ကျမ်းစာခေတ်မှာ အသုံးပြုတဲ့ အလှကုန်ပစ္စည်းများ
အမျိုးသမီးတစ်ဦးဟာ ရေချိုးပြီးတဲ့နောက် သူ့တစ်ကိုယ်လုံးကို ဆီမွှေးလိမ်းကျံလိုက်ပါတယ်။ အဲဒီနောက် လှပတဲ့ ရောင်စုံဘူးကြီးတစ်ခုကို ဖွင့်လိုက်ပြီး အထဲက ဖန်၊ ဆင်စွယ်၊ ခရုခွံ၊ ကျောက်တွေနဲ့ လုပ်ထားတဲ့ ပုလင်းလေးတွေ၊ အိုးသေးသေးလေးတွေ၊ ဘူးလေးတွေကို ထုတ်လိုက်တယ်။ အဲဒီပစ္စည်းတွေထဲမှာ ဗာလစံ၊ ဖာလာ၊ သစ်ကြံပိုး၊ လောဗန်၊ ပျားရည်၊ မုရန်စတဲ့ အရာတွေနဲ့ ပြုလုပ်ထားတဲ့ သင်းပျံ့မွှေးကြိုင်တဲ့ ဆီမွှေးနဲ့ ရေမွှေးတွေ အမျိုးမျိုး ထည့်ထားတယ်။
အမျိုးသမီးဟာ အနုစိတ်ပုံဖော်ထားတဲ့ ဇွန်းလေးတွေ၊ ပန်းကန်ပြားလေးတွေနဲ့ ခွက်လေးတွေကို ဘူးကြီးထဲကနေ ထုတ်လိုက်တယ်။ အဲဒီနေ့မှာ သူလိမ်းမယ့် အလှပြင်ပစ္စည်းတွေကို ယူပြီး ရောလိုက်တယ်။ အဲဒီနောက် ကြေးမုံကို ကြည့်ပြီး ဂရုတစိုက်နဲ့ စနစ်တကျ အလှပြင်ပါတော့တယ်။
ရှေးအချိန်ကတည်းက အမျိုးသမီးတွေဟာ အလှပြင်တာကို ဝါသနာ ပါကြပုံရတယ်။ ရှေးခေတ် သင်္ချိုင်းဂူတွေပေါ်က ပန်းချီရုပ်ပုံတွေ၊ နံရံဆေးရေးပန်းချီတွေ၊ မှန်စီရွှေချရုပ်ပုံတွေကိုကြည့်ရင် ရှေးခေတ် မက်ဆိုပိုတေးမီးယားဒေသနဲ့ အီဂျစ်ပြည်က လူတွေဟာ အလှကုန်ပစ္စည်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြတယ်ဆိုတာ သိရှိရပါတယ်။ ရှေးခေတ်အီဂျစ် ပန်းချီပုံတွေထဲက အီဂျစ်အမျိုးသမီးတွေလိုပဲ မိတ်ကပ်ထူထူလိမ်းပြီး မျက်လုံးတွေကို ဗာဒံစေ့ပုံခြယ်သရတာကို ကနေ့ခေတ် ဖက်ရှင်ဝါသနာအိုးတချို့ အလွန်နှစ်သက်ကြတယ်။
ရှေးခေတ် အစ္စရေးအမျိုးသမီးတွေကော အလှကုန်ပစ္စည်းတွေကို အသုံးပြုခဲ့ကြပါသလား။ အသုံးပြုခဲ့တယ်ဆိုရင် ဘယ်လို အမျိုးအစားတွေကိုလဲ။ ဘာအမျိုးအစားတွေ အသုံးပြုခဲ့တယ်ဆိုတာ ပြောပြနိုင်ဖို့ ရှေးခေတ် အစ္စရေးပြည်မှာ သင်္ချိုင်းဂူပန်းချီရုပ်ပုံ၊ နံရံဆေးရေးပန်းချီတွေ မရှိပါဘူး။ ဒါပေမဲ့ ကျမ်းစာမှတ်တမ်းတချို့အပြင် ကျမ်းစာထဲမှာပါရှိတဲ့ တိုင်းပြည်တွေကနေ တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းအမျိုးမျိုးကို ကြည့်မယ်ဆိုရင် ကျမ်းစာခေတ်မှာ အသုံးပြုခဲ့တဲ့ အလှကုန်ပစ္စည်းတွေကို သိရှိနိုင်ပါတယ်။
အလှပြင်တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းများ
အလှကုန်တွေ၊ ရေမွှေးတွေ အသုံးပြုခဲ့တယ်ဆိုတာနဲ့ပတ်သက်တဲ့ အထောက်အထားတွေကို အစ္စရေးပြည်တစ်လျှောက်မှာ အမြောက်အမြား တူးဖော်ရရှိခဲ့ပါတယ်။ အလှပြင်ပစ္စည်းတွေကို ရောမွှေကြိတ်ချေဖို့ အသုံးပြုတဲ့ ကျောက်သားပန်းကန်လုံးတွေ ဒါမှမဟုတ် ပန်းကန်တွေ၊ မုန်လာဥပုံစံ ရေမွှေးပုလင်းတွေ၊ အသားလှဆီမွှေးထည့်ထားတဲ့ ကျောက်ဖြူဘူးတွေ၊ ပြောင်လက်နေတဲ့ လက်ကိုင်ပါ ကြေးမုံတွေကို တူးဖော်ရရှိခဲ့ပါတယ်။ ဆင်စွယ်နဲ့လုပ်ထားတဲ့ ဇွန်းလက်ကိုင်ရဲ့တစ်ဖက်မှာ ထန်းလက်ပုံ ထွင်းထုထားပြီး နောက်တစ်ဖက်မှာတော့ ချိုးငှက်တွေ ဝိုင်းနေတဲ့ အမျိုးသမီးရဲ့ဦးခေါင်းပုံ ထွင်းထားပါတယ်။
လှလှပပ ပုံဖော်ထားတဲ့ ခရုခွံ အလှကုန်ဘူးတွေကို လူကုံထံတွေကြားမှာ လူကြိုက်များပုံရတယ်။ အလှပြင်တဲ့အခါ အသုံးပြုတဲ့ ဇွန်းသေးသေးလေးတွေကို ဆင်စွယ် ဒါမှမဟုတ် သစ်သားနဲ့ ပြုလုပ်ထားပါတယ်။ မိန်းကလေးတွေ ရေကူးနေတဲ့ပုံနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ဒီဇိုင်းတွေ ထွင်းထားတဲ့ ဇွန်းတချို့ကိုလည်း အီဂျစ်ပြည်နဲ့ ခါနာန်ပြည်ဘက်တွေမှာ တွေ့ရှိရပါတယ်။ အဲဒီတွေ့ရှိချက်တွေအရ အဲဒီခေတ်မှာ အလှကုန်ပစ္စည်းတွေကို အသုံးပြုတတ်ကြတယ်ဆိုတာ သိရှိရပါတယ်။
မျက်လုံးခြယ်သခြင်း
သမ္မာကျမ်းစာထဲမှာ ယောဘသမီးတစ်ယောက်ရဲ့ နာမည်က “ကေရင်ဟပ္ပုတ် [“ကာရန်ဟက်ပက်၊” ကဘ]” ဖြစ်တယ်။ အဲဒီနာမည်ရဲ့ ဟီဘရူးအဓိပ္ပာယ်က “မျက်ဝန်းနက်ဆိုးဆေး ထည့်ထားတဲ့ ဦးချို” ဖြစ်တယ်။ အဲဒါက မျက်လုံးအလှခြယ်တဲ့ ကာချယ်ထည့်ထားတဲ့ ဘူးတစ်မျိုး ဖြစ်နိုင်ပါတယ်။ (ယောဘ ၄၂:၁၄) အဲဒီနာမည်က ယေဘုယျအားဖြင့် ယောဘသမီးရဲ့အလှကို ဖော်ကျူးထားတာဖြစ်နိုင်တဲ့အပြင် အဲဒီခေတ်မှာ အလှကုန် ပစ္စည်းတွေကို အသုံးပြုကြတယ်ဆိုတာကိုလည်း ဖော်ပြပုံရတယ်။
မျက်လုံး အလှခြယ်တာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဖော်ပြတဲ့အခါ နာမည်ဆိုးနဲ့ကျော်စောတဲ့ အမျိုးသမီးတွေကို အမြဲ ရည်ညွှန်းနေတာက စိတ်ဝင်စားစရာပဲ။ အဲဒီထဲမှာ မိဖုရားဆိုး ယေဇဗေလနဲ့ ပရောဖက် ယေရမိ၊ ယေဇကျေလတို့က ပြည့်တန်ဆာအဖြစ် ပုံဖော်ခဲ့တဲ့ သစ္စာမဲ့ဂျေရုဆလင်တို့ ပါဝင်ပါတယ်။ (၄ ဓမ္မရာဇဝင် ၉:၃၀။ ယေရမိ ၄:၃၀။ ယေဇကျေလ ၂၃:၄၀) မျက်လုံးခြယ်သတဲ့ ပစ္စည်းသေးသေးလေးတွေ ပါရှိတဲ့ ဖန်ဘူး ဒါမှမဟုတ် ကျောက်ဘူး တော်တော်များများကိုကြည့်ရင် အယူဖောက်ပြန်တဲ့ အစ္စရေးပြည်က မင်းကတော်နဲ့ လူကုံထံ အမျိုးသမီး တော်တော်များများဟာ အိုင်းလိုင်နာအပါအဝင် တခြားအလှပြင်ပစ္စည်းတွေကို လွန်လွန်ကျွံကျွံ အသုံးပြုတတ်တဲ့ အလေ့အထ ရှိတယ်ဆိုတာ ထင်ရှားပါတယ်။
ဝတ်ပြုရေးမှာ ဒါမှမဟုတ် နေ့စဉ်ဘဝမှာ အသုံးပြုတဲ့ ဆီမွှေး
ရှေးခေတ်အစ္စရေးပြည်မှာ သံလွင်ဆီမွှေးကို ထုတ်လုပ်အသုံးပြုလာခဲ့တာ ကြာပါပြီ။ ဝတ်ပြုရာအိမ်တော်မှာ ယဇ်ပုရောဟိတ်တွေ အသုံးပြုတဲ့ မြင့်မြတ်တဲ့ဆီမွှေး ပြုလုပ်တဲ့နည်းကို ထွက်မြောက်ရာကျမ်းထဲမှာ တွေ့ရှိရပါတယ်။ အဲဒီဆီမွှေးကို သစ်ကြံပိုးခေါက်၊ မုရန်၊ တခြားမွှေးကြိုင်တဲ့ သစ်စေးတွေနဲ့ ဖော်စပ်ထားပါတယ်။ (ထွက်မြောက်ရာ ၃၀:၂၂-၂၅) ခရစ်နှစ် ပထမရာစုက လို့ ယူဆရတဲ့ ဝတ်ပြုရာအိမ်တော်မှာ အသုံးပြုဖို့ ဆီမွှေးနဲ့ နံ့သာပေါင်းတွေ ထုတ်လုပ်တဲ့နေရာကို ဂျေရုဆလင်မြို့မှာ ရှေးဟောင်းသုတေသနပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်။ ဝတ်ပြုရာအိမ်တော်မှာ၊ နေ့စဉ်ဘဝမှာ အသုံးပြုတဲ့ ဆီမွှေးနဲ့ပတ်သက်ပြီး ကျမ်းစာရည်ညွှန်းချက် များစွာရှိပါတယ်။—၂ ရာဇဝင်ချုပ် ၁၆:၁၄။ လုကာ ၇:၃၇-၄၆။ ၂၃:၅၆။
အဲဒီဒေသမှာ ရေရှားပါးတဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်တဲ့အခါမှာလည်း ဆီမွှေးကို အသုံးပြုခဲ့ကြတယ်။ ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ အသားအရေကို ကာကွယ်ဖို့အပြင် အလှကုန်ပစ္စည်းအနေနဲ့လည်း ဆီမွှေးကို အသုံးပြုကြတယ်။ (ရုသ ၃:၃။ ၂ ဓမ္မရာဇဝင် ၁၂:၂၀) ဂျူးအပျိုစင် ဧသတာဟာ ဘုရင်အာရွှေရုရှေ့မှောက် မဝင်ခင် မုရန်ဆီမွှေးနဲ့ ခြောက်လ၊ ဗာလစံဆီမွှေးနဲ့ ခြောက်လ လိမ်းကျံပြီး နှိပ်နယ်ခံခဲ့ရတယ်။—ဧသတာ ၂:၁၂။
ရေမွှေး ဒါမှမဟုတ် ဆီမွှေးကို ရွှေငွေတွေလိုပဲ တန်ဖိုးထားကြပါတယ်။ ဘုရင်ရှောလမုန်ဆီ လာလည်ဖို့ ခရီးရှည်ထွက်လာတဲ့ ရှေဘမိဖုရား ယူဆောင်လာတဲ့ တန်ဖိုးရှိလက်ဆောင်ပစ္စည်းတွေထဲမှာ ရွှေ၊ အဖိုးထိုက်ကျောက်မျက်ရတနာတွေနဲ့ ဗာလစံဆီမွှေးတွေ ပါဝင်တယ်။ (၃ ဓမ္မရာဇဝင် ၁၀:၂၊ ၁၀) ဘုရင်ဟေဇကိဟာ ဗာဗုလုန်သံတမန်တွေကို ဘဏ္ဍာတိုက်ထဲခေါ်သွားတဲ့အခါ ‘ဗာလစံဆီမွှေး၊ အကောင်းစားဆီမွှေး’ တွေကို နန်းတွင်းရတနာတွေ၊ လက်နက်တိုက်တစ်ခုလုံးနဲ့တွဲပြီး ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြခဲ့တယ်။—ဟေရှာယ ၃၉:၁၊ ၂။
ပန်းအမျိုးမျိုး၊ သစ်သီးတွေ၊ သစ်ရွက်တွေ၊ သစ်ခေါက်တွေကနေ ရေမွှေး ဒါမှမဟုတ် ဆီမွှေး အနည်းငယ်ကိုပဲ ထုတ်လုပ်နိုင်ပါတယ်။ သစ်မွှေး၊ ဗာလစံ၊ ဗာလစံသစ်စေး၊ ကြိမ်မွှေး၊ ကေးရှား၊ သစ်ကြံပိုး၊ လောဗန်၊ မုရန်၊ ကုံကုမံနဲ့ နံ့သာဆီလိုမျိုး မွှေးကြိုင်တဲ့အပင် တော်တော်များများကို သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ တချို့သောအပင်တွေက ဒေသထွက်ဖြစ်ပြီး တချို့ကတော့ ဂျော်ဒန်ချိုင့်ဝှမ်းမှာ ပေါက်ရောက်ပါတယ်။ တချို့ကိုတော့ အိန္ဒိယ၊ အာရေဗျနဲ့ တခြားဒေသတွေက နာမည်ကြီးအမွှေးအကြိုင် ကုန်သွယ်ရေးလမ်းကြောင်းတွေ ကနေတစ်ဆင့် တင်သွင်းလာပါတယ်။
ထူးခြားတဲ့ ဗာလစံဆီမွှေး
အထက်မှာ ဖော်ပြထားတဲ့အတိုင်း မိဖုရားဧသတာ၊ ရှေဘမိဖုရား၊ ဘုရင်ဟေဇကိနဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းတွေမှာ ဗာလစံဆီမွှေးအကြောင်း ပါရှိတယ်။ ၁၉၈၈ ခုနှစ်မှာ ပင်လယ်သေရဲ့ အနောက်ဘက်ကမ်းခြေ၊ ကွမ်ရန်အနားက ဂူတစ်ဂူထဲမှာ ဆီမွှေးဘူးလေးတစ်ခု တွေ့ရှိခဲ့တယ်။ စဉ်းစားစရာတွေ အများကြီး ပေါ်လာပါပြီ။ ဒီဘူးလေးက နောက်ဆုံးကျန်ရစ်ခဲ့တဲ့ နာမည်ကြီး ဗာလစံဆီမွှေး နမူနာပဲလား။ ဟုတ်မဟုတ်ဆိုတာကိုတော့ သုတေသနပညာရှင်တွေ အသေအချာ မသိပါဘူး။ ကနေ့အချိန်အထိ စိုက်ပျိုးရေးသမားတွေဟာ တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဗာလစံသစ်တောအုပ်တွေ ပြန်လည်ဖြစ်ထွန်းဖို့ ကြိုးစားနေကြပါတယ်။
ကျမ်းစာမှတ်တမ်းပါ ဗာလစံအပင်တွေကို အင်ဂေဒိတောတစ်ဝိုက်မှာ စိုက်ပျိုးခဲ့တယ်ဆိုတာကို အတည်ပြုဖို့ အထောက်အထားတွေ ရှိပုံရတယ်။ ရှေးဟောင်းပစ္စည်းတူးဖော်တဲ့ မြေနေရာတွေမှာ ခရစ်နှစ်မတိုင်မီ ခြောက်ရာစုက မီးဖိုတွေ၊ ကရားတွေ၊ သတ္တုတွေ၊ အရိုးတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီပစ္စည်းတွေက ရေမွှေးထုတ်လုပ်ဖို့အတွက် တခြားဒေသမှာ အသုံးပြုကြတဲ့ ပစ္စည်းတွေနဲ့ ဆင်တူတယ်။ ဗာလစံပင်ရဲ့ မူရင်းက အာရေဗျ ဒါမှမဟုတ် အာဖရိကဒေသ ဖြစ်နိုင်တယ်လို့ ပညာရှင်အများစုက ယူဆကြတယ်။ ဗာလစံဆီမွှေးကို အဲဒီအပင်ရဲ့ သစ်စေးကနေ ထုတ်လုပ်တယ်။ ဗာလစံပင် စိုက်ပျိုးထုတ်လုပ်တဲ့နည်းကို လျှို့ဝှက်ထားတဲ့အတွက် ဗာလစံဆီမွှေးက အလွန်တန်ဖိုးကြီးရခြင်း ဖြစ်ပါတယ်။
ဗာလစံကို နိုင်ငံရေး နည်းပရိယာယ်အနေနဲ့လည်း အသုံးပြုပါတယ်။ ဥပမာ၊ သမိုင်းပညာရှင် ဂျိုစီဖတ်စ်ရဲ့ အဆိုအရ၊ ရောမဗိုလ်ချုပ် မာ့ခ်အန်တိုနီဟာ အဖိုးထိုက်တဲ့ ဗာလစံသစ်တောအုပ် တစ်ခုလုံးကို ရရှိခဲ့ပြီး အီဂျစ်ဘုရင်မ ကလီယိုပါထရာကို လက်ဆောင်ပေးလိုက်တယ်။ ခရစ်နှစ် ပထမရာစုက ဂျူးစစ်ပွဲမှာ အောင်ပွဲရ ရောမတွေလက်ထဲ ဗာလစံအပင်တွေ မရောက်သွားအောင် အဲဒီအပင်တွေကို ဖျက်ဆီးပစ်ဖို့ ဂျူးတိုက်ခိုက်ရေးသမားတွေ ကြိုးပမ်းခဲ့ကြတယ်ဆိုပြီး ရောမသမိုင်းပညာရှင် ပလင်နီက ဖော်ပြခဲ့တယ်။
ကျမ်းစာရည်ညွှန်းချက်တွေနဲ့ ရှေးဟောင်းပစ္စည်း တူးဖော်တွေ့ရှိချက်တွေအရ ကျမ်းစာခေတ်က လူတွေဟာ အလှကုန်ပစ္စည်းတွေ အသုံးပြုခဲ့တယ်ဆိုတာကို တစ်စေ့တစ်စောင်း သိရှိရပါတယ်။ အလှကုန်ပစ္စည်းတွေနဲ့ တခြားအဆင်တန်ဆာတွေ အသုံးပြုတာကို သမ္မာကျမ်းစာက မတားမြစ်ပါဘူး။ အဲဒီအစား အလှကုန်ပစ္စည်းတွေကို တော်ရုံသင့်ရုံနဲ့ ချင့်ချင့်ချိန်ချိန် အသုံးပြုဖို့ အားပေးထားပါတယ်။ (၁ တိမောသေ ၂:၉) “ဘုရားသခင့်ရှေ့တော်၌ အလွန်အဖိုးထိုက်” တဲ့အရာက “နူးညံ့ငြိမ်သက်ခြင်းသဘော” ဖြစ်တယ်ဆိုတာကို တမန်တော်ပေတရုကလည်း ဖော်ပြခဲ့တယ်။ စတိုင်နဲ့ဖက်ရှင်တွေက အမြဲတမ်း ပြောင်းလဲနေတဲ့အတွက် အဲဒီကျမ်းစကားက စစ်မှန်တဲ့ခရစ်ယာန်အမျိုးသမီး ကြီးကြီးငယ်ငယ်အားလုံးအတွက် အလွန်ကောင်းတဲ့ အကြံပြုချက်ဖြစ်ပါတယ်။—၁ ပေတရု ၃:၃၊ ၄။