တော်ဝင် လက်ဆောင်များ
“အရှေ့တိုင်းမှ နက္ခတ်ဗေဒင်ဆရာများသည် ဂျေရုဆလင်မြို့သို့ ရောက်လာကြ၍ . . . မိမိတို့၏ဘဏ္ဍာကြုတ်များကိုဖွင့်၍ ရွှေ၊ လောဗန်နဲ့ မုရန် လက်ဆောင်တို့ကို ဆက်သကြ၏။” —မဿဲ ၂:၁၊ ၁၁။
အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးကို လက်ဆောင်ပေးချင်ရင် ဘာပေးမလဲ။ ကျမ်းစာခေတ်မှာ အမွှေးနံ့သာတချို့ဟာ ရွှေလို တန်ဖိုးကြီးတာမို့ ရှင်ဘုရင်တွေကို ဆက်သကြတယ်။ * ဒါကြောင့် “ဂျူးတို့၏ ရှင်ဘုရင်” ကို နက္ခတ်ဗေဒင်ဆရာတွေဆက်သတဲ့ လက်ဆောင်တွေထဲမှာ အမွှေးနံ့သာနှစ်မျိုးပါနေတာ ဖြစ်တယ်။—မဿဲ ၂:၁၊ ၂၊ ၁၁။
ရှောလမုန်ဘုရင်ကို ရှေဘဘုရင်မ လာခစားတဲ့အခါ “ရွှေအခွက်တစ်ရာ့နှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မျက်တို့ကိုဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့်တူသော နံ့သာမျိုးသည်မရှိ” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ ရာဇဝင်ချုပ် ၉:၉) ရှင်ဘုရင်တွေကလည်း ရှောလမုန်အတွက် လက်ဆောင်အဖြစ် ဗာလစံဆီမွှေးကို ဆက်သကြတယ်။ *—၂ ရာဇဝင်ချုပ် ၉:၂၃၊ ၂၄။
အဲဒီအမွှေးနံ့သာတွေနဲ့ အမွှေးနံ့သာပါတဲ့ထုတ်ကုန်တွေက ကျမ်းစာခေတ်မှာ ဘာကြောင့် အဖိုးထိုက်ပြီး စျေးကြီးရတာလဲ။ အကြောင်းကတော့ အမွှေးနံ့သာတွေကို အလှကုန်ပစ္စည်း၊ ဘာသာရေး အသုံးအဆောင်နဲ့ စျာပနအခမ်းအနားတွေမှာ အသုံးများလို့ပါ။ (“ ကျမ်းစာခေတ်မှာ အမွှေးနံ့သာ အသုံးပြုပုံများ” လေးထောင့်ကွက်ကို ကြည့်ပါ။) အမွှေးနံ့သာတွေကို လူတိုင်းတန်ဖိုးထားတဲ့အပြင် သယ်ယူပို့ဆောင်ဖို့၊ စျေးကွက်တင်ပို့ဖို့ စရိတ်များတာကြောင့် စျေးကြီးရခြင်း ဖြစ်ပါတယ်။
အာရေဗျ သဲကန္တာရကို ဖြတ်ကျော်
ကျမ်းစာခေတ်က အမွှေးနံ့သာပင်တချို့ဟာ ဂျော်ဒန်ချိုင့်ဝှမ်းမှာ ပေါက်တယ်။ တချို့ကိုတော့ တိုင်းတစ်ပါးကနေ တင်သွင်းရတယ်။ အမွှေးနံ့သာထုတ်ကုန်မျိုးစုံကို ကျမ်းစာထဲမှာ ဖော်ပြထားပြီး ကုံကုမံ၊ ရှားစောင်းလက်ပပ်၊ ဗာလစံဆီမွှေး၊ သစ်ကြံပိုး၊ လောဗန်နဲ့ မုရန်စေးတို့ကို လူသိများကြတယ်။ ဒါ့အပြင် ဇီရာ၊ ပူစီနံနဲ့ စမုန်စပါးတို့က လူသုံးများတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ဖြစ်တယ်။
ဒီအမွှေးနံ့သာတွေ ဘယ်ကလာသလဲ။ ရှားစောင်းလက်ပပ်၊ တရုတ်သစ်ကြံပိုးနဲ့ သစ်ကြံပိုးပင်တို့က တရုတ်ပြည်၊ အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေကနေ လာတယ်။ အာရေဗျတောင်ပိုင်းကနေ အာဖရိကတိုက် ဆိုမာလီးယားနိုင်ငံအထိ ကျယ်ပြန့်တဲ့ကန္တာရထဲမှာ ပေါက်တဲ့ချုံနွယ်ပင်တွေကနေ မုရန်စေးနဲ့ လောဗန်တို့ကို ရရှိတယ်။ အိန္ဒိယနိုင်ငံရဲ့ သီးသန့်ထုတ်ကုန်ဖြစ်တဲ့ နာဒုဆီခေါ် နံ့သာဆီကျတော့ ဟိမဝန္တာတောင်တန်းဒေသကနေလာတယ်။
အာရေဗျဒေသကိုဖြတ်ကျော်ပြီး အစ္စရေးပြည်ထဲ အမွှေးနံ့သာတွေ တင်သွင်းတယ်။ ဒါကြောင့် ဘီစီ ပထမနဲ့ ဒုတိယထောင်စုနှစ်အတွင်း အာရေဗျဒေသဟာ “အရှေ့တိုင်းနဲ့ အနောက်တိုင်း ကုန်စည်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းကို ချုပ်ကိုင်တဲ့နေရာဖြစ်လာတယ်” လို့ [The Book of Spices] စာအုပ်က ဖော်ပြထားတယ်။ အစ္စရေးနိုင်ငံတောင်ပိုင်း နက်ဂဗ်ဒေသမှာရှိတဲ့ မြို့ဟောင်းတွေ၊ ခံတပ်တွေနဲ့ ခရီးတစ်ထောက်နားတဲ့နေရာတွေက အမွှေးနံ့သာကုန်သည်တွေ
အနားယူတဲ့နေရာတွေဖြစ်တယ်။ အဲဒီနေရာတွေက “တောင်ပိုင်းအာရေဗျနဲ့ မြေထဲပင်လယ် ကုန်သွယ်ရေးလမ်းကြောင်းမှာ အချက်အချာကျတယ်” လို့ ယူနက်စကိုအဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးဌာနက ဖော်ပြတယ်။“အရွယ်အစားက ငယ်၊ စျေးနှုန်းက ကြီး၊ ဝယ်လိုအားက များတာမို့ အမွှေးနံ့သာတွေဟာ ကုန်သွယ်ရေးမှာ လူကြိုက်များတဲ့ ပစ္စည်းဖြစ်ခဲ့။” —The Book of Spices
အမွှေးနံ့သာတွေ အပြည့်တင်ထားတဲ့ ကုလားအုတ်တန်းတွေဟာ မိုင် ၁,၁၀၀ လောက်ရှိတဲ့ အာရေဗျဒေသကို ဖြတ်သန်းသွားလာလေ့ရှိတယ်။ (ယောဘ ၆:၁၉) အိရှမေလ ကုန်သည်တွေက ဂိလဒ်ပြည်ကနေ အီဂျစ်ပြည်ကို “နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေး” တွေသယ်ဆောင်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၃၇:၂၅) ယာကုပ်ရဲ့ သားတွေက ညီယောသပ်ကို ဒီကုန်သည်တွေဆီ ရောင်းခဲ့တယ်။
“အကောင်းဆုံး ကုန်သွယ်ရေးလျှို့ဝှက်ချက်ကို အတော်ကြာကြာထိန်းသိမ်းထား”
အမွှေးနံ့သာကုန်သွယ်ရေးကို အာရေဗျကုန်သည်တွေက နှစ်ပေါင်းရာနဲ့ချီ လက်ဝါးကြီးအုပ်ခဲ့ကြပြီး တရုတ်သစ်ကြံပိုးနဲ့ သစ်ကြံပိုး အမွှေးနံ့သာတွေကို အာရှကနေ တင်သွင်းတယ်။ အရှေ့တိုင်းကနေ မြေထဲပင်လယ်အထိ အမွှေးနံ့သာတွေကို ကုန်ကူးတဲ့အခါ အန္တရာယ်ထူပြောတဲ့အကြောင်း အာရေဗျကုန်သည်တွေက ကြံဖန်ချဲ့ကားပြောတတ်ကြတယ်။ အဓိကရည်ရွယ်ချက်ကတော့ “အကောင်းဆုံး ကုန်သွယ်ရေး လျှို့ဝှက်ချက်ကို အတော်ကြာကြာ ထိန်းသိမ်းထားဖို့ ဖြစ်နိုင်တယ်” လို့ [The Book of Spices] စာအုပ်က ဖော်ပြတယ်။
အာရေဗျကုန်သည်တွေ ဘယ်လိုချဲ့ကားပြောကြသလဲ။ ချောက်ကမ်းပါးတွေပေါ်မှာ သစ်ကြံပိုးခေါက် အသိုက်တွေဆောက်တဲ့ ငှက်ကြီးတွေအကြောင်း ဘီစီ ၅ ရာစုက ဂရိသမိုင်းပညာရှင် ဟဲရိုဒိုတပ်စ် ပြောဖူးတယ်။ အဲဒီအဖိုးတန် အမွှေးနံ့သာကိုရဖို့ ရှာဖွေသူတွေက ချောက်ကမ်းပါးအောက်ခြေမှာ အသားတုံးကြီးတွေ ချပေးကြတယ်လို့ ဆိုတယ်။ ငှက်တွေက အသားတုံးတွေကို အသိုက်ဆီ လောဘတကြီးသယ်သွားတာမို့ အသိုက်ကလေးပြီး မြေပြင်ပေါ်ပြုတ်ကျလာတဲ့အခါ
သစ်ကြံပိုးခေါက်တွေကို လူတွေ မြန်မြန်ကောက်ယူကြတယ်။ ပြီးတော့ ကုန်သည်တွေဆီ ရောင်းချကြတယ်။ အဲဒီလို လုပ်ဇာတ်တွေက ပျံ့နှံ့လာတယ်။ “ဒီလို လုပ်ကြံဇာတ်တွေကြောင့်လည်း သစ်ကြံပိုးခေါက်စျေးက အဆမတန် တက်သွားတယ်” လို့ [The Book of Spices] စာအုပ်က ပြောတယ်။အာရေဗျကုန်သည်တွေရဲ့ လျှို့ဝှက်ချက်ကို သိကုန်တော့ လက်ဝါးကြီးဆက်အုပ်လို့ မရတော့ဘူး။ ဘီစီ ပထမရာစုမှာ အီဂျစ်ပြည် အလက်ဇန္ဒြီးယားဆိပ်ကမ်းမြို့ဟာ အမွှေးနံ့သာကုန်သွယ်ရေးအတွက် အချက်အချာကျလာတယ်။ အိန္ဒိယသမုဒ္ဒရာမုတ်သုံလေကြောင်းကို အသုံးပြုပြီး ဘယ်လိုရွက်လွှင့်ရမလဲဆိုတာ သိလာတာနဲ့ ရောမသင်္ဘောတွေက အီဂျစ်ဆိပ်ကမ်းမြို့တွေကနေ အိန္ဒိယပြည်ဆီ ရွက်လွှင့်ကြတယ်။ ရလဒ်ကတော့ အမွှေးနံ့သာတွေ ပိုပေါလာပြီး စျေးချိုလာတယ်။
ဒီနေ့ခေတ်မှာတော့ အမွှေးနံ့သာတွေဟာ ရွှေလောက် တန်ဖိုး မရှိတော့ဘူး။ အမွှေးနံ့သာတွေကို တော်ဝင် လက်ဆောင်အဖြစ်လည်း မပေးကြတော့ပါဘူး။ ဒါပေမဲ့ အခုခေတ်လူတွေဟာ ရေမွှေးနဲ့ ဆေးဝါးတွေဖော်စပ်ရာမှာ အမွှေးနံ့သာတွေကို သုံးကြတယ်။ ဟင်းချက်တဲ့အခါလည်း အရသာရှိဖို့ ထည့်သုံးကြတယ်။ ရနံ့သင်းပျံ့တဲ့ အမွှေးနံ့သာတွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဒီနေ့ခေတ်မှာလည်း လူကြိုက်များနေဆဲပါ။
^ စာပိုဒ်၊ 3 ကျမ်းစာထဲမှာ “အမွှေးနံ့သာများ”လို့ ပြန်ဆိုထားတဲ့စကားလုံးရဲ့ မူရင်းအဓိပ္ပာယ်က အပင်ထွက် အမွှေးအကြိုင်တွေကို ရည်ညွှန်းတာဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေ မဟုတ်ပါ။
^ စာပိုဒ်၊ 4 “ဗာလစံဆီမွှေး” ဆိုတာ သစ်ပင်နဲ့ ချုံပင်တွေကနေရတဲ့ အမွှေးနံ့သာကို ဆိုလိုပါတယ်။