မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ပျော်ရွှင်ကျေနပ်မှုရစေတဲ့ ရွေးချယ်မှုများ

ပျော်ရွှင်ကျေနပ်မှုရစေတဲ့ ရွေးချယ်မှုများ

ပျော်ရွှင်ကျေနပ်မှုရစေတဲ့ ရွေးချယ်မှုများ

“ငါသာ အဲဒီလိုမလုပ်ခဲ့ရင် အကောင်းသား၊ အခုတော့။” အဲဒီလို သင် ဘယ်နှစ်ခါ ပြောဖူးပါသလဲ။

ကျွန်ုပ်တို့အားလုံးဟာ ဘဝနဲ့ချီပြီး အရေးကြီးတဲ့ရွေးချယ်မှုတွေလုပ်တဲ့အခါ နောက်မှနောင်တရစေမယ့် ရွေးချယ်မှုတွေကို မလုပ်လိုကြဘူး။ ဒါဆိုရင် ဘယ်လိုနည်းနဲ့ ပျော်ရွှင်ကျေနပ်မှုရစေတဲ့ ရွေးချယ်မှုတွေ လုပ်နိုင်မလဲ။

ဦးဆုံး၊ ယုံကြည်စိတ်ချထိုက်တဲ့ စံနှုန်းတွေ ကျွန်ုပ်တို့မှာ ရှိဖို့လိုတယ်။ အဲဒီစံနှုန်းတွေ ရှိကောရှိရဲ့လား။ လူများစွာကတော့ မရှိဘူးလို့ ယူဆကြတယ်။ အမှားအမှန်စံနှုန်းဆိုတာ မရှိဘူး၊ “ကိုယ်ပိုင်စံနှုန်းတွေ၊ ယဉ်ကျေးမှုတွေ ကွဲပြားတာကြောင့်” အကောင်းအဆိုးနဲ့ ပတ်သက်တဲ့ခံယူချက်တွေဟာ အမျိုးမျိုးဖြစ်နေရတာလို့ အကြီးတန်းကောလိပ်ကျောင်းသား ၇၅ ရာခိုင်နှုန်းရဲ့ ယုံကြည်ချက်ကို အမေရိကန်နိုင်ငံရဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားတယ်။

ကိုယ်ကျင့်တရားစံနှုန်းဆိုတာ ကိုယ်ပိုင်ခံယူချက်၊ ရေပန်းစားနေတဲ့ ခံယူချက်ဖြစ်တယ်လို့ပြောတာက တကယ်ပဲ လက်တွေ့ကျရဲ့လား။ အဲဒီလို မဖြစ်နိုင်ပါဘူး။ တကယ်လို့ လူတွေက စံနှုန်းမထားဘဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်နေမယ်ဆိုရင် အကျိုးဆက်တွေက မတွေးဝံ့စရာပဲ။ တရားဥပဒေမရှိ၊ တရားရုံးမရှိ၊ ရဲမရှိတဲ့ မင်းမဲ့နိုင်ငံမျိုးမှာ ဘယ်သူ့မှ နေချင်ကြမှာမဟုတ်ဘူး။ ဒါ့အပြင် ကိုယ်ပိုင်ခံယူချက်ကိုလည်း အမြဲတမ်း ယုံကြည်စိတ်ချလို့ မရပါဘူး။ ကျွန်ုပ်တို့အားလုံးဟာ မှန်မယ်လို့ထင်တာတွေကို ရွေးချယ်ပြီးဆုံးဖြတ်တတ်ကြပေမဲ့ နောက်ပိုင်းကျတော့ အဲဒီဆုံးဖြတ်ချက်က မှားနေမှန်းသိသွားကြတယ်။ “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” ဆိုတဲ့ ကျမ်းစာအဆိုက တကယ်ပဲ မှန်ကန်တယ်ဆိုတာ လူ့သမိုင်းက မီးမောင်းထိုးပြနေပါတယ်။ (ယေရမိ ၁၀:၂၃) ဘဝနဲ့ချီပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ ထောက်ကူပေးတဲ့ လမ်းညွှန်ချက်တွေကို ဘယ်မှာရှာတွေ့နိုင်မလဲ။

ရှေ့ဆောင်းပါးမှာဖော်ပြခဲ့တဲ့ လူငယ်အရာရှိဟာ လမ်းညွှန်ချက်ရဖို့ ယေရှုဆီ သွားခဲ့ပါတယ်။ သူမေးတဲ့မေးခွန်းကို ယေရှုက ဘုရားသခင့်ပညတ်ကို အခြေခံပြီး ဖြေဆိုပေးခဲ့တယ်။ ယေဟောဝါ *ဘုရားသခင်ဟာ သက်ရှိတွေအတွက် ဘာက အကောင်းဆုံးလဲဆိုတာသိတဲ့ အသိပညာအမြင့်မားဆုံးအရှင်၊ ဉာဏ်ပညာအရှိဆုံးအရှင် ဖြစ်တယ်လို့ ယေရှု အသိအမှတ်ပြုခဲ့တယ်။ ဒါကြောင့် ယေရှု အခုလိုပြောခဲ့ပါတယ်– “ငါသွန်သင်သော တရားသည် ငါ၏တရားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ တရားတော်ဖြစ်၏။” (ယောဟန် ၇:၁၆) သမ္မာကျမ်းစာဟာ ဘဝမှာ ပညာရှိရွေးချယ်မှုတွေပြုလုပ်ပြီး ဆုံးဖြတ်ချက်တွေချနိုင်အောင် လမ်းညွှန်ပေးတဲ့ ယုံကြည်စိတ်ချထိုက်တဲ့စာအုပ် ဖြစ်ပါတယ်။ ပျော်ရွှင်မှုရရှိစေနိုင်တဲ့ ကျမ်းစာလမ်းညွှန်ချက်တချို့ကို သုံးသပ်ကြည့်ရအောင်။

ရွှေပညတ်

လူမှုဆက်ဆံရေးမှာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ထောက်ကူပေးတဲ့ ဒီအခြေခံလမ်းညွှန်ချက်ကို တောင်ပေါ်တရားတော်မှာ ယေရှု သင်ပေးခဲ့ပါတယ်– “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။” (မဿဲ ၇:၁၂) လူမှုဆက်ဆံရေးဆိုင်ရာ အဲဒီလမ်းညွှန်ချက်ကို ရွှေပညတ်လို့လည်း ခေါ်လေ့ရှိကြတယ်။

ဒါပေမဲ့ တချို့ကျတော့ အဲဒီလမ်းညွှန်ချက်ကို ပြောင်းပြန်အသုံးပြုကြတယ်။ “ကိုယ့်ကိုမလုပ်စေချင်တဲ့အရာကို တခြားသူကိုလည်း မလုပ်နဲ့။” ရွှေပညတ်နဲ့ အဲဒီပညတ်အကြား ကွာခြားချက်ကို သိမြင်နိုင်ဖို့ ယေရှုပြောခဲ့တဲ့ ရှမာရိလူပုံဥပမာအကြောင်း သုံးသပ်ကြည့်ပါ။ ဂျူးတစ်ယောက်ကို သေလုမြောပါးရိုက်ပြီး ဒီအတိုင်း လမ်းပေါ်မှာပစ်ထားလိုက်တယ်။ ဂျူးလူမျိုးဖြစ်တဲ့ ပုရောဟိတ်တစ်ယောက်နဲ့ လေဝိလူတစ်ယောက်တို့ဟာ ဝေဒနာခံစားနေရတဲ့ အဲဒီလူကိုမြင်ပေမဲ့ ဘာမှမလုပ်ပေးဘဲ ထွက်သွားကြတယ်။ ရွှေပညတ်ကို ပြောင်းပြန်အသုံးပြုထားတဲ့ ပညတ်အတိုင်း သူတို့ အဲဒီလိုလုပ်လိုက်တာလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ရှမာရိလူကတော့ ဒဏ်ရာရနေတဲ့သူကို ကူညီပေးခဲ့တယ်။ ဒဏ်ရာတွေကို ပတ်တီးစည်းပေးတဲ့အပြင် ရိပ်သာတစ်ခုဆီကိုပါ ခေါ်သွားပေးတယ်။ ရှမာရိလူကတော့ ကိုယ့်ကို သူများဆက်ဆံစေချင်တဲ့အတိုင်း တခြားသူအပေါ် ဆက်ဆံခဲ့တယ်။ သူက ပညာရှိရှိ ရွေးချယ်ပြီး ရွှေပညတ်အတိုင်း ဆုံးဖြတ်လုပ်ဆောင်ခဲ့ပါတယ်။—လုကာ ၁၀:၃၀-၃၇

ပျော်ရွှင်မှုပေးတဲ့ ရွှေပညတ်ကို ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေအများကြီး ရှိပါတယ်။ ဥပမာ၊ ကိုယ့်အိမ်နားကို မိသားစုတစ်စု ပြောင်းလာတယ်ဆိုပါစို့။ သူတို့ကို ကိုယ်က စတင်မိတ်ဆက်ပြီး ကြိုဆိုတာကောင်းတယ် မဟုတ်လား။ ပတ်၀န်းကျင်အသစ်အကြောင်း သူတို့သိလာအောင် ကူညီပေးနိုင်တယ်။ ဒါ့အပြင် သူတို့မသိတာတွေနဲ့ လိုအပ်ရာတွေကို ပြောပြပြီး ကူညီပေးနိုင်ပါတယ်။ ကိုယ့်ဘက်ကနေအစပြုပြီး သူတို့ကို စာနာထောက်ထားမှုပြမယ်ဆိုရင် သူတို့နဲ့ ဆက်ဆံရေးပြေပြစ်လာမှာ ဖြစ်တယ်။ ဘုရားနှစ်သက်ရာကို ကိုယ်လုပ်နေပါလားဆိုတဲ့ အသိကနေလည်း ကျေနပ်ပျော်ရွှင်မှုခံစားရမှာ ဖြစ်တယ်။ ဒါက ပညာရှိရှိရွေးချယ်ပြီး ဆုံးဖြတ်လုပ်ဆောင်လိုက်တာပဲ မဟုတ်လား။

လူသားချင်းကို ချစ်တဲ့မေတ္တာအပေါ် အခြေခံထားတဲ့ ရွေးချယ်မှုများ

သင်ရဲ့ဆုံးဖြတ်ချက်က တခြားသူတွေအပေါ် အကျိုးသက်ရောက်နိုင်

ပညာရှိရှိရွေးချယ်နိုင်အောင် ရွှေပညတ်အပြင် တခြားလမ်းညွှန်ချက်တွေကိုလည်း ယေရှုပေးခဲ့ပါတယ်။ မောရှေပညတ်ထဲမှာ ဘယ်ပညတ်က အကြီးအမြတ်ဆုံးလဲလို့ မေးလာတဲ့အခါ ယေရှုဒီလိုပြန်ဖြေခဲ့တယ်– “ ‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။’ ဤပညတ်သည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်ဖြစ်၏။ ဤပညတ်နှင့်ဆင်တူသည့် ဒုတိယပညတ်ကား ‘လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ဖြစ်၏။ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းရှိသမျှတို့သည် ဤပညတ်နှစ်ပါးကို အခြေခံထားသည်။”—မဿဲ ၂၂:၃၆-၄၀

အချင်းချင်းချစ်ပါဆိုတဲ့ “ပညတ်သစ်” ကို ယေရှုမသေဆုံးခင်ညမှာ တပည့်တွေကို ပေးခဲ့တယ်။ (ယောဟန် ၁၃:၃၄) ပညတ်သစ်ဆိုပြီး ယေရှု ဘာဖြစ်လို့ ပြောခဲ့တာလဲ။ ပညတ်တရားအားလုံးရဲ့ အနှစ်ချုပ်ပညတ်နှစ်ခုထဲက တစ်ခုဖြစ်တဲ့ လူသားချင်းကို ချစ်ပါဆိုတဲ့အကြောင်း ကိုယ်တော် ရှင်းပြပြီးပြီ မဟုတ်လား။ ဒါ့အပြင် မောရှေပညတ်အောက်မှာရှိတဲ့ အစ္စရေးလူတွေကိုလည်း “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်” လို့ မိန့်မှာခဲ့တယ်။ (ဝတ်ပြုရာ ၁၉:၁၈) ဒါပေမဲ့ ယေရှုပေးတဲ့ပညတ်သစ်မှာ ချစ်ရုံထက်မက လုပ်ဆောင်မှုပါ လိုက်ပါရမယ်လို့ တပည့်တွေကို မိန့်မှာနေတာဖြစ်တယ်။ အဲဒီညမှာပဲ တပည့်တွေအတွက် မိမိရဲ့အသက်ကို ပေးဆက်တော့မယ်လို့ ယေရှု ပြောခဲ့တယ်။ ပြီးနောက် ဒီလိုဆက်ပြောတယ်– “ငါ၏ပညတ်ကား ငါသည် သင်တို့ကိုချစ်သည့်နည်းတူ သင်တို့လည်း အချင်းချင်း ချစ်ကြလော့။ ကိုယ့်မိတ်ဆွေတို့အတွက် အသက်ကိုစွန့်သောမေတ္တာထက် သာ၍ကြီးမြတ်သော မေတ္တာမရှိ။” (ယောဟန် ၁၅:၁၂၊ ၁၃) ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုးကို ဦးစားပေးရမှာဖြစ်လို့ ဒီပညတ်ဟာ အသစ်ဖြစ်သွားပါတယ်။

တစ်ကိုယ်ကောင်းမဆန်ဘဲ ကိုယ်ကျိုးစွန့်မေတ္တာပြနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ဥပမာ၊ သင်က တိုက်ခန်းတစ်ခန်းမှာ နေတယ်ဆိုပါစို့။ ကိုယ်က မြူးမြူးကြွကြွ ခေတ်သီချင်းတွေကို အကျယ်ကြီးဖွင့်ပြီး နားထောင်ချင်တယ်။ ဒါပေမဲ့ အိမ်နီးချင်းကတော့ ဒီသီချင်းသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်နိုင်တယ်။ ဒါဆိုရင် အိမ်နီးချင်းကို စိတ်အနှောင့်အယှက် မဖြစ်ရအောင် သီချင်းသံကို သင် တိုးပေးနိုင်မလား။ နောက်တစ်နည်းပြောရရင် ကိုယ့်အကျိုးထက် အိမ်နီးချင်းရဲ့အကျိုးကို ဦးစားပေးနိုင်မလား။

နောက်ဥပမာတစ်ခုကိုလည်း သုံးသပ်ကြည့်ပါ။ ကနေဒါနိုင်ငံ၊ နှင်းကျနေတဲ့ ဆောင်းတွင်းတစ်နေ့မှာ သက်ကြီးရွယ်အိုတစ်ယောက်ဆီ ယေဟောဝါသက်သေနှစ်ယောက် သွားလည်ကြတယ်။ စကားစမြည်ပြောရင်းနဲ့ သက်ကြီးရွယ်အိုက နှလုံးရောဂါကြောင့် အိမ်ရှေ့ကနှင်းတွေကို မရှင်းနိုင်ဘူးလို့ ပြောပြတယ်။ သက်သေခံတွေထွက်သွားပြီး နာရီဝက်လောက်အကြာမှာတော့ နှင်းတွေ ရှင်းထုတ်နေတဲ့ အသံတွေကို သူကြားရတယ်။ သက်သေခံနှစ်ယောက် ပြန်လာပြီး လမ်းပေါ်ကနေ သူ့အိမ်ရှေ့အထိ နှင်းတွေကို ရှင်းပေးလိုက်ကြတယ်။ ဒီလုပ်ရပ်ကြောင့် ကနေဒါနိုင်ငံရှိ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို သက်ကြီးရွယ်အို ခုလိုစာရေးလိုက်တယ်– “စစ်မှန်တဲ့ခရစ်ယာန်မေတ္တာကို ဒီနေ့ ကျွန်တော် ခံစားလိုက်ရတယ်။ ဒါကြောင့် ဒီလောကကြီးအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ အဆိုးမြင်သဘောထားတွေ ပြောင်းလဲသွားတယ်။ ဒါ့အပြင် သင်တို့ရဲ့ ကမ္ဘာချီကြိုးစားလုပ်ဆောင်မှုတွေကို အရင်ကထက် ကျွန်တော် ပိုပြီးတန်ဖိုးထား လေးစားလာတယ်။” အသေးအဖွဲကိစ္စလေးကိုတောင် ကူညီပေးလိုက်တာက တခြားသူတွေအပေါ် အကျိုးအများကြီး သက်ရောက်နိုင်ပါတယ်။ ဒီလိုမျိုးကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်ပေးလိုက်တာက ဘယ်လောက်တောင် ပျော်ရွှင်စရာကောင်းလိုက်သလဲ။

ဘုရားကို ချစ်တဲ့မေတ္တာအပေါ် အခြေခံထားတဲ့ ရွေးချယ်မှုများ

အကြီးမြတ်ဆုံးပညတ်ဖြစ်တဲ့ ဘုရားသခင်ကို ချစ်ပါဆိုတဲ့အချက်ကိုမူတည်ပြီး ဆုံးဖြတ်ချက်တွေချသင့်တယ်။ ဒီပညတ်က ယေဟောဝါဘုရားကို ဝတ်ပြုပါမယ်လို့ လူမျိုးတစ်မျိုးလုံး ကတိပြုထားတဲ့ အစ္စရေးလူတွေကို ယေရှု ရည်ညွှန်းပြောဆိုနေတာ ဖြစ်တယ်။ ဒါပေမဲ့ အစ္စရေးတစ်ဦးချင်းစီက ယေဟောဝါဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုမလားဆိုတာကိုတော့ ကိုယ်တိုင် ရွေးချယ်ရမှာဖြစ်တယ်။—တရားဟောရာ ၃၀:၁၅၊ ၁၆

ထပ်တူပါပဲ၊ သင့်ရဲ့ရွေးချယ်မှုက ဘုရားသခင်အပေါ် သင်ဘယ်လို သဘောထားသလဲဆိုတာ ဖော်ပြတယ်။ ဥပမာ၊ ကျမ်းစာလမ်းညွှန်ချက်တွေကို သိရှိပြီး တန်ဖိုးထားလာတဲ့အခါ သင်လည်းပဲ ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ချက်ချရတော့မယ်။ သင်ဟာ ယေရှုရဲ့နောက်လိုက်ဖြစ်ဖို့ ကျမ်းစာကို စနစ်တကျ လေ့လာလိုစိတ်ရှိသလား။ အဲဒီလိုလုပ်ဖို့ဆုံးဖြတ်မယ်ဆိုရင် သင်ဟာ ပျော်ရွှင်မှုခံစားရမှာ သေချာတယ်။ အကြောင်းကတော့ “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” လို့ ယေရှုပြောခဲ့လို့ပါ။—မဿဲ ၅:၃

လူငယ်အရာရှိဟာ သူ့ရဲ့ရွေးချယ်မှုအပေါ် နောင်တရမရဆိုတာ ကျွန်ုပ်တို့မသိပါဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ယေရှုခရစ်ရဲ့ နောက်လိုက်ဖြစ်ခဲ့တဲ့ တမန်တော်ပေတရုရဲ့ စိတ်ခံစားချက်ကို သိရှိနိုင်ပါတယ်။ ပေတရုမသေဆုံးခင် ခရစ်နှစ် ၆၄ ခုနှစ်လောက်မှာ ဘုရားအမှုတော်ဆောင်တဲ့သူတွေကို ဒီလိုအားပေးခဲ့ပါတယ်– “[ဘုရားသခင်] ရှေ့တော်မှောက်၌ အစွန်းအထင်း၊ အပြစ်အနာအဆာမရှိဘဲ ငြိမ်သက်ခြင်းရှိစေရန် အစွမ်းကုန်ကြိုးစားကြလော့။” (၂ ပေတရု ၁:၁၄; ၃:၁၄) ပေတရုဟာ လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်က သူ့ရဲ့ရွေးချယ်အပေါ် နောင်တမရခဲ့ဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် ဘုရားအမှုတော်ဆောင်ဖို့ ရွေးချယ်ပြီး ဆုံးဖြတ်ခဲ့တဲ့သူတွေကိုလည်း ရွေးချယ်မှုအတိုင်း ဆက်လုပ်ဆောင်သွားဖို့ အားပေးခဲ့တယ်။

ယေရှုခရစ်ရဲ့ တပည့်အဖြစ် ထမ်းဆောင်ရမယ့် တာဝန်တွေကို လက်ခံဖို့၊ ဘုရားပညတ်တွေကို ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်တာက ပေတရုရဲ့အကြံပြုချက်အတိုင်း လုပ်ဆောင်နေတာဖြစ်တယ်။ (လုကာ ၉:၂၃; ၁ ယောဟန် ၅:၃) အဲဒီလိုလုပ်ဆောင်တဲ့အခါ အခက်အခဲတွေကြုံရနိုင်ပေမဲ့ ယုံကြည်စိတ်ချထိုက်တဲ့ ဒီကတိကို ယေရှုပေးခဲ့တယ်– “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ သင်တို့ကို ငါလန်းဆန်းစေမည်။ ငါ့ထမ်းပိုးကို ထမ်း၍ ငါ့ထံမှ သင်ယူကြလော့။ အကြောင်းမူကား ငါသည် နူးညံ့သိမ်မွေ့၍ စိတ်နှိမ့်ချသောသဘောရှိ၏။ သင်တို့သည် လန်းဆန်းရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။”—မဿဲ ၁၁:၂၈-၃၀

အာသာလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ အကြောင်းကို သုံးသပ်ကြည့်ပါ။ အာသာဟာ အောင်မြင်ကျော်ကြားတဲ့ တယောပညာရှင်ဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ အသက် ၁၀ နှစ်မှာ တယောထိုးပညာကို သင်ယူခဲ့တယ်။ အသက် ၁၄ နှစ်မှာ တယောပညာရှင် ဖြစ်လာတယ်။ ဒါပေမဲ့ သူ မပျော်ခဲ့ဘူး။ သူ့အဖေက ဘာသာရေးဆရာတွေကို အိမ်ကိုဖိတ်ခေါ်ပြီး ဘဝရဲ့အဓိပ္ပာယ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးတတ်တယ်။ ဒါပေမဲ့ ဆရာတွေရဲ့ဖြေဆိုချက်တွေကို သူ့အဖေ သဘောမကျဘူး။ တကယ်ကော ဘုရားသခင် ရှိရဲ့လား၊ ရှိတယ်ဆိုရင် ဆိုးသွမ်းမှုတွေကို ဘာကြောင့်ခွင့်ပြုထားရတာလဲ စတာတွေကို မိသားစုလိုက် ဆွေးနွေးပြောဆိုကြတယ်။ နောက်ပိုင်းမှာ အာသာရဲ့အဖေက ယေဟောဝါသက်သေတွေနဲ့ ဆွေးနွေးဖြစ်တယ်။ အာသာရဲ့အဖေက ဆွေးနွေးချက်တွေကို သဘောကျသွားတဲ့အတွက် မိသားစုလိုက် ကျမ်းစာလေ့လာခဲ့ကြတယ်။

ကျမ်းစာသင်နေရင်း အာသာဟာ ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ခွင့်ပြုထားရတဲ့အကြောင်းကို ကျမ်းစာကနေ သိလာတဲ့အပြင် အသက်ရှင်ရတဲ့ ရည်ရွယ်ချက်ကိုပါ ရှင်းရှင်းလင်းလင်း နားလည်လာတယ်။ မိသားစုဝင်သုံးယောက်နဲ့အတူ သူဟာ ဘယ်တော့မှ နောင်တရမှာမဟုတ်တဲ့ အရာကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ယေဟောဝါဘုရားသခင်ကို ကိုးကွယ်ဖို့ သူရွေးချယ်ခဲ့ပြီး အခုလိုပြောပြပါတယ်– “ယေဟောဝါဘုရားက ကျွန်တော့်ကို အမှန်တရားသိရှိခွင့် ပေးခဲ့တဲ့အတွက် ဝမ်းသာမိတယ်။ ဒါ့အပြင် အောင်မြင်ဖို့ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲနေတဲ့ ဂီတလောကကြီးမှာ နစ်မွန်းမနေဖို့ ဘုရားသခင် ဆွဲတင်ပေးခဲ့တယ်။ လူတွေက အောင်မြင်မှုရဖို့ ဘာမဆိုလုပ်ရဲကြတယ်။”

အာသာဟာ သူငယ်ချင်းတွေကို တယောထိုးဖျော်ဖြေပေးနေတုန်းပါ။ ဒါပေမဲ့ သူ့ရဲ့ဘဝကို တယောထိုးတာနဲ့ပဲ အချိန်ကုန်မခံဘူး။ အဲဒီအစား ဘုရားရေးရာကိစ္စတွေကိုပဲ အာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ အခုဆိုရင် အာသာဟာ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးတစ်ရုံးမှာ တာဝန်ထမ်းဆောင်နေပါတယ်။ သင်လည်း ချမ်းသာကြွယ်ဝတဲ့ လူငယ်အရာရှိနဲ့မတူဘဲ အာသာနဲ့ သန်းပေါင်းများစွာသောလူတွေလို ယေရှုရဲ့နောက်လိုက်ဖြစ်ပါဆိုတဲ့ ဖိတ်ခေါ်ချက်ကို လက်ခံမယ်ဆိုရင် ပျော်ရွှင်ကျေနပ်မှုရစေတဲ့ ပညာရှိရွေးချယ်မှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ကျမ်းစာကိုလေ့လာပြီး ယေရှုနောက်လိုက် ဖြစ်ချင်ပါသလား

^ စာပိုဒ်၊ 7 ယေဟောဝါဆိုတဲ့ နာမည်ဟာ ကျမ်းစာမှာပါတဲ့ ဘုရားရဲ့နာမည်ဖြစ်တယ်။