မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှင်းဖုံးနေတဲ့ တောကန္တာရကြီးဆီသို့ အလည်တစ်ခေါက်

နှင်းဖုံးနေတဲ့ တောကန္တာရကြီးဆီသို့ အလည်တစ်ခေါက်

နော်ဝေးနိုင်ငံမှ စာတစ်စောင်

နှင်းဖုံးနေတဲ့ တောကန္တာရကြီးဆီသို့ အလည်တစ်ခေါက်

အချိန်ကတော့ ဆောင်းမနက်ခင်းလေးပါ။ ရာသီဥတု ဘယ်လိုများနေမလဲဆိုပြီး ကန့်လန့်ကာကို ကျွန်တော်တို့ ဖွင့်ကြည့်လိုက်တဲ့အခါ တိမ်ကင်းစင်နေတဲ့ မိုးကောင်းကင်ပြာကို တွေ့လိုက်ရတော့ အရမ်းကို စိတ်လှုပ်ရှားသွားကြတယ်။ အာတိတ်စက်ဝိုင်းမြောက်ဘက်က ဖီမာခ်စဗီဒါ ကုန်းပြင်မြင့်ကြီးမှာ ဟောပြောဖို့ သုံးရက်တာခရီးကို ထွက်လာကြတယ်။

နော်ဝေးနိုင်ငံရဲ့ ဆောင်းရာသီက အေးလွန်းတဲ့အတွက် မြောက်ပိုင်းတောကန္တာရကို သွားခါနီး ကျွန်တော်တို့ အရမ်းစိုးရိမ်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ခရီးမှာ ဒေသခံ ယေဟောဝါသက်သေ သုံးယောက် ပါလာလို့ တော်သေးတယ်။ ရှေ့မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို သူတို့သိထားတဲ့အတွက် ကျွန်တော်တို့ကို အကြံဉာဏ်ကောင်းပေးနိုင်တယ်လေ။

ဒီနေရာမှာ လမ်းတွေသိပ်မရှိဘူး။ သီးခြားကမ္ဘာလေးမှာ ရှိနေကြတဲ့သူတွေဆီ ရောက်ဖို့ နှင်းတောစီးယာဉ်နဲ့သွားတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် အဝတ်အစားတွေ၊ အစားအသောက်တွေ၊ ဓာတ်ဆီတွေကို နှင်းတောစီးယာဉ်တွေနဲ့ နောက်တွဲဝန်တင်ယာဉ်တွေပေါ် ကျွန်တော်တို့ တင်လိုက်ကြတယ်။ နှင်းတွေဖုံးနေတဲ့ တောင်ကုန်းပြင်မြင့်ကို ရှေ့မှာ လှမ်းမြင်နေရတယ်။ နေရောင်အောက်မှာ နှင်းစက်လေးတွေဟာ လင်းလက်နေတဲ့ စိန်ပွင့်လေးတွေနဲ့ တူလိုက်တာ။ မြင်ကွင်းက အရမ်းကိုလှတာပဲ။

ဖီမာခ်စဗီဒါကုန်းပြင်မြင့်မှာ တောရိုင်းတိရစ္ဆာန်တွေရှိတယ်။ ဝက်ဝံတွေလည်း နည်းနည်းပါးပါး ရှိတယ်။ ကျွန်တော်တို့ စိတ်အလှုပ်ရှားဆုံးက အဲဒါတွေကို တွေ့မြင်ရတာထက် ဒီသီးခြားကမ္ဘာလေးမှာ နေထိုင်တဲ့သူတွေဆီ ရောက်တော့မယ်ဆိုတာပဲ။ အထူးသဖြင့် ဆာမီဘာသာစကားပြော လူတချို့နဲ့ တွေ့ခါနီးအချိန်မှာပေါ့။ သူတို့က သမင်မွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးပြီး တောင်ပေါ်အိမ်ကလေးတွေမှာ အလုပ်လုပ်ကြတယ်။

ပထမဆုံးတောင်ပေါ်အိမ်ရဲ့ အပြင်ဘက်မှာ လူငယ်တချို့နဲ့ ကျွန်တော်တို့တွေ့ခဲ့ကြတယ်။ သူတို့က တောလမ်းကနေ နှင်းလျှောစီးပြီး ကျောင်းတက်ကြတာ။ ကျွန်တော်တို့ကိုတွေ့တော့ ဘာလုပ်ဖို့ လာကြတာလဲလို့ မေးတယ်။ ကျမ်းစာအကြောင်း ဟောဖို့လာတာပေါ့လို့ ရှင်းပြလိုက်တယ်။ ကျွန်တော်တို့ သွားခါနီးမှာ သူတို့ထဲက တစ်ယောက်က “အောင်မြင်ပါစေ” လို့ ဆန္ဒပြုပေးတယ်။ အဲဒီနောက် ရေခဲနေတဲ့ကန်တွေနဲ့ နှင်းတွေဖုံးနေတဲ့ တောကန္တာရကို နှင်းတောစီးယာဉ်တွေနဲ့ ကျွန်တော်တို့ ဖြတ်သွားကြတယ်။ သမင်အုပ်တစ်အုပ်ကို တွေ့များတွေ့ရမလား မသိဘူး။

အိမ်တစ်အိမ်နား ရောက်သွားတဲ့အခါ လူတစ်ယောက် ထွက်လာပြီး ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ သူက အဲဒီဒေသမှာ အခြေချနေထိုင်တာကြာပြီ။ ကျွန်တော်တို့ရဲ့ဝန်တင်ယာဉ် ပျက်နေတာကို သူမြင်တော့ စေတနာနဲ့ပြင်ပေးခဲ့တယ်။ သူ့အပြုအမူကြောင့် ကျွန်တော်တို့လည်း သက်သောင့်သက်သာ ဖြစ်သွားတယ်။ အဲဒီကလူတွေဟာ သုတ်သီးသုတ်ပျာမရှိဘဲ အေးအေးဆေးဆေး အလုပ်,လုပ်တတ်ကြတယ်။ ဝန်တင်ယာဉ် ပြင်ပေးပြီးတဲ့နောက် ကျွန်တော်တို့ သူ့ကို ကျေးဇူးတင်စကားဆိုခဲ့ကြတယ်။ ပြီးတော့ ဆင်းရဲခက်ခဲမှုကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုရသလဲဆိုတာကို ကျမ်းချက်တွေနဲ့ ရှင်းပြတဲ့အခါ သူစိတ်ဝင်တစားနဲ့ နားထောင်တယ်။ ကျွန်တော်တို့ မထွက်ခင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေ ပေးခဲ့တယ်။ အဲဒီအခါ သူက ပြုံးပြီး “ကျွန်တော့်ဆီ လာလည်တာ ကျေးဇူးတင်ပါတယ်” လို့ပြောတယ်။

နောက်ထပ်တစ်အိမ်၊ နှစ်အိမ် သွားလည်ပြီးတဲ့အခါ ညနေလည်း စောင်းသွားပြီ။ ဒါနဲ့ ကျွန်တော်တို့ ညအိပ်နားလို့ရမယ့် အိမ်ကိုသွားကြတယ်။ ရုတ်တရက်ဆိုသလို မြေခွေးတစ်ကောင်ကို မြင်လိုက်ရတယ်။ သူ့ရဲ့အနီရောင်အမွေးတွေက ဖြူဖွေးနေတဲ့ နှင်းတောထဲမှာ လှလိုက်တာ။ မြေခွေးက ခဏရပ်ပြီး ကျွန်တော်တို့ကို လှည့်ကြည့်တယ်။ ပြီးတော့ ထွက်သွားပါလေရော။ နှင်းတွေလည်း ကျလာပြီဆိုတော့ ကျွန်တော်တို့ ဘယ်ကိုသွားလို့ သွားနေမှန်းတောင် မမြင်ရတော့ဘူး။ နောက်ဆုံး အိမ်ကလေးတစ်လုံးကို မြင်လိုက်ရတော့မှ စိတ်အေးသွားတယ်။ အိမ်ထဲဝင်ပြီး မီးဖိုလိုက်တဲ့အခါ တဖြည်းဖြည်း နွေးလာတယ်။ မညီမညာတဲ့လမ်းမှာ ခရီးသွားရလို့ ကျွန်တော်တို့ ဖတ်ဖတ်ကိုမောနေပေမဲ့ ပျော်ကြပါတယ်။

မိုးလင်းလာတာလည်း မြန်လိုက်တာ။ နှင်းတောစီးယာဉ်ပေါ် ပစ္စည်းတွေ ပြန်တင်၊ မြေနိမ့်ပိုင်းကို ဆင်းပြီး မြစ်ကြမ်းပြင်အတိုင်း သွားတဲ့အခါ တောင်ကုန်းပြင်မြင့် နောက်တစ်ခုကို ရောက်သွားပြန်တယ်။ အဲဒီမှာ လူငယ်တစ်ယောက်နဲ့တွေ့တယ်။ သူ့ကို ကျမ်းစာထဲကနေ တည်ဆောက်မှုဖြစ်စေတဲ့ အချက်တချို့ ပြောပြကြတယ်။ ပြီးတော့ တောလမ်းကို ပြန်သွားနိုင်တဲ့ အလွယ်ဆုံးလမ်းကို သူပြပေးတယ်။

ကျွန်တော်တို့ လည်ပတ်မှုရဲ့ နောက်ဆုံးရက်ကို ရောက်လာပါပြီ။ စတက်ဘ်အာဒါလန် အမျိုးသားဥယျာဉ်ထဲ ကျွန်တော်တို့ ဝင်သွားတဲ့အခါ နေရောင်အောက်မှာ ပြိုးပြိုးပြက်ပြက် လင်းလက်နေတဲ့ နှင်းဖုံးတောင်တန်းတွေနဲ့အတူ အရမ်းလှတဲ့ ရှုခင်းကျယ်ကြီးကို လှမ်းမြင်လိုက်ရတယ်။ ကျွန်တော်တို့ရှေ့မှာ ဘွားခနဲ ပေါ်လာတာကတော့ သမင်အုပ်ကြီးတစ်အုပ်ပါ။ အဲဒီသမင်အုပ်ဟာ နှင်းတွေဖုံးနေတဲ့ သစ်ကပ်မှော်နဲ့ ရေညှိတွေကို သူတို့ရဲ့ ခွာတွေနဲ့ တူးဆွပြီး ငြိမ်ငြိမ်သက်သက် အစာစားနေကြတာပါ။ ခပ်လှမ်းလှမ်းမှာ ဆာမီဘာသာစကားပြော လူတစ်ယောက် နှင်းတောစီးယာဉ်ပေါ် ထိုင်နေတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့သမင်အုပ်ကို အေးအေးလူလူ စောင့်ကြည့်နေတာဖြစ်တယ်။ သူ့ရဲ့ခွေးကလည်း သမင်အုပ်ကို တစ်ကွဲတစ်ပြားစီမဖြစ်အောင် ဂရုစိုက်ကြည့်ပေးနေတယ်။ ကျွန်တော်တို့လာတာလည်း မြင်ရော၊ ကျွန်တော်တို့ဘက်လှည့်ပြီး နှာတရှုံ့ရှုံ့နဲ့ အနံ့ခံကြည့်တယ်။ ပြီးတော့ ချက်ချင်းပဲ သူ့အလုပ်သူ ပြန်လုပ်တယ်။ သမင်ကျောင်းတဲ့သူကို ကျမ်းစာအကြောင်း ပြောပြကြတယ်။ သူက ဖော်ဖော်ရွေရွေရှိတဲ့အတွက် ကျွန်တော်တို့ ပြောတာကို နားထောင်ပေးတယ်။

မိုင် ၂၀၀ ရှိတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့တွေ့ခဲ့တဲ့ လူတွေအကြောင်း အိမ်အပြန်လမ်းတစ်လျှောက် စဉ်းစားလာကြတယ်။ နှင်းဖုံးနေတဲ့ အဲဒီတောကန္တာရမှာရှိတဲ့ လူတွေဆီ အရောက်သွားပြီး ကျမ်းစာအကြောင်း နည်းနည်းပါးပါး ပြောပြရတာကို အခွင့်ထူးလို့ ကျွန်တော်တို့ ခံစားရပါတယ်။

[Picture Credit Line on page 15]

©Norway Post