ဘဝအတ္ထုပ္ပတ္တိ
ကျွန်တော်ရထိုက်တာထက် ယေဟောဝါဘုရား ပိုပေးထား
ကျွန်တော့်အသက် ၁၇ နှစ်အရွယ်မှာ တခြားလူငယ်တွေလိုပဲ ရည်မှန်းချက်တွေ၊ စိတ်ဝင်စားရာတွေ အများကြီးရှိတာပေါ့။ သူငယ်ချင်းတွေနဲ့ ဟိုဟိုဒီဒီသွားလိုက်၊ ရေကူးလိုက်၊ ဘောလုံးကန်လိုက်လုပ်ရတာကို တအားကြိုက်တာ။ တစ်ညနေခင်းမှာ ရုတ်ချည်းဆိုသလို ကျွန်တော့်ဘဝ ပြောင်းလဲသွားတယ်။ ပြင်းပြင်းထန်ထန် ဆိုင်ကယ်ဝင်တိုက်လိုက်တာကြောင့် ကျွန်တော့်လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ် တစ်ခုလုံး အကြောသေသွားတယ်။ ဒါက လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ဖြစ်ပျက်တာပါ။ အခုဆို ကျွန်တော် အိပ်ရာပေါ်ကနေမထနိုင်တာ နှစ်ပေါင်းများစွာ ရှိပါပြီ။
စပိန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသက အာလီကန်တဲမြို့မှာ ကျွန်တော်ကြီးပြင်းလာခဲ့တာပါ။ မိသားစုက တစ်ယောက်တစ်ပေါက်ဆိုတော့ လမ်းပေါ်မှာပဲ ကျွန်တော်အချိန်ကုန်တာများတယ်။ အိမ်နားလေးမှာ တာယာပြင်ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်က အလုပ်သမားတစ်ဦးဖြစ်တဲ့ ဟိုစေး မာရီယာနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်သွားတယ်။ သူက တအားဖော်ရွေတာ။ မိသားစုက ကျွန်တော့်ကို လုံးလုံးဂရုမစိုက်ပေမဲ့ သူကတော့ ဂရုစိုက်တယ်။ သူက ကျွန်တော့်ထက် အသက် ၂၀ ကျော်ကြီးပေမဲ့ ကျွန်တော် ဒုက္ခရောက်ချိန်မှာ အကိုရင်း၊ မိတ်ဆွေရင်းလို ဖေးမကူညီပေးခဲ့တယ်။
ဟိုစေး မာရီယာက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာခဲ့တယ်။ ကျမ်းစာကို သူသိပ်တန်ဖိုးထားလို့ ကျွန်တော့်ကို ကျမ်းစာအမှန်တရားတွေ ပြောပြတတ်တယ်။ သူပြောတာကို လေးလေးစားစား နားထောင်ပေးပေမဲ့ ကျွန်တော်မှ အဲဒါတွေကို စိတ်မဝင်စားတာ။ ကျွန်တော်က ဆယ်ကျော်သက်ဆိုတော့ တခြားကိစ္စတွေနဲ့ပဲ ဗျာများနေတာ။ ဒါပေမဲ့ မကြာခင်မှာ အပြောင်းအလဲဖြစ်လာပါတယ်။
ဆိုင်ကယ်တိုက်တာကြောင့် ကျွန်တော့်ဘဝ ပြောင်းလဲသွား
ဆိုင်ကယ်တိုက်တဲ့အကြောင်းတွေကို ကျွန်တော်မပြောချင်တော့ပါဘူး။ ကျွန်တော်ဘယ်လောက် မိုက်ရူးရဲဆန်တယ်၊ တဇောက်ကန်းလုပ်တတ်တယ်ဆိုတာကိုတော့ ပြောပြချင်တယ်။ တစ်ရက်ထဲမှာတင် ကျွန်တော့်ဘဝကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားတယ်။ ခွန်အားအပြည့်ရှိတဲ့ လူငယ်ဘဝကနေ ရုတ်တရက် အကြောသေဘဝ ရောက်သွားပြီး ဆေးရုံမှာ မလှုပ်မယှက်နေနေရတယ်။ ဒီအခြေအနေဆိုးကြီးကို အရှိကိုအရှိအတိုင်းလက်ခံဖို့ ကျွန်တော့်အတွက် အရမ်းခက်တာ။ ‘ငါ အသက်ရှင်နေလို့ကော ဘာထူးမှာလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိတယ်။
ကျွန်တော့်ကို ဟိုစေး မာရီယာ လာတွေ့တယ်။ ပြီးတော့ ဒေသခံယေဟောဝါသက်သေတွေ ကျွန်တော့်ဆီ လာကြည့်လို့ရအောင် ချက်ချင်းစီစဉ်ပေးတယ်။ သူတို့ မှန်မှန်လာတာကြောင့် ကျွန်တော့်စိတ်ထဲ တအားထိမိသွားတယ်။ အထူးကြပ်မတ်ဆောင်ကနေ ထွက်လာပြီးပြီးချင်း ကျမ်းစာစလေ့လာခဲ့တယ်။ လူတွေ ဆင်းရဲဒုက္ခခံစားရပြီး သေရတဲ့အကြောင်းရင်း၊ ဆိုးသွမ်းမှုကို ဘုရားခွင့်ပြုထားရတဲ့အကြောင်းရင်းတွေကို သိလာတယ်။ ပြီးတော့ တစ်ကမ္ဘာလုံးမှာ ဘယ်သူမှ နေမကောင်းဘူးလို့မပြောဘဲ ကျန်းမာရေး ဒေါင်ဒေါင်မြည်လာမယ်ဆိုတဲ့ ဘုရားပေးကတိ အနာဂတ်မျှော်လင့်ချက်အကြောင်းလည်း သိရှိလာတယ်။ (ဟေရှာယ ၃၃:၂၄) ကျွန်တော့်ဘဝမှာ ဦးဆုံးအကြိမ် တောက်ပတဲ့ မျှော်လင့်ချက်ရောင်ခြည်သန်းလာပါတယ်။
ဆေးရုံကနေဆင်းလာပြီးနောက် ကျမ်းစာကို စိတ်အားထက်သန်စွာ လေ့လာတယ်။ ဘီးတပ်ကုလားထိုင်နဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတချို့ကို တက်ရောက်ပြီး ဟောပြောခြင်းလုပ်ငန်းမှာလည်း ပါဝင်လာနိုင်တယ်။ ၁၉၈၈၊ နိုဝင်ဘာ ၅ ရက် အသက် ၂၀ အရွယ်မှာ ကျွန်တော့်အတွက် သီးသန့်လုပ်ထားတဲ့ ရေချိုးကန်ထဲမှာ နှစ်ခြင်းခံလိုက်တယ်။ ဘဝအပေါ် အကောင်းမြင်တတ်လာအောင် ယေဟောဝါဘုရား ကူညီပေးခဲ့ပါတယ်။ အဲဒီအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ကြောင်း ဘယ်လိုပြရမလဲ။
ဒုက္ခိတဖြစ်နေပေမဲ့ လက်မှိုင်မချခဲ့
ကျွန်တော့်ရဲ့အခြေအနေကြောင့် စိတ်ဓာတ်မကျဘဲ ယေဟောဝါဘုရားရဲ့အမှုတော်မှာ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဖို့ ဆုံးဖြတ်ထားတယ်။ ဒီထက်မက ကျွန်တော် လုပ်ချင်တာ။ (၁ တိမောသေ ၄:၁၅) ကျွန်တော် သက်သေခံဖြစ်သွားတာကို မိသားစုက မကြိုက်တာကြောင့် အစပိုင်းမှာ ဘုရားအမှုဆောင်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ယုံကြည်သူချင်းတွေဖြစ်တဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေ အများကြီးရှိပါတယ်။ အစည်းအဝေးအားလုံးကို ကျွန်တော် ပုံမှန်တက်နိုင်အောင်၊ ဟောပြောခြင်းမှာပါဝင်နိုင်အောင် သူတို့ကူညီပေးကြတယ်။
အချိန်ကြာလာတာနဲ့အမျှ ကျွန်တော့်အခြေအနေက နေ့ညမပြတ် ဂရုစိုက်ဖို့လိုကြောင်း သိသာလာတယ်။ ဒုက္ခိတပြုစုစောင့်ရှောက်ရေးဂေဟာတွေအကြောင်း သေချာစုံစမ်းပြီးတဲ့နောက် အာလီကန်တဲမြို့မြောက်ဘက် မိုင် ၁၀၀ အကွာက ဗာလင့်စီယာမြို့မှာ ဂေဟာတစ်ခုရှိကြောင်း ကျွန်တော်သိရှိလိုက်တယ်။ အဲဒီဂေဟာဟာ ကျွန်တော့်အတွက် ကိုယ်ပိုင်အိမ်ဖြစ်လာတယ်။
အိပ်ရာပေါ်ကနေ မထနိုင်ပေမဲ့ တခြားသူတွေကို ကျွန်တော့်ယုံကြည်ချက်အကြောင်း ပြောပြဖို့ စိတ်ပိုင်းဖြတ်ထား
အိပ်ရာပေါ်မှာပဲနေရပေမဲ့ ယေဟောဝါဘုရားရဲ့ အမှုတော်ကိုဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ကျွန်တော့်ရဲ့ ဒုက္ခိတပင်စင်ရယ်၊ အစိုးရထောက်ပံ့ကြေးရယ် အားလုံးပေါင်းပြီး ကွန်ပျူတာတစ်လုံးဝယ်၊ ပြီးတော့ အိပ်ရာဘေးမှာ တပ်ထားလိုက်တယ်။ ဖုန်းတစ်လုံးလည်း ဝယ်တယ်။ မနက်ခင်းတိုင်း သူနာပြုတစ်ယောက်က ကျွန်တော့်ဖုန်းနဲ့ ကွန်ပျူတာကို လာဖွင့်ပေးတယ်။ ကျွန်တော့်မေးစေ့နဲ့ ထိန်းချုပ်လို့ရတဲ့ ခလုတ်နဲ့ ကွန်ပျူတာသုံးတယ်။ ကျွန်တော့်ပါးစပ်နဲ့ကိုက်ပြီး ထိန်းချုပ်နိုင်တဲ့ သီးသန့်လုပ်ထားတဲ့ တုတ်ချောင်းလေးကိုသုံးပြီး ကွန်ပျူတာမှာ စာရိုက်နိုင်၊ ဖုန်းခေါ်ဆိုနိုင်ပါတယ်။
အဲဒီပစ္စည်းတွေက ကျွန်တော့်ကို ဘယ်လိုကူညီပေးသလဲ။ အရင်ဦးဆုံး ကျွန်တော့်အတွက် တန်ဖိုးဖြတ်လို့မရအောင် အကျိုးရှိတဲ့ jw.org ဝက်ဘ်ဆိုက်နဲ့ ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်ကို ဝင်ကြည့်နိုင်တယ်။ ကျမ်းစာအခြေပြုစာပေတွေကို နေ့တိုင်း အချိန်အတော်ကြာ သုတေသနပြုတော့ ဘုရားသခင်အကြောင်း၊ ကိုယ်တော်ရဲ့ အရည်အသွေးတွေအကြောင်း ပိုသိလာတယ်။ အထီးကျန်ဆန်တယ်၊ စိတ်ဓာတ်ကျတယ်လို့ ခံစားရတိုင်း ကျွန်တော့်စိတ်ဓာတ်ကို ပြန်မြှင့်တင်ပေးမယ့် jw.org ၀က်ဘ်ဆိုက်ပေါ်က အကြောင်းအရာတစ်ခုခုကို ရှာဖတ်လိုက်တယ်။
ကွန်ပျူတာအကူအညီကြောင့် အစည်းအဝေးတွေမှာ နားထောင်နိုင်၊ ပါဝင်တင်ဆက်နိုင်တယ်။ ဆုတောင်းပေးနိုင်၊ မှတ်ချက်နဲ့ ဟောပြောချက်တွေကိုလည်း ပေးနိုင်တယ်။ ကင်းမျှော်စင်သင်တန်းမှာ စာပိုဒ်ဖတ်ဖို့ တာဝန်ကျတဲ့အခါမှာလည်း ဖတ်နိုင်လာတယ်။ ကျွန်တော့်အခြေအနေကြောင့် အစည်းအဝေးတွေကို လူကိုယ်တိုင် သွားမတက်နိုင်ပေမဲ့လည်း ကျွန်တော်က အပယ်ခံမဟုတ်ဘဲ ဒေသခံအသင်းတော်ရဲ့ အသင်းသားတစ်ဦးဖြစ်နေမှန်းတော့ သိပါတယ်။
ကွန်ပျူတာနဲ့ဖုန်းကြောင့် ဟောပြောခြင်းလုပ်ငန်းမှာလည်း ပိုပြီးပါဝင်လာနိုင်တယ်။ ယေဟောဝါသက်သေတွေလုပ်သလို တစ်အိမ်မှတစ်အိမ် သတင်းကောင်းသွားဟောတာမျိုးတော့ ကျွန်တော်မလုပ်နိုင်ပါဘူး။ အဲလိုမသွားနိုင်တာနဲ့ပဲ ဘုရားအမှုတော် မဆောင်နိုင်တော့ဘူးလား။ ကျွန်တော့်မှာရှိတဲ့ ကွန်ပျူတာနဲ့ဖုန်းကိုသုံးပြီး အခြားသူတွေကို ကျမ်းစာအကြောင်းပြောပြတယ်။ ဖုန်းနဲ့သက်သေခံတာကို ကျွန်တော်တအားနှစ်သက်မှန်းသိတော့ ဒေသခံအသင်းတော်အကြီးအကဲတွေက ကျွန်တော့်ကို ဖုန်းနဲ့သက်သေခံခြင်း ကင်ပိန်းတွေမှာ ကြီးကြပ်လုပ်ဆောင်ခိုင်းပါတယ်။ အဲဒီကင်ပိန်းတွေက အကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲမှာပဲနေရတဲ့ အသင်းတော်သားတွေအတွက် တော်တော်လေးကို အကျိုးရှိတယ်။
ဒါပေမဲ့ ကျွန်တော့်ဘဝမှာ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ပဲ အချိန်ကုန်သွားတာမျိုး မရှိပါဘူး။ ခင်မင်စရာကောင်းတဲ့ မိတ်ဆွေတွေ နေ့တိုင်း ကျွန်တော့်ဆီ လာလည်ကြတယ်။ ကျမ်းစာအကြောင်းစိတ်ဝင်စားတဲ့ အသိမိတ်ဆွေတွေ၊ ဆွေမျိုးတွေကိုလည်း သူတို့ခေါ်လာကြတယ်။ တစ်ခါတလေ သူတို့ခေါ်လာတဲ့သူတွေနဲ့ ကျွန်တော့်ကို ကျမ်းစာအကြောင်း ဆွေးနွေးပြောဆိုခိုင်းတယ်။ ကျွန်တော့်ဆီ မိသားစုတွေ လာလည်ကြပြီး သူတို့ရဲ့မိသားစုဝတ်ပြုမှုအစီအစဉ်မှာ ကျွန်တော့်ကိုလည်း ပါဝင်ခိုင်းတယ်။ ဘေးနားမှာ ကလေးတွေထိုင်ရင်း ယေဟောဝါဘုရားကို သူတို့ချစ်ရတဲ့ အကြောင်းတွေ ပြောပြနေတာကိုကြည့်ပြီး ကျွန်တော့်မှာဖြင့် သဘောကျလိုက်တာ။
ဧည့်သည်တွေလာတာကို ကျွန်တော် ကြိုက်တာကြောင့် အခန်းထဲမှာဆို ရပ်နီးရပ်ဝေးကလာတဲ့ ဧည့်သည်တွေနဲ့ တစ်ချိန်လုံးပြည့်နေတာပဲ။ ကျွန်တော့်ကို သူတို့ အခုလို ဂရုစိုက်ပေးတာကြောင့် ဒုက္ခိတဂေဟာက သူနာပြုတွေ သိပ်အံ့သြသွားကြတယ်။ ဖေးမကူညီပေးတဲ့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းအဝင် ဖြစ်ခွင့်ရတဲ့အတွက် ယေဟောဝါဘုရားကို နေ့တိုင်း ကျွန်တော်ကျေးဇူးတင်လိုက်တာ။
ဘဝတိုက်ပွဲဆင်နွှဲနေရဆဲ
ကျွန်တော့်ကို နှုတ်ဆက်ပြီး သာကြောင်းမာကြောင်း မေးသူတိုင်းကို ခုလို ပြန်ပြောတယ်– “မဆိုးပါဘူး၊ ဘဝတိုက်ပွဲ ဆင်နွှဲနေရဆဲပါပဲ။” ကျွန်တော်တစ်ယောက်တည်း ဘဝတိုက်ပွဲ ဆင်နွှဲနေရတာမှမဟုတ်တာ။ ဘဝက ဘယ်လိုပဲဖြစ်နေပါစေ ခရစ်ယာန်အားလုံးဟာ ဘဝတိုက်ပွဲဆင်နွှဲနေရ၊ တစ်နည်းအားဖြင့် “ယုံကြည်ခြင်းတိုက်ပွဲကို ကောင်းစွာတိုက်” နေကြတယ်။ (၁ တိမောသေ ၆:၁၂) နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရပ်တည်နိုင်အောင် ဘာက ခွန်အားပေးခဲ့သလဲ။ ယေဟောဝါဘုရားဆီ နေ့စဉ်ဆုတောင်းတာ၊ ဘဝကို အဓိပ္ပာယ်ရှိရှိ နေထိုင်သွားနိုင်အောင် ကိုယ်တော်ကူညီပေးမှုတွေကို ကျေးဇူးတင်စိတ်ရှိတာကြောင့်ပါ။ လက်တစ်ကမ်းမှာရှိတဲ့ အနာဂတ်မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ပြီး ဘုရားသခင့်အမှုတော်ဆောင်ခြင်းလုပ်ငန်းမှာ ကျွန်တော်ကြိုးစားလုပ်တယ်။
ဘုရားသခင်လုပ်ဆောင်ပေးမယ့် ကမ္ဘာသစ်အကြောင်း၊ အဲဒီကမ္ဘာသစ်ကျရင် ကျွန်တော် ပြေးလွှားခုန်ပေါက်နိုင်တော့မယ့် အကြောင်းတွေကို ခဏခဏစဉ်းစားတယ်။ တစ်ခါတလေ ကျွန်တော့်မိတ်ဆွေရင်း ပိုလီယိုရောဂါသည် ဟိုစေး မာရီယာနဲ့ ကျွန်တော်တို့ မာရသွန်ပြိုင်ပြေးမယ့်အကြောင်း ရယ်စရာမောစရာအဖြစ် ပြောကြတယ်။ အဲလိုပြေးရင် “ဘယ်သူနိုင်မလဲ” လို့ သူ့ကို ကျွန်တော်မေးတော့ သူက “အနိုင်အၡုံးက အဓိကမကျပါဘူး၊ ခင်ဗျားရော ကျွန်တော်ရော သာယာလှပတဲ့ ဘုရားပေးကမ္ဘာသစ်မှာ ရှိနေပြီး ပြေးနိုင်ဖို့ပဲ အဓိကကျတာပါတဲ့” ဆိုပြီး ပြန်ဖြေတယ်။
ဒုက္ခိတဘဝနဲ့ ရေရှည်နေသွားရမယ့်ကိစ္စက ကျွန်တော့်အတွက် မလွယ်ပါဘူး။ လူငယ်ဘဝမှာ မိုက်ရူးရဲဆန်ဆန် လုပ်ခဲ့မိလို့ ကိုယ့်မိုက်ပြစ်ဒဏ် ကိုယ်ပြန်ခံရမှန်း သိပါတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားက ကျွန်တော့်ကို ဖြစ်ချင်ရာဖြစ် ပစ်မထားတာမို့ ဘယ်လောက်တောင် ဝမ်းသာစရာကောင်းလိုက်သလဲ။ ကမ္ဘာချီခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၊ ဆက်အသက်ရှင်လိုစိတ်၊ တခြားသူတွေကိုကူညီပေးတာကနေ ရွှင်လန်းမှု၊ တောက်ပတဲ့ အနာဂတ်မျှော်လင့်ချက် စတာတွေကို ကျွန်တော့်အတွက် ဘုရားသခင်အများကြီးပေးထားပါတယ်။ ကျွန်တော်ပြောချင်တာတွေကို စာကြောင်းတစ်ကြောင်းတည်းနဲ့ ချုံ့ပြီးပြောရမယ်ဆိုရင် ကျွန်တော်ရထိုက်တာထက် ယေဟောဝါဘုရား ပိုပေးထားတယ်လို့ ပြောချင်ပါတယ်။