မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆုံးတော့ လွတ်လပ်မှု အစစ်အမှန်ကို ရှာတွေ့ပြီ

နောက်ဆုံးတော့ လွတ်လပ်မှု အစစ်အမှန်ကို ရှာတွေ့ပြီ

“နင်တို့ကို မေးမယ့်သူ ဘယ်သူမှမရှိဘူး။ ဒီမှာပဲ နေကြပေတော့” လို့ ထောင်အရာရှိက ပြောပြီး ဟားတိုက်ရယ်ခဲ့တယ်။ အလုပ်ကြိုးစားပြီး အေးအေးဆေးဆေး နေတတ်တဲ့ ကျွန်မတို့မိသားစုဟာ ဒုတိယကမ္ဘာစစ်အပြီး ငါးနှစ်လောက်အကြာ ၁၉၅၀ ပြည့်နှစ်မှာ မြောက်ကိုရီးယား ထောင်ကို ဘယ်လိုရောက်သွားတာလဲ။

မွေးစာရင်းအရ ၁၉၂၄ ခုနှစ်မှာ ကျွန်မကို မွေးဖွားခဲ့တယ်။ ကျွန်မရဲ့ မွေးရပ်မြေဟာ တရုတ်နယ်စပ်အနား၊ ရုရှားအရှေ့ဖျားက ရှမာကာ့ဗ်ကာ ရွာကလေးဖြစ်ပါတယ်။

ရုရှားအရှေ့ဖျားက ကျွန်မရဲ့ မွေးရပ်မြေဖြစ်တဲ့ ပရီမိုရ်စကီ ကရေး၊ ရှမာကာ့ဗ်ကာရွာ

တစ်နေ့ကျတော့ ကျွန်မရဲ့အဖေနဲ့ အစ်ကိုတွေကို ဓားပြတွေ ဖမ်းသွားပြီးတဲ့နောက် သူတို့ကို ပြန်မတွေ့ရတော့ဘူး။ ကလေးတစ်ပြုံကြီးနဲ့ ကျန်ရစ်ခဲ့တဲ့ အမေဟာ ကျွန်မတို့ကလေးတွေကို ရှာမကျွေးနိုင်တော့ဘူး။ အိမ်နီးချင်းတစ်ယောက်က ကျွန်မတို့ကို မိခင်စွန့်ပစ်ထားတဲ့ ကလေးတွေလို့ ပြောပြီး ရုရှားသြသဒေါက်စ် မိဘမဲ့ဂေဟာကို ပို့ပေးမယ်လို့ အမေ့ကို ပြောတယ်။

ကျွန်မအပါအဝင် ကလေးတွေကို အမေ ရှာမကျွေးနိုင်ဘူးဆိုရင် ငတ်ပြီး သေရတော့မှာမို့လို့ ဒီအစီအစဉ်ကို အမေ သဘောတူခဲ့တယ်။ အခု ကျွန်မအသက်က ၈၅ နှစ်ကျော်နေပါပြီ။ ကျွန်မတို့ကို မိဘမဲ့ဂေဟာဆီ အမေပို့ပေးခဲ့တာကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ အသက်ဆက်ရှင်ခဲ့ရတာပေါ့။ ဒါပေမဲ့ ကျွန်မတို့ကို မိဘမဲ့ဂေဟာဆီ အမေပို့လိုက်တဲ့အတွက် ကျွန်မ ဝမ်းနည်းနေတုန်းပါပဲ။

၁၉၄၁ ခုနှစ်မှာ အီဗင်နဲ့ ကျွန်မ လက်ထပ်ခဲ့

၁၉၄၁ ခုနှစ်မှာ ရုရှားအမျိုးသား အီဗင်နဲ့ ကျွန်မ လက်ထပ်ပြီး ကိုရီးယားကို ပြောင်းသွားတယ်။ ၁၉၄၂ ခုနှစ်ရောက်တော့ သမီးကြီး အိုလီယာကို ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တယ်။ သားကြီး ကိုလီယာကိုတော့ ၁၉၄၅ ခုနှစ်၊ သားငယ် ဂျိုယာကို ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ ကျွန်မခင်ပွန်းက ကုန်စုံဆိုင်ဖွင့်ထားပြီး ကျွန်မကတော့ စက်ချုပ်တယ်။ အဲဒီတုန်းက ဆိုးလ်မြို့ကို ဂျပန်တွေ သိမ်းပိုက်ထားတဲ့အတွက် ကလေးတွေက ရုရှားစကားရော ဂျပန်စကားပါ ပြောတတ်ကြတယ်။ ၁၉၅၀ ပြည့်နှစ်အထိ ဆိုးလ်မြို့မှာရှိတဲ့ ဆိုဗီယက်၊ အမေရိကန်၊ ကိုရီးယားလူတွေကြားမှာ အေးအေးချမ်းချမ်း ရှိနေပုံရခဲ့တယ်။ သူတို့အားလုံးက ကျွန်မတို့ရဲ့ ကုန်စုံဆိုင်မှာ လာဝယ်နေကျ ဖောက်သည်တွေချည်းပဲ။

မြောက်ကိုရီးယားက ဝင်ရောက်သိမ်းပိုက်ခဲ့

လျှပ်တစ်ပြက် မိုးချုန်းလိုက်သလိုပဲ ၁၉၅၀ ပြည့်နှစ်မှာ အရာရာ ပြောင်းလဲသွားတယ်။ မြောက်ကိုရီးယားစစ်တပ်က ဆိုးလ်မြို့ကို ဝင်ရောက်သိမ်းပိုက်လိုက်တယ်။ ကျွန်မတို့ ထွက်မပြေးနိုင်တဲ့အတွက် တခြားတိုင်းတစ်ပါးသားတွေနဲ့အတူ အဖမ်းခံလိုက်ရတယ်။ သုံးနှစ်ခွဲအထိ စစ်သုံ့ပန်းတွေဖြစ်ကြတဲ့ ဗြိတိသျှ၊ ရုရှား၊ အမေရိကန်၊ ပြင်သစ်တွေနဲ့အတူ ကျွန်မတို့ဟာ မြောက်ကိုရီးယားတစ်ခွင် သွားလာခဲ့ရတယ်။ အမိုးအကာရှိတဲ့ နေရာတိုင်းမှာ ကျွန်မတို့ကို နေခိုင်းတယ်၊ ကျွန်မတို့မှာ ဗုံးဆန်စာမမိအောင် မနည်းကြိုးစား ရှောင်ခဲ့ရတယ်။

မီးလင်းဖိုရှိတဲ့အိမ်တွေမှာ ကျွန်မတို့ နေခဲ့ရပြီး အစားအသောက် အလုံအလောက်ရရှိခဲ့တဲ့ အဖြစ်မျိုးနဲ့လည်း ကြုံခဲ့ဖူးပါတယ်။ အများအားဖြင့်တော့ နှံစားပြောင်းတွေပဲ စားခဲ့ရပြီး အေးစက်နေတဲ့ အိမ်အိုကြီးတွေထဲမှာ အိပ်ခဲ့ရတယ်။ ကျွန်မတို့အုပ်စုထဲက အတော်များများဟာ အာဟာရချို့တဲ့ပြီး ဂရုစိုက်မခံရတဲ့အတွက် သေဆုံးသွားကြတယ်။ ကျွန်မကလေးတွေ ဒုက္ခခံရတာကိုကြည့်ပြီး အရမ်းကြေကွဲရတယ်။ အဲဒီနှစ်မှာ မြောက်ကိုရီးယားမှာ ဆောင်းဝင်တာ အရမ်းစောတယ်။ တစ်ညလုံး မီးပုံဘေးနားမှာ ထိုင်၊ ကျောက်တုံးတွေကို အပူပေးပြီး ကလေးတွေ အနွေးဓာတ်ရအောင် အိပ်ရာအောက်မှာ ထားပေးခဲ့ရတာကို ကျွန်မ မှတ်မိသေးတယ်။

အအေးလျော့သွားတဲ့အချိန်မှာ ကိုရီးယားရွာသားတချို့က အလေ့ကျပေါက်တဲ့ အပင်တွေထဲက ဘယ်အပင်တွေ စားလို့ရတယ်ဆိုပြီး ကျွန်မတို့ကို သင်ပေးတယ်။ စားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဘယ်ရီသီးတွေ၊ စပျစ်သီးတွေ၊ မှိုတွေကို ကျွန်မတို့ ရှာဖွေစားသောက်ခဲ့ရတယ်။ ရွာသားတွေက ကျွန်မတို့ကို မမုန်းတဲ့အပြင် ဆင်းရဲဒုက္ခရောက်နေတာကို ကြည့်ပြီး သနားတောင် သနားကြတယ်။ ဖားတွေ ဘယ်လိုဖမ်းပြီး ချက်ပြုတ်စားသောက်ရမယ်ဆိုတာကိုလည်း သင်ယူခဲ့တယ်။ ကလေးတွေက ဖားသားစားချင်လို့ တစ်ချိန်လုံး ပူဆာနေတာကို ကျွန်မကြားရတော့ စိတ်ထိခိုက်ခဲ့ရတယ်။

အောက်တိုဘာလမှာ မန်ဖိုမြို့ကို ဆက်သွားဖို့ ကျွန်မတို့ကို အမိန့်ပေးတယ်။ ဖျားနေတဲ့သူတွေနဲ့ ကလေးတွေအတွက် နွားလှည်းတွေ စီစဉ်ထားတယ်ဆိုပြီး ကျွန်မတို့ကို ပြောပြတယ်။ အိုလီယာနဲ့ သူ့အဖေက ခြေကျင်လျှောက်တဲ့အဖွဲ့နဲ့ ပါသွားတယ်။ ကလေးတွေနဲ့ ကျွန်မက ရက်ပေါင်းများစွာ စိုးရိမ်တကြီးနဲ့ နွားလှည်းတွေကို စောင့်နေတယ်။ နောက်ဆုံးတော့ နွားလှည်းတွေ ရောက်လာပါတယ်။

ဖျားနေတဲ့ ထောင်သားတွေကို နွားလှည်းတွေပေါ်မှာ ကောက်နှံတွေကို စုပုံပြီး တင်ထားသလိုမျိုး အပြုံလိုက်တင်ထားကြတယ်။ တကယ့်ကို မကြည့်ရက်စရာ မြင်ကွင်းပါပဲ။ သားလေး ဇိုရာကို ကျောပိုးပြီး ကိုလီယာကို လှည်းပေါ်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ သားက “မေမေ၊ မေမေ၊ သားလည်း လမ်းလျှောက်ချင်တယ်၊ သားကို မထားခဲ့ပါနဲ့” လို့ ငိုယိုပြီး ပြောရှာတယ်။

ဒါနဲ့ သားကြီး ကိုလီယာက ကျွန်မရဲ့စကတ်ကိုဆွဲပြီး နောက်ကနေ တရွတ်တိုက် လိုက်လာရှာတယ်။ ရက်ပေါင်းများစွာကြာပြီး ရက်စက်တဲ့ နာမည်ကြီး ဒီချီတက်ပွဲမှာ ထောင်သားအတော်များများ ပစ်သတ်ခံရတယ်။ နောက်ကလိုက်လာတဲ့ ကျီးကန်းအုပ်တွေက ကျန်ရစ်ခဲ့တဲ့ လူသေကောင်တွေကို ထိုးဆိတ်စားသောက်နေကြတယ်။ နောက်ဆုံးတော့ သမီး အိုလီယာ၊ ကျွန်မခင်ပွန်းတို့နဲ့ ပြန်ဆုံတွေ့ခဲ့ကြတယ်။ အဲဒီအခါ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုခဲ့ကြတယ်။ ညရောက်တော့ တစ်ညလုံး ကျွန်မ မအိပ်ဘဲ ကျောက်တုံးတွေကို မီးအပူပေးခဲ့တယ်။ အခုဆိုရင် ကျွန်မတို့မိသားစု စုံစုံလင်လင်နဲ့ နွေးနွေးထွေးထွေး ရှိပြီဖြစ်လို့ ကျွန်မ စိတ်အေးသွားပါပြီ။

၃၈ လတ္တီတွဒ်မျဉ်းပေါ် ကျရောက်နေတဲ့ တောင်နဲ့မြောက် ကိုရီးယားနယ်စပ်အနားကို ရောက်တဲ့အချိန် ၁၉၅၃ ခုနှစ်မှာ ကျွန်မတို့ရဲ့ဘဝဟာ တော်တော်လေးကို အဆင်ပြေလာတယ်။ သန့်ရှင်းတဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ ပေါင်မုန့်အပြင် သကြားလုံးတွေတောင် ကျွန်မတို့ ရရှိကြတယ်။ မကြာခင် ဗြိတိသျှတွေ၊ ပြီးတော့ ပြင်သစ်တွေကို ပြန်လွှတ်ပေးလိုက်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ကိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားအဖြစ် အသိအမှတ်မပြုကြဘူး။ လက်ကျန်အကျဉ်းသားတွေ ထွက်သွားတဲ့အချိန်မှာ ကျွန်မတို့မိသားစုပဲ ကျန်ခဲ့တယ်။ ဒါကြောင့် စိတ်ပျက်လက်ပျက်နဲ့ ငိုကြွေးခဲ့ကြတယ်။ ကျွန်မတို့မှာ စားစရာလည်း ဘာမှမရှိတော့ဘူး။ ဒီအချိန်မှာ ဆောင်းပါးအစပိုင်းမှာ ဖော်ပြထားတဲ့အတိုင်း ကိုရီးယားထောင်အရာရှိက ရင့်သီးတဲ့စကားတွေ ပြောဆိုခဲ့တယ်။

အမေရိကန်မှာ ဘဝသစ်စခဲ့

အံ့ဩစရာက သိပ်မကြာခင်မှာပဲ စစ်မဲ့ဇုန်ကိုဖြတ်ပြီး ကျွန်မတို့ကို တောင်ကိုရီးယားနိုင်ငံထဲ ခေါ်သွားတယ်။ အမေရိကန်စစ်ဘက်အရာရှိက ကျွန်မတို့ကို စစ်ဆေးမေးမြန်းပြီးတဲ့နောက် အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ဖို့ ခွင့်ပြုလိုက်တယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ကို သင်္ဘောနဲ့ ကျွန်မတို့ သွားလိုက်တယ်။ အဲဒီကိုရောက်တော့ ချို့ငဲ့တဲ့သူတွေကို ထောက်ပံ့ပေးတဲ့အဖွဲ့က ကျွန်မတို့ကို ကူညီပေးတယ်။ နောက်တော့ ဗာဂျီးနီးယားပြည်နယ်ကို ကျွန်မတို့ ပြောင်းသွားပြီး အဲဒီမှာ မိတ်ဆွေသစ်တွေ ရလာတယ်။ သူတို့က ကျွန်မတို့ကို ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင် ကူညီပေးကြတယ်။ နောက်ဆုံးတော့ မေရီလန်းပြည်နယ်ကို ပြောင်းသွားပြီး ဘဝသစ်စခဲ့ကြတယ်။

၁၉၅၄ ခုနှစ်က ကျွန်မရဲ့ခင်ပွန်း၊ ကလေးနှစ်ယောက်တို့နဲ့အတူ

ဖုန်စုပ်စက်လိုမျိုး သာမန်ပစ္စည်းတွေက ကျွန်မတို့အတွက် အသစ်အဆန်းဖြစ်နေတယ်။ ကျွန်မတို့ဟာ တိုင်းတစ်ပါးက ရောက်လာခါစဖြစ်လို့ အချိန်အများကြီးပေးပြီး ကြိုးစားအလုပ်လုပ်ခဲ့ရတယ်။ ဒါပေမဲ့ ရောက်လာခါစသူတွေအပေါ် ခေါင်းပုံဖြတ်ပြီး ကောင်းစားနေတဲ့သူတွေကို မြင်ရတော့ ကျွန်မ ဝမ်းနည်းမိတယ်။ ကျွန်မတို့ရောက်ပြီး မကြာခင်မှာ ရုရှားသြသဒေါက်စ် ဘုန်းတော်ကြီး တစ်ယောက်နဲ့တွေ့ပြီး သူဒီလိုပြောခဲ့တယ်– “ဘုရားသခင်ကောင်းချီးရှိတဲ့ တိုင်းပြည်မှာ ခင်ဗျားတို့ ရောက်နေပြီ။ ခင်ဗျားတို့ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်နိုင်ငံသားတွေနဲ့ မပေါင်းပါနဲ့။” အဲဒီစကားကြောင့် ကျွန်မ တုန်လှုပ်ပြီး စိတ်ရှုပ်ထွေးသွားတယ်။ ကျွန်မတို့အချင်းချင်း မကူညီပေးသင့်ဘူးလား။

၁၉၇၀ ပြည့်နှစ်မှာ ဘာနီ ဘက်တယ်မန်လို့ခေါ်တဲ့ ယေဟောဝါသက်သေတစ်ယောက် ကျွန်မတို့အိမ်ကို ရောက်လာပြီး ကျမ်းစာအကြောင်း ဆွေးနွေးတယ်။ သူက ကျွန်မတို့လိုပဲ ခိုင်မာပြတ်သားပြီး စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ ကျွန်မတို့ အချိန်ကြာကြာ စကားပြောဖြစ်ခဲ့ကြတယ်။ ကျွန်မက ဩသဒေါက်စ် မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တာဆိုတော့ အဲဒီအသင်းရဲ့ သွန်သင်ချက်တွေကိုပဲ သိရှိထားတာ။ ကိုယ်ပိုင်ကျမ်းစာအုပ် ရှိရမယ်လို့လည်း တစ်ခါမှ မစဉ်းစားမိပါဘူး။ ဘာနီက ကျွန်မအတွက် ကျမ်းစာအုပ် ယူလာပေးပြီး “ခင်ဗျားကို ကျွန်တော်ခင်လို့ ပေးတာပါ” လို့ပြောတယ်။ ပြီးတော့ ဘယ်လာရုစ်နိုင်ငံက ရုရှားစကားပြောတတ်တဲ့ ဘင် လို့ခေါ်တဲ့ ညီအစ်ကိုတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။

ဘင်နဲ့ သူ့ဇနီးဟာ ကျွန်မ မေးသမျှကို ကျမ်းစာထဲကနေ ဖြေပေးခဲ့တယ်။ ဒါပေမဲ့ သက်သေခံတွေက ကျမ်းစာကို လိုရာဆွဲပြီး ရှင်းပြနေတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ အထူးသဖြင့် မာရိမှာ ယေရှုအပြင် တခြားသားသမီးတွေလည်း ရှိတယ်လို့ သက်သေခံတွေရဲ့ စာပေတွေမှာ ရှင်းပြထားတာကို ကျွန်မ အရမ်းစိတ်ဆိုးတယ်။ ကျွန်မတို့ ဘုရားရှိခိုးကျောင်းမှာ အဲဒီလိုမှ မသွန်သင်ပေးတာ။

ဒါနဲ့ ပိုလန်လူမျိုး မိတ်ဆွေတစ်ယောက်ကို ဖုန်းဆက်ပြီး သူ့ရဲ့ ပိုလန်ကျမ်းစာထဲက မဿဲ ၁၃:၅၅၊ ၅၆ မှာ ဘာပြောထားသလဲဆိုပြီး ဖွင့်ဖတ်ခိုင်းလိုက်တယ်။ သူ ဖတ်ပြတဲ့အခါ ယေရှုမှာ တကယ်ပဲ ညီတွေရှိတယ်ဆိုတာ သိလိုက်ရတော့ ကျွန်မ အံ့ဩသွားတယ်။ ပြီးတော့ သူက ဝါရှင်တန် ဒီစီမြို့မှာရှိတဲ့ ကွန်ဂရက်စာကြည့်တိုက်မှာ အလုပ်လုပ်နေတဲ့ သူ့သူငယ်ချင်းဆီကို ဖုန်းဆက်ပြီး အဲဒီမှာရှိတဲ့ ဘာသာပြန်ကျမ်းအားလုံးက အဲဒီကျမ်းချက်ကို ဖတ်ကြည့်ခိုင်းလိုက်တယ်။ ယေရှုမှာ ညီကိုမောင်နှမတွေရှိတဲ့အကြောင်း အဲဒီကျမ်းအားလုံးမှာ ဖော်ပြထားတယ်လို့ သူ့သူငယ်ချင်းက ပြန်ပြောပြတယ်။

ဒါနဲ့ ကျွန်မခေါင်းထဲမှာ မေးခွန်းတွေ အများကြီးပေါ်လာတယ်။ ကလေးတွေ ဘာကြောင့် သေရတာလဲ။ ဘာဖြစ်လို့ စစ်ဖြစ်နေကြတာလဲ။ ဘာသာစကား တူတဲ့သူချင်းတွေတောင် တစ်ယောက်ကိုတစ်ယောက် ဘာကြောင့် နားမလည်နိုင်ကြတာလဲ။ ကျမ်းစာထဲကနေ အဖြေတွေရလိုက်တော့ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ လူတွေ ဆင်းရဲဒုက္ခရောက်နေတာက ဘုရားသခင့်အလိုတော် မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။ ဒါ့အပြင် စစ်ကာလအတွင်း သေဆုံးသွားခဲ့တဲ့ ချစ်မြတ်နိုးရတဲ့သူတွေကို ပြန်တွေ့ရမယ်ဆိုတာ သိလိုက်ရလို့လည်း ပိုပြီးဝမ်းသာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ယေဟောဝါဘုရားသခင်ဟာ ကျွန်မအတွက် တကယ်တည်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်လာတယ်။

တစ်နေ့မှာ ဗီယက်နမ်စစ်ပွဲကနေ ပြန်ရောက်လာပြီး စိတ်ကျရောဂါ ခံစားနေရတဲ့ သားနဲ့အတူ . . . ရုပ်ပုံတွေရှေ့မှာရပ်ပြီး ဘုရားသခင်ဆီ ဆုတောင်းနေတယ်။ ရုတ်တရက်ဆိုသလို ရုပ်ပုံတွေကနေတစ်ဆင့်မဟုတ်ဘဲ အသက်ရှင်တဲ့ဘုရားသခင် ယေဟောဝါဆီကို တိုက်ရိုက် ဆုတောင်းသင့်တယ်လို့ သဘောပေါက်လိုက်တယ်။ ဒါနဲ့ ရုပ်ပုံတွေကို အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲပစ်လိုက်တယ်။ တကယ်တော့ အဲဒီအရာတွေက ဘာတန်ဖိုးမှမရှိပါဘူး။ အဲဒါတွေကို ဘုရားရှိခိုးကျောင်းကနေ ဝယ်လာခဲ့တာဖြစ်ပေမဲ့ အဲဒီညမှာပဲ ဖျက်ဆီးပစ်လိုက်တယ်။

ကျွန်မ ငယ်ငယ်ကတည်းက တက်ခဲ့တဲ့ ချာ့ခ်ျကနေ ထွက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ တခြားအရာတွေထက် ကျမ်းစာသွန်သင်ရာတွေကို ကျွန်မ တန်ဖိုးထားတတ်လာတယ်။ နောက်တစ်နှစ်ရောက်တော့ ကျွန်မခင်ပွန်းနဲ့သမီးကို ခေါ်ပြီး ရုရှားသြသဒေါက်စ် ဘုန်းတော်ကြီးဆီ သွားလည်ကြတယ်။ ကျမ်းစာမေးခွန်းတွေနဲ့ ကျမ်းချက်တွေကို ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်ပါ ယူသွားတယ်။ ကျမ်းချက်တွေကို အသံကျယ်ကျယ်နဲ့ ဖတ်ပြတဲ့အခါ အဲဒီဘုန်းတော်ကြီးက ခေါင်းကိုခါယမ်းပြီး “မင်းတို့တော့ လမ်းမှားရောက်သွားပြီ” လို့ပြောလိုက်တယ်။ ပြီးတော့ သူ့အိမ်ရိပ်ကို ဘယ်တော့မှ လာမနင်းနဲ့တော့လို့ ကျွန်မတို့ကို ပြောလွှတ်လိုက်တယ်။

ဒီဖြစ်ရပ်ကြောင့် ထက်မြက်ပြီး စပ်စပ်စုစုရှိတဲ့ သမီးကြီး အိုလီယာဟာ စိတ်လှုပ်ရှားသွားတယ်။ အဲဒီအချိန်ကစပြီး သမီးဟာ ကျမ်းစာကို အသေးစိတ်လေ့လာပြီး မကြာခင်မှာပဲ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာအစည်းအဝေးတွေကို ကျွန်မနဲ့အတူ လိုက်တက်တယ်။ ၁၉၇၂ ခုနှစ်မှာ ကျွန်မ နှစ်ခြင်းခံပြီး အိုလီယာက နောက်တစ်နှစ်မှာ နှစ်ခြင်းခံတယ်။

ကျွန်မတို့မိသားစုရဲ့ ဆောင်ပုဒ်

၁၉၉၀ ပြည့်နှစ်လောက်မှာ အမေရိကန်၊ မေရီလန်းပြည်နယ်က ကျွန်မတို့ရဲ့ ဥယျာဉ်ခြံလေးထဲမှာ

ကျွန်မတို့ရဲ့ဆောင်ပုဒ်ကတော့ လက်ရှိကိုပဲ အာရုံစိုက်၊ အတိတ်ကို မေ့ထားလိုက်ဆိုတာပါပဲ။ ဒါကြောင့် မှန်တယ်လို့ ကျွန်မတို့ လက်ခံယုံကြည်တဲ့ အသစ်သောအရာတွေကို လုပ်ဆောင်ဖို့ ဘယ်တော့မှ ဝန်မလေးဘူး။ ကျွန်မတို့ သားအမိနှစ်ယောက် ဘုရားသခင်ကို ယုံကြည်သည်ထက် ယုံကြည်လာတဲ့အခါ လူတွေကို ကျွန်မတို့ သိရှိထားရာတွေ ပြောပြဖို့ စိတ်အားထက်သန်လာကြတယ်။ ကျွန်မက ဘုဆတ်ဆတ်နဲ့ ဘွင်းဘွင်း ပြောတတ်တဲ့အတွက် တစ်ခါတလေ တခြားသူတွေက ကြားဝင်ပြီး အဆင်ပြေအောင် ပြောပေးရတဲ့အခါတွေ ရှိတယ်ဆိုတာ ကျွန်မ ဝန်ခံပါတယ်။ ဒါပေမဲ့ ကြာလာတော့ ကျွန်မလိုမျိုး ကောင်းမွန်တဲ့ဘဝ အသက်တာကို ရှာဖွေနေကြတဲ့ နောက်ခံအမျိုးမျိုးက လူတွေနဲ့ စကားပြောဆိုတတ်လာပါတယ်။

နောက်ပိုင်းနှစ်တွေမှာ ပိတ်ပင်မှုတွေ မရှိတော့ဘူးဆိုရင် ရုရှားနိုင်ငံကိုသွားပြီး ကျွန်မတို့လို ဘုရားသခင်အကြောင်း သိချင်တဲ့သူတွေကို သွားကူညီရအောင်ဆိုပြီး သမီးနဲ့ကျွန်မ ပြောဖြစ်ကြတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပိတ်ပင်မှုတွေမရှိတော့တဲ့အခါ အိုလီယာက ကျွန်မတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တယ်။ သမီးဟာ ရုရှားနိုင်ငံကို ပြောင်းရွှေ့သွားပြီး ၁၄ နှစ်ကြာတဲ့အထိ ဘုရားသခင့်အမှုဆောင်ခြင်းလုပ်ငန်းမှာ အချိန်ပြည့်ပါဝင်ခဲ့တယ်။ လူတော်တော်များများကို ကျမ်းစာသင်ပေးတဲ့အပြင် ယေဟောဝါသက်သေတွေရဲ့ ရုရှားဌာနခွဲရုံးမှာ ကျမ်းစာအခြေပြုစာပေတွေကို အင်္ဂလိပ်ကနေ ရုရှားဘာသာကို ပြန်ဆိုပေးရာမှာ ကူညီပေးနိုင်ခဲ့တယ်။

အခု ကျွန်မ အိပ်ရာပေါ်ကနေ မထနိုင်လောက်အောင် ကျန်းမာရေး ချို့တဲ့နေပါပြီ။ ကျွန်မရဲ့သားသမီးတွေဟာ သူတို့တတ်နိုင်သလောက် အစွမ်းကုန် ပြုစုစောင့်ရှောက်ပေးကြပါတယ်။ ကျွန်မဟာ အစပိုင်းမှာ ဘဝနာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကောင်းမွန်တဲ့ဘဝအသက်တာနဲ့ နေထိုင်ခွင့်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ သိုးထိန်းဒါဝိဒ် ရေးစပ်ခဲ့တဲ့ ဒီဆာလံသီချင်းကို ကျွန်မ သဘောပေါက်လာပါပြီ– “[ဘုရားသခင်သည်] သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။ ငါ့ဝိညာဉ် [အသက်] ကို အားဖြည့်၍ နာမတော်အဖို့အလို့ငှာ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။”—ဆာလံ ၂၃:၂၊ ၃ *

^ အပိုဒ်၊ 29 မာရီးယား ကီလင်းရဲ့ ဘဝအတ္ထုပ္ပတ္တိကို ပြုစုနေစဉ် ၂၀၁၀၊ မတ်လ ၁ ရက်နေ့မှာ သူကွယ်လွန်သွားပါတယ်။