“သမိုင်းက သက်သေထူ”
အက်စတိုးနီးယား အမျိုးသား စာတိုက်ကြီးက ၂၀၀၇၊ ဇွန် ၁၄ ရက်နေ့မှာ ဘေးမှာဖော်ပြထားတဲ့ အမှတ်တရ တံဆိပ်ခေါင်းတစ်ခုကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီတံဆိပ်ခေါင်း ထုတ်ဝေတဲ့နေ့မှာ ဒီလိုကြေညာခဲ့တယ်– “ဆိုဗီယက်အာဏာရှင် စတာလင် အုပ်ချုပ်ချိန်မှာ မျိုးဖြုတ်သတ်ဖြတ်ခံရတဲ့ အက်စတိုးနီယား နိုင်ငံသားတွေကို အမှတ်ရတဲ့အနေနဲ့ ဒီတံဆိပ်ခေါင်းကို ထုတ်လိုက်ခြင်းဖြစ်ပါတယ်။” ၁၉၄၁ ခုနှစ်နဲ့ ၁၉၅၁ ခုနှစ်ကြားမှာ သောင်းနဲ့ချီတဲ့ အက်စ်တိုးနီးယား နိုင်ငံသားတွေကို သူတို့ရဲ့တိုင်းပြည်ကနေ အတင်းအကျပ် နယ်နှင်လိုက်တယ်။
“သမိုင်းက သက်သေထူ။” အဲဒီဆိုရိုးစကားကို အက်စတိုးနီးယားနိုင်ငံမှာ လူသိများကြတယ်။ တခြားနိုင်ငံတွေမှာလည်း အလားတူ ဆိုရိုးစကားတွေ ရှိကြပါတယ်။ ကျွန်ုပ်တို့ဟာ အတိတ်ကို မပြောင်းလဲနိုင်ပေမဲ့ အတိတ်ကနေ သင်ခန်းစာ ယူနိုင်ပါတယ်။ ရှေးခေတ် အစ္စရေးပြည်ရဲ့ ပညာရှိဘုရင် ရှောလမုန်က ဒီလိုပြောခဲ့တယ်– “လူအချို့တို့သည် တန်ခိုးအာဏာရှိ၍ အချို့တို့သည် ဖိနှိပ်ခံကြရသည်။ ဤသို့ဖြစ်ပျက်လျက်ရှိသော ကမ္ဘာလောကကြီးတွင် လူတို့ပြုမူကျင့်ကြံကြပုံများကို စဉ်းစားဆင်ခြင်သောအခါ၌ ဤဖြစ်ရပ်များကို ငါသိမြင်လာပေသည်။”—ဒေသနာ ၈:၉၊ ခမ။
အက်စတိုးနီးယားနိုင်ငံအပြင် အရှေ့ဥရောပရဲ့ တခြားဒေသများစွာမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ အဲဒီကျမ်းစကား မှန်ကန်ကြောင်း သက်သေထူပါတယ်။ လူ့အုပ်ချုပ်မှုက မရေမတွက်နိုင်တဲ့ အပြစ်မဲ့တဲ့သူတွေကို ဆင်းရဲဝေဒနာ ခံစားရစေပါတယ်။ အဲဒီလူတွေဟာ အလွန်ဝေးလံတဲ့ တခြားဒေသတွေကို အတင်းအကျပ် နယ်နှင်ခံလိုက်ရတယ် ဒါမှမဟုတ် အလုပ်ကြမ်းစခန်းတွေမှာ အကျဉ်းချခံရတယ်။
ဒေသခံသမိုင်းပညာရှင်တွေရဲ့ အဆိုအရ၊ နိုင်ငံသား ၄၆,၀၀၀ ကျော်ဟာ ၁၉၄၁ ခုနှစ်နဲ့ ၁၉၅၁ ခုနှစ်ကြားမှာ သူတို့နိုင်ငံကနေ နယ်နှင်ခံလိုက်ရတယ်။ သူတို့ထဲက အများစုဟာ နိုင်ငံရေးခံယူချက်ကြောင့်၊ တချို့က လူမျိုး ဒါမှမဟုတ် လူနေမှုအဆင့်အတန်းကြောင့် နယ်နှင်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေကျတော့ ဘာသာရေးယုံကြည်ချက်ကြောင့် နယ်နှင်ခံရတာ ဖြစ်ပါတယ်။
ဘုရားသခင်ကို ကြောက်ရွံ့တဲ့သူတွေ တိုက်ခိုက်ခံရ
တာတူတက္ကသိုလ် ပုံနှိပ်တိုက်ရဲ့ ၂၀၀၄ ခုနှစ်ထုတ် စာစောင်တစ်စောင်မှာ သမိုင်းပညာရှင် အီဂီ ရာဟီတမ်က ဒီလိုဖော်ပြခဲ့တယ်– “၁၉၄၈ ခုနှစ်ကနေ ၁၉၅၁ ခုနှစ်အထိ ယေဟောဝါသက်သေ ၇၂ ယောက်ကို ဖမ်းဆီးလိုက်တယ်။ အဲဒီအထဲမှာ သူတို့နဲ့ဆက်နွှယ်နေတဲ့သူတွေလည်း ပါဝင်တယ်။ ဒါပေမဲ့ သူတို့က လူများနိုင်သမျှများများကို နယ်နှင်ဖို့ စီစဉ်ထားတဲ့အတိုင်း ၁၉၅၁ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ ညမှာပဲ ဘော်လ်တစ်ပြည်နယ်တွေသာမက မော်လ်ဒိုဗာ၊ အနောက်ယူကရိန်းနဲ့ ဘယ်လာရုစ်နိုင်ငံတွေက လူတွေကိုပါ နယ်နှင်လိုက်တယ်။”
၁၉၅၁ ခုနှစ်မတိုင်ခင်မှာ အက်စတိုးနီးယားက ယေဟောဝါသက်သေတွေဟာ ဖမ်းဆီးခြင်း၊ ဘာသာပြောင်းဖို့ ဖိအားပေးခြင်း၊ စစ်ဆေးမေးမြန်းခြင်းနဲ့ ထောင်ချခြင်းတို့ကို ခံခဲ့ရပါတယ်။ နယ်နှင်ဒဏ်ပေးတဲ့ ကင်ပိန်းအသစ်မှာ အက်စတိုးနီးယားတစ်ခွင်က ယေဟောဝါသက်သေတွေကို ရှင်းပစ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပုံရတယ်။
ဖော်ပြခဲ့တဲ့ တံဆိပ်ခေါင်းပေါ်မှာ ၁၉၅၁၊ ဧပြီ ၁ ရက်နေ့လို့ ရက်စွဲတပ်ထားတယ်။ တံဆိပ်ခေါင်းပေါ်က ၃၈၂ ဆိုတဲ့ နံပါတ်က အဲဒီနေ့မှာ နယ်နှင်ခံရတဲ့ သက်သေခံတွေနဲ့ သူတို့ကလေးတွေရဲ့
အရေအတွက်ကို ရည်ညွှန်းတာဖြစ်တယ်။ အဲဒီအထဲမှာ ယေဟောဝါသက်သေတွေမဟုတ်တဲ့ ဆွေမျိုးသားချင်းတွေနဲ့ အိမ်နီးချင်းတချို့လည်း ပါဝင်တယ်။ အဲဒီနေ့မှာပဲ အက်စတိုးနီးယားတစ်ခွင် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်။ အဲဒီနေ့ညမှာ ဖမ်းထားတဲ့ လူကြီးလူငယ်တွေကို တိရစ္ဆာန်တွေတင်တဲ့ အလုံပိတ်ကုန်တွဲရထားပေါ် တင်ပြီး ဆိုက်ဘေးရီးယားကို လွှတ်လိုက်တယ်။အဲဒီအချိန်တုန်းက အသက် ၂၅ နှစ်အရွယ်ရှိတဲ့ ယေဟောဝါသက်သေ အဲလ်လာ တွမ် *ဟာ တစ်ကြိမ်ထက်မက စစ်ဆေးမေးမြန်းခံရတာကို ဒီလိုပြန်ပြောပြတယ်– “အရာရှိတစ်ယောက်က ကျွန်မ ကြောက်လန့်သွားအောင် ခြိမ်းခြောက်ပြီး မဟောပြောဖို့ အမိန့်ပေးခဲ့တယ်။ ‘နင် အသက်ရှင်ချင်သလား။ ဆိုက်ဘေးရီးယားက ကွင်းပြင်မှာ နင့်ဘုရားသခင်နဲ့အတူ သေချင်သလား’ လို့တောင် ပြောခဲ့တယ်။” ဒါပေမဲ့ အဲလ်လာဟာ မကြောက်မရွံ့ သတင်းကောင်း ဆက်ဟောခဲ့တယ်။ ဒါကြောင့် ဆိုက်ဘေးရီးယားကို အပို့ခံရပြီး ခြောက်နှစ်နီးပါးအတွင်း အလုပ်ကြမ်းစခန်း တစ်ခုပြီးတစ်ခုကို ပြောင်းရွှေ့ခံရတယ်။
ထောင်နဲ့ချီတဲ့သူတွေဟာ တရားရုံးမှာ စစ်ဆေးကြားနာခြင်းမရှိဘဲ အကြောင်းမဲ့ နယ်နှင်ခံလိုက်ရတာဖြစ်တယ်။ သူတို့ထဲမှာ ဟီစီ လမ်ဘာဆိုတဲ့ သက်သေခံမိန်းကလေးလည်း ပါတယ်။ ၁၉၅၁၊ ဧပြီ ၁ ရက်နေ့ရဲ့ အဖြစ်အပျက်ကို သူ ဒီလိုပြန်ပြောပြတယ်– “အဲဒီနေ့ ညမှာ မမျှော်လင့်ဘဲ သူတို့ရောက်လာပြီး ‘နင်တို့မှာ နာရီဝက်ပဲ အချိန်ရှိတယ်။ အထုပ်အပိုးတွေ ပြင်တော့’ လို့အမိန့်ပေးတယ်။” ပြီးတော့ ဟီစီနဲ့ ခြောက်နှစ်အရွယ် သူ့သမီးကို ဘူတာရုံကို ခေါ်ဆောင်သွားတယ်။ စုတ်ပြတ်နေတဲ့ရထားဟာ ဘူတာရုံတစ်ခုပြီးတစ်ခုမှာ ရပ်ပြီး သက်သေခံတွေကို တင်ဆောင်သွားတယ်။ “ကျွန်မတို့ကို တိရစ္ဆာန်တွေတင်တဲ့ အလုံပိတ်ကုန်တွဲရထားပေါ် မရမက ဆွဲတင်သွားတယ်။ တိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေက ခြောက်သွေ့နေလို့ တော်ပါသေးရဲ့။ အဲဒီလိုသာမဟုတ်ရင် ကျွန်မတို့ မတ်တတ်ရပ်လို့တောင် ရမှာမဟုတ်ဘူး။ တိရစ္ဆာန်တွေကို တင်ဆောင်သွားသလိုမျိုး ကျွန်မတို့ကို ခေါ်သွားကြတယ်။”
ခက်ခဲပင်ပန်းတဲ့ နှစ်ပတ်ကြာ ဒီခရီးစဉ်က စိတ်ပျက်စရာပါပဲ။ ရထားတွဲတွေဟာ လူတွေနဲ့ ပြည့်ကျပ်နေပြီး မသန့်ရှင်းဘူး။ လူကြီးလူငယ်တွေဟာ နည်းမျိုးစုံနဲ့ အရှက်ခွဲခံရတယ်၊ သိက္ခာချခံရတယ်။ တချို့ဆိုရင် ငိုပဲငိုနေပြီး အစာတောင် မစားနိုင်ကြဘူး။ ဒါပေမဲ့ သက်သေခံတွေကျတော့ ဝတ်ပြုရေးသီချင်းတွေ သီဆိုပြီး တစ်ယောက်ကိုတစ်ယောက် အားပေးကြတယ်၊ သူတို့မှာရှိတဲ့ အစားအစာတွေကို ဝေမျှစားသုံးကြတယ်။ သူတို့ဟာ “တစ်သက်လုံး နေထိုင်သွားရမယ့် နေရာ” ကို အပို့ခံရတာဖြစ်ပြီး သူတို့သွားနေတဲ့ခရီးက “ပြန်လမ်းမဲ့ ခရီး” လို့ အပြောခံရတယ်။
အဲဒီလိုဆင်းရဲဒုက္ခရောက်နေချိန်မှာ သက်သေခံအချင်းချင်းဆီကနေ ရရှိခဲ့တဲ့ ထောက်မမှုကို ဟီစီ ဒီလိုပြန်ပြောပြတယ်– “ဘူတာရုံတစ်ရုံမှာ ကျွန်မတို့ရဲ့ရထားက မော်လ်ဒိုဗာကနေရောက်လာတဲ့ ရထားဘေးနားကို ဆိုက်လိုက်တယ်။ ရထားနံရံကနေ ကျွန်မတို့က ဘယ်သူတွေလဲ၊ ဘယ်ကိုသွားကြမလို့လဲဆိုပြီး လူတစ်ယောက်မေးနေသံကို ကြားလိုက်ရတယ်။ ကျွန်မတို့ဟာ အက်စတိုးနီးယားက ယေဟောဝါသက်သေတွေပါ၊ ဘယ်ကိုသွားနေတယ်ဆိုတာ မသိပါဘူးဆိုပြီး ပြန်ဖြေလိုက်တယ်။ မော်လ်ဒိုဗာရထားပေါ်က သက်သေခံတွေဟာ ကျွန်မတို့စကားပြောနေတာကို အမှတ်တမဲ့ ကြားသွားတယ်။ ဒါနဲ့ ကုန်တင်ရထားရဲ့ အပေါက်တစ်ပေါက်ကနေ ပေါင်မုန့်ကြီးတစ်လုံးနဲ့ ဆီးသီးခြောက်တွေ ကျွန်မတို့ဘက်ကို ပစ်ပေးလိုက်တယ်။ ဒီအခါမှာ ဆိုဗီယက်ပြည်ထောင်စု နယ်မြေဒေသအသီးသီးက ယေဟောဝါသက်သေတွေကို နယ်နှင်လိုက်ပြီဆိုတာ ကျွန်မတို့ သဘောပေါက်သွားတယ်။”
ဆယ်ကျော်သက်အရွယ် သက်သေခံမိန်းကလေး ကိုရီးနာနဲ့ သူ့ညီမလေး အီနာတို့ဟာ သူတို့အမေနဲ့ ကွဲသွားတာ ခြောက်နှစ်ကျော်တောင်ရှိသွားပြီ။ သူတို့အမေလည်း ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့အတွက် သူတို့ထက်အရင် အဖမ်းခံရပြီး အလုပ်ကြမ်းစခန်းကို အပို့ခံလိုက်ရတယ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဧပြီ ၁ ရက်နေ့ညမှာပဲ အဲဒီမိန်းကလေးနှစ်ယောက်ကို အိမ်ထဲကနေ ဆွဲထုတ်ပြီး ကုန်တင်ရထားပေါ် တင်လိုက်ကြတယ်။ ကိုရီးနာက ကျေးဇူးတင်လေးမြတ်တဲ့စိတ်နဲ့ ဒီလိုပြန်ပြောပြတယ်– “ရထားပေါ်မှာ ကလေးနှစ်ယောက်အမေ သက်သေခံက ကျွန်မတို့ကို ဂရုစိုက်ပြီး ငါတို့ မိသားစုလို နေကြမယ်လို့ ကတိပေးတယ်။”
ခရီးဆုံးကို ရောက်သွားတဲ့အခါ ဘာဆက်ဖြစ်သလဲ။ ချမ်းစိမ့်တဲ့ ဆိုက်ဘေးရီးယားတောကိုရောက်ပြီး နောက်တစ်နေ့မှာ “ကျွန်အရောင်းအဝယ်လုပ်ငန်း” စတင်ပါတော့တယ်။ ဆိုလိုတာက၊
သက်သေခံတွေကို ကျွန်လိုသဘောထားပြီး အလုအယက် ရွေးယူနေတာကို ပြောခြင်းဖြစ်တယ်။ အနီးအနားက စိုက်ပျိုးမွေးမြူရေးသမားတွေဟာ သက်သေခံတွေကို သူတို့ခြံမှာ အလုပ်လုပ်ခိုင်းဖို့ လာရွေးကြတယ်။ ကိုရီးနာက ဒီလိုပြန်ပြောပြတယ်– “‘မင်းမှာ လယ်ထွန်စက်မောင်းတဲ့သူ ရှိပြီးသားပဲ။ ဒီတစ်ယောက်ကို ငါခေါ်သွားမယ်။’ ဒါမှမဟုတ် ‘အသက်ကြီးတဲ့သူနှစ်ယောက်ကို ငါ ခေါ်သွားပြီးပြီ။ မင်းလည်း အသက်ကြီးတဲ့သူတွေကို ခေါ်သွားပေါ့’ ဆိုပြီး သူတို့အချင်းချင်း စကားများနေတာကို ကျွန်မတို့ ကြားနေရတယ်။”ကိုရီးနာနဲ့ အီနာတို့ဟာ သတ္တိရှိတဲ့ မိန်းကလေးတွေပါ။ နောက်ပိုင်းမှာ သူတို့ဒီလိုပြန်ပြောပြတယ်– “အမေ့ကို အရမ်းသတိရတာပဲ။ အမေ့ရဲ့ပွေ့ဖက်မှုကို ခံချင်လိုက်တာ။” ဒါပေမဲ့ သူတို့ဟာ ယေဟောဝါဘုရားသခင်ကို ယုံကြည်ခြင်းအပြည့်ရှိတဲ့အပြင် ပျော်ပျော်လည်း နေတတ်ကြတယ်။ ကိုရီးနာက ဒီလိုဆက်ပြောပြတယ်– “တစ်ခါတလေ အရိုးခိုက်အောင် ချမ်းအေးတဲ့အပြင်မှာ အနွေးထည်မရှိဘဲ အလုပ်လုပ်နေရတဲ့ ကျွန်မတို့ကို အမေမမြင်တာဘဲ ကောင်းပါတယ်။”
အက်စတိုးနီးယားနဲ့ တခြားဒေသမှာရှိတဲ့ အပြစ်မဲ့သူတွေဟာ အကြီးအကျယ် မတရားဆက်ဆံခံခဲ့ရပါတယ်။ သူတို့အထဲမှာ ယေဟောဝါသက်သေတွေလည်း ပါတယ်။ (“မယုံနိုင်လောက်တဲ့ ‘ထိတ်လန့်ဖွယ်ဖြစ်ရပ်’” ဆိုတဲ့ လေးထောင့်ကွက်ကိုကြည့်ပါ။) အက်စတိုးနီးယားမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ အဲဒီလိုမတရားမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရပေမဲ့လည်း အခုထက်ထိ တက်ကြွပျော်ရွှင်နေကြတုန်းပါပဲ။
မကြာခင်ရောက်လာမယ့် ကောင်းမွန်တဲ့အနာဂတ်
ယေဟောဝါဘုရားသခင်က မတရားမှုတွေကို မုန်းတီးတယ်ဆိုပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို သင်၏ဘုရားသခင် ယေဟောဝါ စက်ဆုပ်ရွံရှာတော်မူ၏။’ (တရားဟောရာ ၂၅:၁၆) အတိတ်က ဆိုးသွမ်းမှုတွေကို ဘုရားသခင် သည်းခံခဲ့ပေမဲ့လည်း မကြာခင်မှာ မတရားမှုတွေနဲ့ ဆိုးသွမ်းမှုတွေကို ကိုယ်တော် ဖယ်ရှားပစ်တော့မယ့်အချိန် ရောက်လာပါတော့မယ်။ “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁။
မကြာခင် ကျွန်ုပ်တို့အတွက် ကောင်းမွန်တဲ့အနာဂတ် ရောက်လာပါတော့မယ်။ အတိတ်ကို ကျွန်ုပ်တို့ မပြောင်းလဲနိုင်ပေမဲ့လည်း အခု ကျွန်ုပ်တို့လုပ်ဆောင်နေတဲ့အရာတွေက အနာဂတ်မှာ ကောင်းမွန်တဲ့အသက်တာကို ရရှိစေနိုင်ပါတယ်။ ဘုရားသခင်အကြောင်း သိအောင်လုပ်ပြီး စစ်မှန်တဲ့ဖြောင့်မတ်မှု စိုးမိုးမယ့် ကောင်းမွန်တဲ့အနာဂတ်မှာ သင် ဘယ်လိုနေထိုင်နိုင်မလဲဆိုတာကို စဉ်းစားကြည့်ပါ။—ဟေရှာယ ၁၁:၉။
^ အပိုဒ်၊ 10 အဲလ်လာ တွမ်ရဲ့ဘဝအတ္ထုပ္ပတ္တိကို ၂၀၀၆၊ ဧပြီလထုတ် နိုးလော့! မဂ္ဂဇင်း၊ စာမျက်နှာ ၁၂-၁၆ မှာတွေ့ရပါတယ်။