မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အံ့ဖွယ်အမှုတွေ တကယ်ဖြစ်နိုင်သလား—လူပြောအများဆုံး ကန့်ကွက်ချက်သုံးခု

အံ့ဖွယ်အမှုတွေ တကယ်ဖြစ်နိုင်သလား—လူပြောအများဆုံး ကန့်ကွက်ချက်သုံးခု

အံ့ဖွယ်အမှုတွေ တကယ်ဖြစ်နိုင်သလား—လူပြောအများဆုံး ကန့်ကွက်ချက်သုံးခု

ကန့်ကွက်ချက် ၁– အံ့ဖွယ်အမှုတွေဆိုတာ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သဘာဝတရားတွေကို ချိုးဖောက်လို့ပဲ။ သဘာဝတရားတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့သိနားလည်ထားရာက သဘာဝလောကမှာ ဖြစ်ပျက်နေတာတွေကို သိပ္ပံပညာရှင်တွေ လေ့လာမှတ်သားထားရာတွေအပေါ် အခြေခံပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့အသိပညာက ပြည့်စုံမှုမရှိတဲ့အတွက် သဘာဝ တရားတွေကို ကျွန်ုပ်တို့သိနားလည်မှုက အကန့်အသတ်ရှိနေပါတယ်။ (ယောဘ ၃၈:၄) သိပ္ပံပညာရှင်တစ်ယောက်ဟာ သဘာဝဖြစ်စဉ်တစ်ခုကို သူ့ဘဝတစ်ခုလုံးနစ်မြုပ်ပြီး လေ့လာတယ်။ ဒါပေမဲ့ ခြွင်းချက်တစ်ခု တွေ့လိုက်တဲ့အခါ သူနားလည်ထားတဲ့ သဘာဝဖြစ်စဉ်တစ်ခုလုံးကို ပြန်သုံးသပ်ရပါတယ်။ အနက်ရောင်ငန်းတစ်ကောင်ကို တွေ့လိုက်တာနဲ့ ငန်းမှန်ရင် အဖြူရောင်ဖြစ်ရမယ်ဆိုတဲ့ ယူဆချက်က မှားတယ်ဆိုတဲ့ စကားအတိုင်းပါပဲ။

မပြည့်စုံတဲ့အချက်အလက်အပေါ် အခြေပြုပြီး ကောက်ချက်ချဖို့ ဘယ်လောက်လွယ်ကူတယ်ဆိုတာ ဟာသဇာတ်လမ်းလေးတစ်ပုဒ်က ဖော်ပြပါတယ်။ ဇာတ်လမ်းကတော့ အတွေးအခေါ်ပညာရှင် ဂျွန်လော့ခ် (၁၆၃၂-၁၇၀၄) ပြောပြရာဖြစ်ပြီး ဒတ်ခ်ျလူမျိုး သံအမတ်တစ်ဦးနဲ့ စီယမ် (ယခု ထိုင်း) ဘုရင်တို့အကြောင်း ဖြစ်ပါတယ်။ သံအမတ်က သူ့ရဲ့ဟော်လန်နိုင်ငံအကြောင်း ဘုရင်ကို ပြောပြတဲ့အခါ တစ်ခါတလေ ဆင်တွေဟာ ရေပေါ်မှာ လမ်းလျှောက်တတ်ကြတယ် ဆိုတဲ့အကြောင်း ထည့်ပြောလိုက်တယ်။ အဲဒီအချက်ကို ဘုရင်က ပယ်ချခဲ့ပြီး သံအမတ်က သူ့ကို လာလိမ်နေတယ်လို့ ယူဆခဲ့တယ်။ တကယ်တော့ သံအမတ်က အဲဒီဘုရင် တစ်ခါမှ မကြုံဖူးတဲ့အရာတစ်ခုကို ပြောပြလိုက်တာ ဖြစ်တယ်။ ဘုရင်မသိတာက ရေဟာ အေးပြီး ခဲသွားတဲ့အခါ ဆင်တစ်ကောင်ရဲ့အလေးချိန်ကို ခံနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ ရေပေါ်မှာ ဆင်လမ်းလျှောက်နိုင်တယ်ဆိုတာက အချက်အလက်အားလုံးမရှိတဲ့ စီယမ်ဘုရင်အတွက်တော့ မဖြစ်နိုင်ပုံပေါက်နေတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ရာတွေက ကနေ့ခေတ်မှာ ဖြစ်မြောက်လာတာကို သုံးသပ်ကြည့်ပါ–

● ခရီးသည် ၈၀၀ ကျော်ကို တင်ဆောင်ထားတဲ့ လေယာဉ်တစ်စင်းက နယူးယောက်ကနေ စင်ကာပူကို မနားတမ်းပျံသန်းနိုင်တယ်။ သွားတဲ့နှုန်းကလည်း တစ်နာရီကို မိုင် ၅၆၀ နှုန်းနဲ့ ဖြစ်တယ်။

● နိုင်ငံအသီးသီးမှာရှိတဲ့သူတွေက တစ်နေရာရာမှာ စုဆုံစရာမလိုဘဲ တစ်ယောက်မျက်နှာကို တစ်ယောက်တွေ့နိုင်သလို အသံလည်း ကြားနိုင်တဲ့ ခေတ်မီနည်းပညာနဲ့ အစည်းအဝေး (Video conferences) လုပ်နိုင်ပါပြီ။

● သီချင်းထောင်ပေါင်းများစွာကို မီးခြစ်ဘူးထက်သေးတဲ့ ကိရိယာလေးထဲမှာ သိမ်းဆည်းထားနိုင်ပါပြီ။

● ခွဲစိတ်ဆရာဝန်တွေက နှလုံးနဲ့ တခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို အစားထိုးကုသပေးနိုင်ပါပြီ။

အဲဒီအချက်တွေကနေ ဆင်ခြင်တုံတရားနဲ့ညီတဲ့ ဘယ်ကောက်ချက်ကို ကျွန်ုပ်တို့ ချနိုင်ပါသလဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာတွေကို လူသားတွေက အကောင်အထည်ဖော်နိုင်တယ်ဆိုရင် စကြဝဠာကို ဖန်ဆင်းတဲ့ ဘုရားသခင်က ကျွန်ုပ်တို့အပြည့်အဝ နားမလည်တဲ့ ဒါမှမဟုတ် အခုအချိန်မှာ လိုက်မလုပ်နိုင်တဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကို ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ ဘုရားသခင်မှာ လုပ်ဆောင်နိုင်စွမ်း အပြည့်အဝရှိပါတယ်။ *ကမ္ဘာဦး ၁၈:၁၄; မဿဲ ၁၉:၂၆

ကန့်ကွက်ချက် ၂– လူတွေသက်ဝင်ယုံကြည်လာအောင် ကျမ်းစာက အံ့ဖွယ်ဖြစ်ရပ်တွေအပေါ်မှာပဲ အခြေပြုထားတယ်။ အံ့ဖွယ်ဖြစ်ရပ်အားလုံးကို ယုံပါလို့ ကျမ်းစာက မပြောပါဘူး။ တကယ်ဆိုရင် အံ့ဖွယ်ဖြစ်ရပ်တွေနဲ့ နိမိတ်လက္ခဏာတွေကို ချင့်ချိန်ပြီးမှယုံကြည်ပါ ဆိုပြီးတော့တောင် ကျမ်းစာက သတိပေးတယ်။ ရှင်းလင်းတဲ့ ဒီသတိပေးချက်ကို သုံးသပ်ကြည့်ပါ– ‘ထိုအဓမ္မလူ၏လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုအမျိုးမျိုး ဖြစ်လိမ့်မည်။’—၂ သက်သာလောနိတ် ၂:၉၊ ၁၀သမ္မာကျမ်း

ယေရှုခရစ် သတိပေးတဲ့အထဲမှာ လူများစွာက သူ့ရဲ့နောက်လိုက်တွေပါလို့ အခိုင်အမာပြောကြပေမဲ့ နောက်လိုက်စစ်တွေမဟုတ်ဘူး ဆိုတဲ့အချက်လည်း ပါတယ်။ တချို့က “သခင်၊ သခင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏နာမဖြင့် ပရောဖက်ပြုကြပြီမဟုတ်လော။ ကိုယ်တော်၏နာမဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်၏နာမဖြင့် များစွာသောတန်ခိုး [“အံ့သြဖွယ်အမှုအရာများ၊” ခမ] တို့ကို ပြပါပြီမဟုတ်လော” ဆိုပြီးတော့တောင် ကိုယ်တော့်ကို ပြောကြပါလိမ့်မယ်။ (မဿဲ ၇:၂၂) ဒါပေမဲ့ အဲဒီလိုလူတွေကို သူ့နောက်လိုက်တွေအဖြစ် အသိအမှတ်မပြုဘူးလို့ ယေရှုပြောခဲ့တယ်။ (မဿဲ ၇:၂၃) ရှင်းနေတာက အံ့ဖွယ်အမှုအားလုံးဟာ ဘုရားသခင်ဆီက မဟုတ်ဘူးဆိုတဲ့အချက်ကို ယေရှု သွန်သင်ပေးခဲ့တာပဲ။

ကိုယ့်ယုံကြည်ခြင်းကို အံ့ဖွယ်အမှုတွေအပေါ်မှာပဲ တည်ဆောက်မယ့်အစား သက်သေအထောက်အထားတွေအပေါ် ခိုင်မြဲစွာအခြေပြုဖို့ ဘုရားသခင် မိန့်ဆိုခဲ့တယ်။—ဟေဗြဲ ၁၁:၁

ဥပမာ၊ ကျမ်းစာပါ လူသိများအံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ယေရှုခရစ် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သုံးသပ်ကြည့်ပါ။ ယေရှုရှင်ပြန်ထမြောက်ပြီး နှစ်အနည်းငယ်အကြာမှာ ကောရိန္သုမြို့က ခရစ်ယာန်တချို့ဟာ ယေရှု တကယ် ရှင်ပြန်ထမြောက်ခဲ့ရဲ့လားဆိုပြီး သံသယဝင်ခဲ့ကြတယ်။ သူတို့ကို တမန်တော်ပေါလု ဘယ်လိုကူညီခဲ့သလဲ။ “ယုံကြည်ခြင်း ပိုခိုင်အောင် လုပ်ပါ” လို့ပဲ ပေါလု ပြောခဲ့ပါသလား။ မပြောခဲ့ပါဘူး။ ဘာအချက်အလက်တွေကို ပေါလုပြောခဲ့သလဲဆိုတာ သတိပြုကြည့်ပါ။ “ကိုယ်တော် [ယေရှု] သည် သင်္ဂြိုဟ်ခံရပြီးမှ ကျမ်းစာဆိုသည့်အတိုင်း သုံးရက်မြောက်သောနေ့တွင် ထမြောက်တော်မူကြောင်း ဖြစ်၏။ ကိုယ်တော်သည် ကေဖထံသို့လည်းကောင်း၊ ထို့နောက် တစ်ဆယ့်နှစ်ပါးတို့ထံသို့လည်းကောင်း ကိုယ်ကိုထင်ရှားပြတော်မူ၏။ ထို့နောက် ညီအစ်ကိုငါးရာကျော်တို့ရှေ့ တစ်ပြိုင်နက် ထင်ရှားပြတော်မူ၏။ ထိုသူတို့တွင် အများစုသည် ယခုတိုင်အောင် အသက်ရှင်ကြသေး၏။”—၁ ကောရိန္သု ၁၅:၄-၈

ယေရှုထမြောက်တဲ့ အံ့ဖွယ်ဖြစ်ရပ်ကို အဲဒီခရစ်ယာန်တွေ ယုံကြည်တာ မယုံကြည်တာက အရေးကြီးပါသလား။ ပေါလု ဒီလိုဆက်ပြောတယ်– “ခရစ်တော်သည် ထမြောက်ခြင်းမခံရလျှင် ငါတို့၏ဟောပြောခြင်းသည် အမှန်ပင် အချည်းနှီးဖြစ်၏။ ငါတို့၏ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်၏။” (၁ ကောရိန္သု ၁၅:၁၄) အဲဒီကျမ်းချက်ကိုကြည့်ရင် ပေါလုဟာ ယေရှုရှင်ပြန်ထမြောက်တဲ့ကိစ္စ မှန်သလား၊ မှားသလားဆိုတာနဲ့ပတ်သက်ပြီး အလေးအနက်ထားခဲ့တယ်ဆိုတာ သိသာတယ်။ ယေရှု တကယ်ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာ ပေါလုသိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အသက်ရှင်နေသေးတဲ့ ရာနဲ့ချီတဲ့မျက်မြင်သက်သေတွေကြောင့် ဖြစ်တယ်။ မျက်မြင်သက်သေတွေက သူတို့မြင်တွေ့ခဲ့ရာတွေကို မဟုတ်ဘူးလို့ ငြင်းမယ့်အစား ယေရှုအတွက် အသေခံဖို့တောင် ဝန်မလေးကြဘူး။—၁ ကောရိန္သု ၁၅:၁၇-၁၉

ကန့်ကွက်ချက် ၃– အံ့ဖွယ်ဖြစ်ရပ်တွေဆိုတာ သာမန် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ပညာမတတ်တဲ့လူတွေက နားလည်မှုလွဲနေတာပါ။ ကျမ်းစာမှာ ဖော်ပြထားတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေက ဘုရားသခင် ပါဝင်ပတ်သက်ခြင်းမရှိတဲ့ ရိုးရိုးသာမန်ဖြစ်ရပ်တွေပါဆိုပြီး တချို့ပညာရှင်တွေက ပြောကြတယ်။ သာမန်ဖြစ်ရပ်လို့ပြောရင် ကျမ်းစာမှတ်တမ်းတွေကို လူတွေပို ယုံကြည်လာနိုင်မယ်ဆိုပြီး သူတို့ယူဆကြတယ်။ အံ့ဖွယ်ဖြစ်ရပ်တချို့က ငလျင်၊ ကပ်ဘေးနဲ့ မြေပြိုတာလိုမျိုး သာမန်ဖြစ်စဉ်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီပညာရှင်တွေ လျစ်လျူရှုထားတဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ကျမ်းစာမှာဖော်ပြထားတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေရဲ့ အချိန်ကိုက်ဖြစ်ပျက်မှုပါပဲ။

ဥပမာ၊ အီဂျစ်ပြည်အပေါ် ဘုရားသခင် ကျရောက်စေတဲ့ ဦးဆုံးကပ်ဘေးနဲ့ပတ်သက်ပြီး တချို့က စောဒကတက်ကြတယ်။ နိုင်းလ်မြစ်ရေ သွေးအဖြစ် ပြောင်းသွားတာက တကယ်တမ်းကျတော့ အနီရောင်မြေဆီလွှာတွေက အနီရောင် ရေနေပိုးမွှားတွေနဲ့အတူ နိုင်းလ်မြစ်ထဲ ရောက်သွားလို့ပါဆိုပြီး ဆင်ခြေပေးကြတယ်။ ဒါပေမဲ့ ကျမ်းစာမှတ်တမ်းမှာ မြစ်ရေဟာ ရွှံ့အနီရောင်အဖြစ်မဟုတ်ဘဲ သွေးအဖြစ်ပြောင်းသွားတယ်လို့ ဖော်ပြထားတယ်။ ထွက်မြောက်ရာ ၇:၁၄-၂၁ ကိုဖတ်ကြည့်ရင် အဲဒီအံ့ဖွယ်ဖြစ်ရပ်က မောရှေရဲ့ ညွှန်ကြားချက်နဲ့ အာရုန်ဟာ သူ့တောင်ဝှေးနဲ့ နိုင်းလ်မြစ်ကို ရိုက်လိုက်တဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တယ်။ မြစ်ရေ အရောင်ပြောင်းသွားတာက သဘာဝဖြစ်ရပ်တစ်ခုကြောင့်လို့ ပြောရင်တောင်မှ မြစ်ကို အာရုန် တောင်ဝှေးနဲ့ ရိုက်လိုက်တဲ့အချိန်မှာပဲ အံကိုက်ဖြစ်သွားတာကိုက အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်မနေဘူးလား။

အံ့ဖွယ်ဖြစ်ရပ်တွေ အချိန်ကိုက်ဖြစ်တာနဲ့ပတ်သက်ပြီး နောက်ဥပမာတစ်ခုက ကတိထားရာပြည်ထဲကို အစ္စရေးလူမျိုးတွေ ဝင်ရောက်တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့အရာပါ။ အစ္စရေးလူတွေ သွားမယ့်လမ်းမှာ ရေတက်နေတဲ့ ဂျော်ဒန် (ယော်ဒန်) မြစ်ကြီးက အတားအဆီးဖြစ်နေတယ်။ ဘာဆက်ဖြစ်သလဲဆိုတာ ကျမ်းစာက ဒီလိုဖော်ပြတယ်– “ယော်ဒန်မြစ်ကို ဖြတ်ကူးရန် စခန်းမှထွက်ခွာလာကြသောအခါ ယဇ်ပုရောဟိတ်များသည် သူတို့ရှေ့က ပဋိညာဉ်သေတ္တာတော်ကို ပင့်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်များသည် မြစ်ထဲသို့ဆင်းမိသည်နှင့်တစ်ပြိုင်နက် ရေစီးရပ်တန့်၍ မြစ်ညာဘက် အတန်ကွာဝေးသောနေရာ၌ တည်ရှိသည့် ဇာရတန်မြို့အနီး အာဒံမြို့၌ ရေစုပုံလျက်ရှိလေသည်။” (ယောရှု ၃:၁၅၊ ၁၆ခမ) အဲဒီမြစ်ကြီး ရေစီးတန့်သွားတာက ငလျင်ကြောင့်လား ဒါမှမဟုတ် မြေပြိုလို့လား။ ကျမ်းစာမှတ်တမ်းက မဖော်ပြပါဘူး။ ဒါပေမဲ့ အဲဒီအံ့ဖွယ်ဖြစ်ရပ် ဖြစ်သွားတဲ့အချိန်ကတော့ အံ့ဩစရာကောင်းနေပါတယ်။ မြစ်ရေ ရပ်တန့်မယ်လို့ ယေဟောဝါဘုရားသခင် ပြောတဲ့အချိန်မှာပဲ အဲဒီအံ့ဖွယ်ဖြစ်ရပ် အတိအကျ ဖြစ်ပျက်ခဲ့ပါတယ်။—ယောရှု ၃:၇၊ ၈၊ ၁၃

ဒါဆိုရင် အဲဒီလို ဘုရားသခင်ပါဝင်ပတ်သက်ခဲ့တဲ့ အံ့ဖွယ်ဖြစ်ရပ်တွေ ရှိပါသေးသလား။ ရှိသေးတယ်လို့ ကျမ်းစာက ပြောပါတယ်။ ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေက ရိုးရိုးသာမန်ဖြစ်စဉ်တွေ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ဘဝမှာ မကြုံတွေ့ဖူးတာနဲ့ပဲ ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေ မဖြစ်နိုင်ဘူးလို့ပြောတာက ယုတ္တိရှိပါ့မလား။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ဘုရားသခင် တည်ရှိမှုနဲ့ပတ်သက်ပြီး သင် သံသယရှိတယ်ဆိုရင် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော နဲ့ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဆိုတဲ့စာစောင်တွေကို ကျေးဇူးပြု၍ ဖတ်ကြည့်ပါ။ ဒါမှမဟုတ် သင့်ကို ဒီမဂ္ဂဇင်းပေးတဲ့သူတွေကို ဆက်သွယ် မေးမြန်းကြည့်ပါ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်က လူတွေဟာ တစ်နာရီကို မိုင်ရာနဲ့ချီ ပျံသန်းသွားလာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ကြ