မျက်နှာဖုံးဆောင်းပါး | ဘုရားသခင့်နိုင်ငံတော်က–သင့်အတွက် ဘာတွေလုပ်ပေးမှာလဲ
ဘုရားသခင့်နိုင်ငံတော်ကနေ အကျိုးရရှိဖို့ သင့်ဘက်က ဘာလုပ်ရမလဲ
ရှေ့ဆောင်းပါးတွေမှာ ဖော်ပြခဲ့တဲ့အတိုင်း ဘုရားသခင့်နိုင်ငံတော်က ယေဟောဝါသက်သေတွေအတွက် အဓိပ္ပာယ်အများကြီး ရှိပါတယ်။ သင်လည်း ဘုရားသခင့်နိုင်ငံတော်က အနာဂတ်မှာ လုပ်ဆောင်ပေးမယ့် အရာတွေကို စိတ်ဝင်စားမိနိုင်တယ်။ ဒါပေမဲ့ ဒီကတိတွေက ကောင်းလွန်းနေတဲ့အတွက် ဖြစ်နိုင်ပါ့မလားလို့ သင် တွေးကောင်းတွေးပါလိမ့်မယ်။
ကြားရတဲ့ အရာတိုင်းကို အလွယ်တကူယုံတာက ပညာမဲ့ရာရောက်ပါတယ်။ (သုတ္တံ ၁၄:၁၅) ရှေးခေတ်က ဗေရိမြို့ * သားတွေလည်း ကြားရတဲ့အရာတိုင်းကို အလွယ်တကူ မယုံခဲ့ပါဘူး။ ဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်ပေးမယ့် အရာတွေအကြောင်း သူတို့ ကြားတဲ့အခါ နှစ်သက်စရာကောင်းတာနဲ့ပဲ တစ်ခါတည်း လက်ခံလိုက်တာ မဟုတ်ပါဘူး။ လက်မခံခင် “မှန်မမှန် သိမြင်” ဖို့ ကျမ်းစာကို သူတို့ အသေအချာ ဆန်းစစ်ခဲ့ကြပါတယ်။ (တမန်တော် ၁၇:၁၁) နောက်တစ်နည်းပြောရရင် ဗေရိမြို့သားတွေဟာ သူတို့ကြားခဲ့တဲ့ သတင်းကောင်းနဲ့ ကျမ်းစာပြောဆိုရာတွေကို နှိုင်းယှဉ်လေ့လာခဲ့ကြတယ်။ ဒါကြောင့် သူတို့ကြားခဲ့တဲ့ သတင်းကောင်းက ဘုရားသခင့်စကားတော်ဖြစ်တဲ့ ကျမ်းစာအပေါ် အခိုင်အမာ အခြေခံထားတယ်ဆိုတာ သိရှိလာကြတယ်။
ဗေရိမြို့သားတွေလိုပဲ ကျမ်းစာကိုဆန်းစစ်လေ့လာကြည့်ဖို့ ယေဟောဝါသက်သေတွေက သင့်ကို ဖိတ်ခေါ်ပါတယ်။ အခမဲ့ကျမ်းစာလေ့လာမှု အစီအစဉ်ကနေ ကျွန်ုပ်တို့ လက်ခံယုံကြည်ထားတဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်းနဲ့ ကျမ်းစာသွန်သင်ချက်တွေကို နှိုင်းယှဉ်ကြည့်ပါ။
သင် ကျမ်းစာလေ့လာတဲ့အခါ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို သိရှိလာမယ့်အပြင် ဘဝရဲ့ အရေးကြီးမေးခွန်းတွေရဲ့ အဖြေကိုလည်း ရှာတွေ့ပါလိမ့်မယ်။
အဲဒါတွေထက် အရေးကြီးတာက ကျမ်းစာလေ့လာခြင်းအားဖြင့် ဘုရားသခင်နဲ့ သင်ပိုရင်းနှီးလာပါလိမ့်မယ်။ (ယာကုပ် ၄:၈) ဘုရားသခင်နဲ့ သင်ပိုရင်းနှီးလာမယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော်က သင့်အကျိုးအတွက် အခုသာမက ထာဝစဉ်လုပ်ဆောင်ပေးသွားမယ်ဆိုတာ ပိုသိလာမှာဖြစ်တယ်။ ယေရှုက ဖခင်ဆီ ဆုတောင်းတဲ့အခါ ထည့်ပြောခဲ့တဲ့ အတိုင်း၊ ‘မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို ဆည်းပူးနေ’ မယ်ဆိုရင် နောက်ဆုံးမှာ “ထာဝရအသက်” ရရှိပါလိမ့်မယ်။—ယောဟန် ၁၇:၃။
^ စာပိုဒ်၊ 4 ဗေရိမြို့ဆိုတာ ရှေးမက်ဆီဒိုးနီးယားပြည်မှာရှိတဲ့ မြို့ဖြစ်တယ်။