနဲ့အဘွားဟာ သူ့ကို ကျမ်းစာဖတ်ပြရုံတင်မကဘူး ကျမ်းစာမှာပါရှိတဲ့ အမှန်တရားတွေကို ကျိုးကြောင်းဆင်ခြင်ဖို့ ကူညီပေးခဲ့တယ်။—၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅

အကူအညီ ရရှိနိုင်တဲ့နေရာ

သားသမီးတွေကို ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားတွေ သွန်သင်ပေးနိုင်အောင် အထူးရည်ရွယ်ထားတဲ့ စာပေအတော်များများကို ယေဟောဝါသက်သေတွေ ထုတ်ဝေထားပါတယ်။ တချို့စာပေတွေကို ကလေးငယ်တွေအတွက် အထူးရည်ရွယ်ထားပါတယ်။ တချို့စာပေတွေကိုတော့ မိဘတွေနဲ့ ဆယ်ကျော်သက်တွေအကြား ဆက်သွယ်ရေးကောင်းရှိစေဖို့ ရည်ရွယ်ထားပါတယ်။ *

သားသမီးတွေကို ဘုရားသခင်အကြောင်း မသင်ပေးခင် မိဘတွေအနေနဲ့ ကလေးတွေ မေးလာနိုင်တဲ့ ခက်ခဲတဲ့ မေးခွန်းတချို့ရဲ့ အဖြေကို သိထားဖို့လိုပါတယ်။ ဥပမာ၊ ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲ။ ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ။ သေလွန်သူတွေ ဘယ်ရောက်သွားပြီလဲစတဲ့ မေးခွန်းတွေကို မိဘများ ဘယ်လိုအဖြေပေးကြမလဲ။ အဲဒီမေးခွန်းတွေအပြင် တခြားမေးခွန်းတွေရဲ့ အဖြေတွေကို မိဘများသိနိုင်အောင် ယေဟောဝါသက်သေတွေက ကူညီပေးချင်ပါတယ်။ အဲဒီအဖြေတွေကိုသိမှသာ သင်တို့နဲ့ သင်တို့ရဲ့မိသားစုဟာ ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ရရှိနိုင်ကြမှာဖြစ်တယ်။—ယာကုပ် ၄:၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 တရားဟောရာ ၆:၇ က “ကြိုးစား၍သွန်သင်” လို့ပြန်ဆိုထားတဲ့ ဟေဗြဲစကားလုံးဟာ အကြောင်းအရာတစ်ခုကို မကြာမကြာ ထပ်ပြောပြခြင်းဆိုတဲ့ သဘောဆောင်ပါတယ်။

^ အပိုဒ်၊ 15 ယေရှုခရစ်ရဲ့ သွန်သင်ချက်တွေကို အလေးပေးဖော်ပြထားတဲ့ ကြီးမြတ်သောဆရာထံမှ သင်ယူပါစာအုပ်နဲ့ ကျမ်းစာက အရေးကြီးတဲ့ သင်ခန်းစာတွေကို ရိုးရိုးရှင်းရှင်း ပြောပြထားတဲ့ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် ဆိုတဲ့စာအုပ်တွေကို အသုံးပြုပြီး ကလေးငယ်တွေကို သင်ပေးနိုင်ပါတယ်။ လူငယ်တွေကို သင်ပေးဖို့ လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၁ [မြန်မာ] နဲ့ အတွဲ ၂ [အင်္ဂလိပ်] စာအုပ်တွေကို အသုံးပြုနိုင်ပါတယ်။