မျက်နှာဖုံးဆောင်းပါး | သိပ္ပံပညာကြောင့် ကျမ်းစာ ခေတ်နောက်ကျသွားပြီလား
သိပ္ပံပညာက သင့်ဘဝကို အကျိုးပြုပုံ
သိပ္ပံပညာဆိုတာ “သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏ အကြောင်းအကျိုးအမှန်တို့ကို နည်းစနစ်ကျနစွာ လေ့လာအသုံးချနိုင်သော ပညာရပ်ကို ဆိုလိုသည်” လို့မြန်မာစွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။ စနစ်တကျ လေ့လာဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ မအောင်မြင်တာတွေလည်း ရှိပါတယ်။ သိပ္ပံပညာရှင်တွေက လေ့လာစမ်းသပ်မှုတွေလုပ်နေရင်း အပတ်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ အချိန်ကုန်သွားကြတယ်။ တစ်ခါတလေ သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေက အရာမထင်တာမျိုးတွေရှိပေမဲ့ လူတွေအတွက် အကျိုးရှိတဲ့အရာ အတော်များများကို လုပ်ဆောင်ပေးခဲ့ကြတယ်။ အဲဒီထဲက အနည်းငယ်ကို သုံးသပ်ကြည့်ကြမယ်။
ဥရောပကုမ္ပဏီတစ်ခုက ပလတ်စတစ်အမာစားနဲ့ အဆင့်မြင့်ရေစစ်ကိုပေါင်းစပ်ပြီး ရေစစ်ပြွန်ကို တီထွင်ခဲ့တယ်။ ရေဆိုးရေညစ်တွေကို ရေစစ်ပြွန်နဲ့သောက်သုံးတဲ့အခါ ဘေးဥပဒ်မဖြစ်တော့ဘူး။ သဘာဝဘေးဒဏ်ကျရောက်ချိန် ဥပမာ၊ ၂၀၁၀၊ ဟေတီနိုင်ငံမှာ ငလျင်ဘေးဒဏ်အတွင်း ရေစစ်ပြွန်တွေကို အသုံးပြုခဲ့ကြတယ်။
အာကာသမှာ ဂြိုဟ်တုတွေကိုလွှတ်ထားပြီး ကမ္ဘာ့တည်နေရာပြစနစ် (GPS) ကိုတီထွင်ခဲ့ကြတယ်။ အစပိုင်းမှာ GPS စနစ်ကို စစ်တပ်ထောက်လှမ်းရေးအတွက် တီထွင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ယာဉ်မောင်းတွေ၊ လေယာဉ်မောင်းတွေ၊ ရေယာဉ်မောင်းတွေအပြင် ခြေလျင်ခရီးသည်တွေတောင် လိုရာခရီးရောက်ဖို့ GPS စနစ်ကို အသုံးပြုခဲ့ကြတယ်။ သိပ္ပံပညာရှင်တွေ တီထွင်ထားတဲ့ GPS စနစ်ကြောင့် ကိုယ်သွားချင်တဲ့နေရာကို အလွယ်တကူ ရောက်ရှိသွားကြတယ်မဟုတ်လား။
ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်တွေကို သင် အသုံးပြုသလား။ နောက်ဆုံးပေါ်ဆေးဝါးတွေကြောင့် သင့်ရဲ့ ကျန်းမာရေး ကောင်းလာသလား။ လေယာဉ်နဲ့ ခရီးသွားသလား။ ဒါဆိုရင် သိပ္ပံပညာကြောင့် သင်ဟာ နည်းမျိုးပေါင်းစုံနဲ့ အကျိုးခံစားနေရပါတယ်။
ခေတ်သစ်သိပ္ပံပညာမှာ ကန့်သတ်ချက်တွေရှိ
ခေတ်သစ်သိပ္ပံပညာရှင်တွေက သူတို့ရဲ့နယ်ပယ်ကို တိုးချဲ့ဖို့ သဘာဝလောကကြီးကို နက်နက်နဲနဲ စူးစမ်းနေကြတယ်။ နျူကလီးယားရူပဗေဒပညာရှင်တွေက အက်တမ်ရဲ့လုပ်ဆောင်ပုံကို စေ့စေ့စပ်စပ် လေ့လာနေကြတယ်။ ရူပနက္ခတ္တဗေဒပညာရှင်တွေကတော့ စကြဝဠာရဲ့ မူလအစကို နားလည်နိုင်အောင် နှစ်ပေါင်းဘီလီယံနဲ့ချီ နောက်ကြောင်းလိုက်ဖို့ ကြိုးစားနေကြတယ်။ သိပ္ပံပညာရှင်တချို့က မမြင်နိုင်တဲ့၊ တို့ထိလို့မရတဲ့ နယ်ပယ်တွေအထိတောင် စူးစမ်းလေ့လာနိုင်ခဲ့တဲ့အတွက် ကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားသခင်သာ တကယ်ရှိတယ်ဆိုရင် ကိုယ်တော့်ကို ရှာတွေ့နိုင်ရမယ်လို့ ယူမှတ်ခဲ့ကြတယ်။
နာမည်ကြီးသိပ္ပံပညာရှင်တချို့နဲ့ အတွေးအခေါ်ပညာရှင်တချို့က သိပ္ပံစာရေးဆရာ အာမီယာ ဒီ. အာခ်ဇီလ်ရေးသားတဲ့ “ဘုရားသခင်တည်ရှိခြင်းနဲ့ပတ်သက်တဲ့ သိပ္ပံဆိုင်ရာအငြင်းပွားချက်” ကိုငြင်းခုံနေကြတုန်းပဲ။ ဥပမာ၊ ကမ္ဘာကျော် ရူပဗေဒပညာရှင်က ‘စကြဝဠာတစ်ခွင်မှာ အရေးပါဆုံး ဘုရားတစ်ပါးရှိတယ်ဆိုတဲ့ အထောက်အထား မတွေ့ရတာက အဲဒီလိုဘုရားမျိုး မရှိမှန်း ရှင်းနေတာပဲ မဟုတ်လား’ လို့ဆိုတယ်။ ကျမ်းစာမှာပါတဲ့ ဘုရားသခင်ရဲ့လုပ်ဆောင်မှုက “ပဟေဠိဆန်၊ နားလည်ရခက်” ပြီး “သဘာဝလွန်လှည့်စားမှု” ဖြစ်တယ်လို့ တချို့ကပြောကြတယ်။ *
ဒါပေမဲ့ မေးစရာမေးခွန်းတစ်ခုရှိပါတယ်။ သဘာဝလောကနဲ့ပတ်သက်ပြီး သိပ္ပံပညာက အပြီးသတ်ကောက်ချက်ချနိုင်ပြီလား။ မချနိုင်သေးပါဘူး။ သိပ္ပံပညာကြောင့် တိုးတက်ပြောင်းလဲမှုတွေ အများကြီးရှိတာမှန်ပေမဲ့ မသိသေးတဲ့အရာတွေ၊ သိဖို့ ဉာဏ်မမီနိုင်တဲ့အရာတွေ အများကြီးရှိနေတုန်းပဲလို့ သိပ္ပံပညာရှင်အတော်များများ ဝန်ခံကြတယ်။ သဘာဝတရားကို နားလည်ခြင်းနဲ့ပတ်သက်ပြီးတော့ ရူပဗေဒပညာရှင်လည်းဖြစ်၊ နိုဘယ်လ်ဆုရှင်လည်းဖြစ်တဲ့ စတီဗင် ဝိုင်ဘဲတ်က “အခြေခံအကြောင်းတရားတွေကို ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး” လို့ပြောပြတယ်။ ဗြိတိန်တော်ဝင် နက္ခတ္တဗေဒပညာရှင်ဖြစ်တဲ့ ပါမောက္ခ မာတင် ရီစ်က “လူသားတွေ ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်တဲ့ အကြောင်းအရာတွေရှိတယ်” လို့ရေးသားခဲ့တယ်။ ဒါကြောင့် သေးငယ်တဲ့ ဆဲလ်လေးကနေ ကြီးမားကျယ်ပြောတဲ့ စကြဝဠာအထိ သဘာဝတရားအတော်များများကို ခေတ်သစ်သိပ္ပံပညာနဲ့ နားလည်နိုင်မှာမဟုတ်ပါဘူး။ အောက်ပါဥပမာတွေကို သုံးသပ်ကြည့်ပါ–
-
သက်ရှိဆဲလ်တွေရဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်ကို ဇီဝဗေဒပညာရှင်တွေ အပြည့်အဝနားမလည်ကြဘူး။ ဆဲလ်တွေက စွမ်းအင်ကို အသုံးချပုံ၊ ပရိုတင်းတွေ ထုတ်လုပ်ပုံ၊ ဆဲလ်မျိုးပွားပုံ စတာတွေကို သိပ္ပံပညာရှင်တွေ အခုထိ အသေးစိတ် မရှင်းပြနိုင်သေးပါဘူး။
-
ကမ္ဘာ့ဆွဲအားက လူသားတွေအပေါ် စက္ကန့်တိုင်း အကျိုးသက်ရောက်နေတယ်။ ဒါပေမဲ့ ရူပဗေဒပညာရှင်တွေက ကမ္ဘာ့ဆွဲအားအကြောင်း သေချာမသိသေးဘူး။ ကမ္ဘာ့ ဆွဲအားက သင် ခုန်လိုက်ရင် မြေပေါ်ဘယ်လိုပြန်ကျစေသလဲ၊ လဟာ ကမ္ဘာကြီးကို သူ့ပတ်လမ်းအတိုင်း ပတ်နေအောင် ဘယ်လိုလုပ်ပေးသလဲ ဆိုတာ အတိအကျ မသိကြဘူး။
-
စကြဝဠာရဲ့ ၉၅ ရာခိုင်နှုန်း လောက်ကို သိပ္ပံကိရိယာတွေနဲ့ မမြင်နိုင်၊ မရှာဖွေနိုင်ဘူးလို့ စကြဝဠာဗေဒပညာရှင်တွေက ခန့်မှန်းကြတယ်။ အဲဒါကို အနက်ထည် (ရှာမတွေ့နိုင်တဲ့ အစိတ်အပိုင်း) နဲ့ အမှောင်စွမ်းအင် (အရှိန်ပြင်းစွာပျံ့ကားနေတဲ့ စွမ်းအား) ဆိုပြီး အပိုင်းနှစ်ပိုင်းခွဲခြားထားတယ်။ အဲဒါတွေရဲ့ သဘာဝနိယာမတရားကို အခုထက်ထိ မသိကြသေးဘူး။
သိပ္ပံပညာရှင်တွေ မသိသေးတဲ့အရာတွေ အများကြီး ရှိသေးတယ်။ အဲဒါက ဘာကို ဖော်ပြသလဲ။ နာမည်ကြီး သိပ္ပံစာရေးဆရာတစ်ယောက်က ဒီလိုဖော်ပြတယ်– ‘ကျွန်တော်တို့ မသိသေးတဲ့အရာတွေ တစ်ပုံတစ်ခေါင်းကြီး ရှိသေးတယ်။ သိပ္ပံပညာကြောင့် သင်ဟာ အံ့သြမိန်းမောသွားပြီး တစ်ယူသန်စွဲလမ်းနေမယ့်အစား သိချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာတယ်။’
သိပ္ပံပညာကြောင့် ကျမ်းစာ ခေတ်နောက်ကျသွားပြီလား၊ ဘုရားသခင်ကို ဘေးချိတ်လို့ရပြီလားဆိုတာ သိချင်ရင် ဒီမေးခွန်းကို သုံးသပ်ကြည့်ပါ။ သိပ္ပံပညာရှင်အကျော်အမော်ကြီးတွေက သိပ္ပံကိရိယာတွေနဲ့ သဘာဝနိယာမတရားကို လေ့လာပေမဲ့ အကုန်အစင် နားမလည်နိုင်သေးဘူး။ ဒါဆိုရင် သိပ္ပံပညာနဲ့ စူးစမ်းရှာဖွေလို့မရတဲ့အရာတွေ တကယ်မရှိဘူးလို့ မျက်စိစုံမှိတ်ယုံလိုက်တာက ယုတ္တိရှိပါ့မလား။ အချုပ်ပြောရရင် နက္ခတ္တဗေဒပညာရဲ့ သမိုင်းကြောင်း၊ တိုးတက်မှုနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ် (Encyclopedia Britannica) မှာဒီလို အဆုံးသတ်ဖော်ပြထားတယ်– “နက္ခတ္တဗေဒပညာပေါ်ထွန်းတာ နှစ်ပေါင်း ၄,၀၀၀ နီးပါးကြာပြီးတာတောင် စကြဝဠာအကြောင်း အခု သိထားတာတွေက ရှေးခေတ် ဘေဘီလိုနီးယားလူတွေ သိထားသလောက်ပဲ ရှိတယ်။”
သိပ္ပံပညာနဲ့ပတ်သက်ပြီး လူတစ်ဦးစီရဲ့ခံယူချက်ကို ယေဟောဝါသက်သေတွေ လေးစားပါတယ်။ “သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့” ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ကျွန်ုပ်တို့ ကြိုးစားလိုက်နာကြတယ်။ (ဖိလိပ္ပိ ၄:၅) သိပ္ပံပညာနဲ့သမ္မာကျမ်းစာ ကိုက်ညီပုံကို သင် ကျိုးကြောင်းဆင်ခြင်ကြည့်ပါလို့ ကျွန်ုပ်တို့ အားပေးပါတယ်။
^ ကမ္ဘာမြေကြီးဟာ စကြဝဠာရဲ့ အလယ်ဗဟိုမှာရှိတယ် ဒါမှမဟုတ် ဘုရားသခင်က ကမ္ဘာကြီးကို ၂၄ နာရီရှိတဲ့ ရက်ပေါင်း ၆ ရက်နဲ့ ဖန်ဆင်းခဲ့တယ်ဆိုတဲ့ အတိတ်နဲ့ အခုခေတ် ခရစ်ယာန်အတုအယောင်တွေရဲ့ သွန်သင်ချက်တွေကြောင့် ကျမ်းစာကို လူတချို့ အယုံအကြည်မရှိတော့ဘူး။—“ သမ္မာကျမ်းစာနဲ့ သက်သေခိုင်လုံတဲ့ သိပ္ပံအချက်များ” လေးထောင့်ကွက်ကို ဖတ်ပါ။