မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

သင် သိပါသလား

သမ္မာကျမ်းစာကို ရေးသားတဲ့ခေတ်တုန်းက ကတ္တရာစေးကို အင်္ဂတေအဖြစ် ဘာကြောင့် အသုံးပြုခဲ့ကြတာလဲ။

ဗာဗုလုန်မျှော်စင် (ဘေဘယ်လ်ရဲတိုက်) ကို တည်ဆောက်ခဲ့တဲ့သူတွေဟာ “ကျောက်အစား အုတ်ကိုလည်းကောင်း၊ အင်္ဂတေအစား ကတ္တရာစေးကိုလည်းကောင်း” အသုံးပြုခဲ့တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—ကမ္ဘာဦး ၁၁:၃သမ။

ကတ္တရာစေးကို ရေနံကနေ သဘာဝအလျောက် ရရှိပြီး မက်ဆိုပိုတေးမီးယားဒေသ အတော်များများမှာ တွေ့ရှိရပါတယ်။ အဲဒီဒေသတွေမှာ ရေနံတွေဟာ ပျစ်ခဲတဲ့အရည်အနေနဲ့ မြေကြီးပေါ်ကို စိမ့်ထွက်လာတယ်။ ကျမ်းစာကို ရေးသားတဲ့ခေတ်ကတည်းက ကတ္တရာစေးကို အင်္ဂတေအဖြစ် အသုံးပြုနေပါပြီ။ “အဆောက်အအုံတွေကို အုတ်နဲ့ဆောက်လုပ်ရာမှာ” ကတ္တရာစေးဟာ အရမ်းကို အသုံးဝင်တယ်လို့ အကိုးအကားစာအုပ်တစ်အုပ်က ဖော်ပြတယ်။

မက်ဆိုပိုတေးမီးယားဒေသက ရှေးခေတ် ဥရမြို့မှာရှိတဲ့ ဇိဂရတ်မျှော်စင် အပျက်အယွင်းတွေကို မကြာသေးခင်က စာရေးဆရာတစ်ဦး သွားရောက်ကြည့်ရှုခဲ့တဲ့အကြောင်း မဂ္ဂဇင်း (Archaeology) တစ်စောင်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီလိုဖော်ပြထားပါတယ်– “အီရတ်နိုင်ငံတောင်ပိုင်းက ကျယ်ပြောတဲ့ ရေနံမြေကနေ ဦးဆုံးအသုံးပြုခဲ့တဲ့အရာက ကတ္တရာစေးဖြစ်ပါတယ်။ အဲဒီကတ္တရာစေးတွေကို မီးကျွမ်းနေတဲ့ အုတ်တွေကြားထဲမှာ ကနေ့ထက်ထိ တွေ့နေရတုန်းပါပဲ။ အခုချိန်မှာတော့ အဲဒီဒေသမှာ နိုင်ငံရေးပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းများစွာထဲက တစ်ခုက ကတ္တရာစေးကြောင့်ဖြစ်တယ်။ ရှေးခေတ်ဗာဗုလုန်ဒေသက ရွှံ့အုတ်တွေဟာ ကျိုးပဲ့လွယ်တဲ့အတွက် အဆောက်အအုံ ဆောက်လုပ်တဲ့အခါ၊ လမ်းခင်းတဲ့အခါ အုတ်တွေ ရေလုံပြီး ကြာရှည်ခံအောင် ကတ္တရာစေးကို အင်္ဂတေအဖြစ် အသုံးပြုခဲ့ကြတယ်။”

သမ္မာကျမ်းစာကို ရေးသားတဲ့ခေတ်တုန်းက စာရေးရာမှာ အသုံးပြုခဲ့တဲ့ စက္ကူက ဘာအမျိုးအစားလဲ။

အဲဒီမေးခွန်းပေါ်လာရတဲ့အကြောင်းက ကျမ်းရေးသူ ယောဟန် ဒီလိုဖော်ပြခဲ့လို့ပါ– “သင်တို့အား ငါရေးစရာအကြောင်း အများရှိသော်လည်း စက္ကူပေါ်၌ မင်နှင့်ရေးခြင်းငှာ အလိုမရှိ။”—၂ ယောဟန် ၁၂သမ္မာကျမ်း။

ဒီနေရာမှာ “စက္ကူ” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးက ဟားတပ်စ်ဖြစ်ပြီး ကျူပင်ကနေရတဲ့ စက္ကူကို ရည်ညွှန်းပါတယ်။ အဲဒီကျူပင်မျိုးက ရေမှာပေါက်ပါတယ်။ ကျူပင်ရဲ့ရိုးတံကနေ စာရေးစက္ကူ ပြုလုပ်တဲ့နည်းကို အကိုးအကားစာအုပ်တစ်အုပ်ထဲမှာ ဒီလိုဖော်ပြထားတယ်– “ဆယ်ပေလောက် ရှည်လျားတဲ့ ရိုးတံတွေကို အခွံနွှာ၊ အချပ်ပါးပါးလေးတွေအဖြစ် လှီးထုတ်ပြီး တစ်ခုနဲ့တစ်ခုကပ်သွားအောင် ကော်နဲ့ ကပ်လိုက်တယ်။ အဲဒီချပ်ပြားအပေါ် နောက်ထပ်ချပ်ပြားလေးတွေကို ကန့်လန့်ဖြတ်တင်၊ အဲဒီနောက် သစ်သားတူနဲ့ ရိုက်လိုက်ပြီး ချောမွတ်သွားအောင် လုပ်လိုက်တယ်။”

အီဂျစ်နိုင်ငံနဲ့ ပင်လယ်သေဒေသတစ်ဝိုက်မှာ ရှေးဟောင်းကျူစာမှတ်တမ်း အတော်များများကို ရှေးဟောင်းသုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီဒေသတွေမှာ တွေ့ရှိခဲ့တဲ့ ကျူကျမ်းစောင်တချို့ဟာ ယေရှုခေတ်က ဒါမှမဟုတ် ယေရှုခေတ်မတိုင်ခင်အချိန်က ဖြစ်တယ်။ အဲဒီကျူကျမ်းစောင်တွေဟာ တမန်တော်တွေကိုယ်တိုင် ရေးသားခဲ့တာဖြစ်နိုင်တယ်။

[Picture Credit Lines on page 11]

Spectrumphotofile/​photographersdirect.com

© FLPA/​David Hosking/​age fotostock