မျက်နှာဖုံးဆောင်းပါး | သေလွန်သူတွေ—အသက်ပြန်ရှင်လာနိုင်မလား
သေလွန်သူတွေ ဘယ်ရောက်သွားကြသလဲ
“သေလွန်သူတွေဟာ ကောင်းကင်၊ ငရဲ ဒါမှမဟုတ် ငရဲကလေးဆီ ရောက်သွားနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ကတော့ ကောင်းကင်ရောက်ဖို့လည်း လူကောင်းမဟုတ်ဘူး။ ငရဲရောက်ဖို့လည်း လူဆိုးမဟုတ်ဘူး။ ငရဲကလေးဆိုတာ ဘာဖြစ်မှန်းလည်း သေချာမသိဘူး။ အဲဒီအကြောင်းကို ကျမ်းစာထဲမှာ တစ်ခါမှလည်း မတွေ့ဖူးဘူး။ လူတွေပြောတာကိုပဲ ကြားဖူးတာ။” —လိုင်ရာနယ်။
“သေလွန်သူတွေအားလုံး ကောင်းကင်သွားကြမယ်လို့ ပြောပေမဲ့ ကျွန်တော်တော့မယုံဘူး။ သေခြင်းတရားက ဘဝနိဂုံးဖြစ်တာကြောင့် သေလွန်သူတွေအတွက် နောင်ဘဝဆိုတာမရှိဘူးလို့ ကျွန်တော်ထင်တယ်။” —ဖာနန်ဒို။
သင်ကော ဒီမေးခွန်းတွေကို စဉ်းစားဖူးသလား– ‘သေလွန်သူတွေ ဘယ်ရောက်သွားကြသလဲ။ ဆုံးပါးသွားတဲ့ ကျွန်တော်တို့ချစ်ရသူတွေ တစ်နေရာရာမှာ ညှဉ်းဆဲခံနေရသလား။ သူတို့ကို ပြန်တွေ့ရအုံးမလား။ ဒါတွေကို ဘယ်လို သိနိုင်မလဲ။’ အဲဒီအကြောင်းတွေနဲ့ပတ်သက်တဲ့ ကျမ်းစာအဖြေတွေကို ကျေးဇူးပြု၍သုံးသပ်ကြည့်ပါ။ ဦးဆုံး၊ သေခြင်းတရားက ဘာနဲ့တူသလဲဆိုတဲ့ ကျမ်းစာအဆိုကို ဆန်းစစ်ကြည့်ရအောင်။ ပြီးနောက် ဘုရားသခင့်စကားတော် သမ္မာကျမ်းစာထဲမှာပါတဲ့ မျှော်လင့်ချက်အကြောင်း ဆွေးနွေးသွားပါမယ်။
သေလွန်သူတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ
ကျမ်းစာအဖြေ– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။ ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ [“သင်္ချိုင်း၊” ကဘ] ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” *—ဒေသနာ ၉:၅၊ ၁၀။
သင်္ချိုင်းဆိုတာ သေလွန်သူတွေ သွားရမယ့်နေရာဖြစ်တယ်။ အဲဒီနေရာမှာ ရောက်နေတဲ့သူတွေဟာ အသိတရားမရှိတဲ့အပြင် လုပ်ဆောင်ခြင်းလည်းမရှိဘူး။ ရှေးခေတ်က သစ္စာရှိအမျိုးသားယောဘဟာ သင်္ချိုင်းဆိုတာကို ဘယ်လိုယူမှတ်ခဲ့သလဲ။ ယောဘရဲ့ပိုင်ဆိုင်ရာတွေ၊ သားသမီးတွေအားလုံး တစ်နေ့တည်းမှာ ဆုံးၡုံးခဲ့တဲ့အပြင် သူ့တစ်ကိုယ်လုံးမှာလည်း အင်မတန်ဆိုးရွားတဲ့ အနာစိမ်းတွေပေါက်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ဆီ သူဒီလို အသနားခံခဲ့တယ်– “ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း [“ငရဲ၊” ကက်သလစ်ဒူဝေး ဘာသာပြန်ကျမ်း] ၌ ဝှက်ထားတော်မူပါစေ။ . . . ကွယ်ကာတော်မူပါစေ။” (ယောဘ ၁:၁၃-၁၉; ၂:၇; ၁၄:၁၃) ဒါကြောင့် ယောဘက သင်္ချိုင်းကို သူခံစားနေရတဲ့ ဆင်းရဲဝေဒနာတွေထက် ပိုပြီးဒုက္ခဆင်းရဲခံရမယ့်မီးငရဲလို့ မယူဆဘဲ အေးချမ်းငြိမ်သက်တဲ့နေရာအဖြစ် ယူမှတ်ခဲ့ပါတယ်။
သေလွန်သူတွေရဲ့ အခြေအနေကိုသိနိုင်တဲ့ နောက်ထပ်နည်းတစ်နည်း ရှိပါသေးတယ်။ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ သေခြင်းကနေ အသက်ပြန်ရှင်လာသူရှစ်ဦးအကြောင်းကို ဆန်းစစ်ကြည့်ရင် သိရှိနိုင်တယ်။—“ ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ အသက်ပြန်ရှင်လာသူရှစ်ဦး” လေးထောင့်ကွက်ကိုကြည့်ပါ။
အသက်ပြန်ရှင်လာသူရှစ်ဦးစလုံးက ကောင်းကင်ဘုံ ဒါမှမဟုတ် ငရဲကို ရောက်သွားတယ်လို့ မပြောခဲ့ကြဘူး။ သူတို့သာ အဲဒီလိုနေရာမျိုး ရောက်ခဲ့မယ်ဆိုရင် အဲဒီအကြောင်း ပြန်ပြောပြမယ်၊ ကျွန်ုပ်တို့အားလုံးသိရှိနိုင်အောင် ကျမ်းစာထဲမှာလည်း မှတ်တမ်းတင်ထားမယ် မဟုတ်လား။ ဒါပေမဲ့ ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတာကို လုံးဝမတွေ့ရပါဘူး။ ဒါကြောင့် အသက်ပြန်ရှင်လာသူရှစ်ဦးစလုံးက အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှမပြောပြခဲ့မှန်း ထင်ရှားပါတယ်။ ဘာကြောင့်လဲ။ သူတို့ဟာ အိပ်မောကျသွားသလို ဘာကိုမှမသိတော့လို့ပါ။ တစ်ခါတလေ သေခြင်းကို အိပ်ပျော်ခြင်းနဲ့ ခိုင်းနှိုင်းထားတာကို ကျမ်းစာမှာတွေ့နိုင်တယ်။ ဥပမာ၊ ရှေးခေတ်သစ္စာရှိသူ ဒါဝိဒ်နဲ့ သတေဖန်တို့ဟာ “သေခြင်း၌ အိပ်ပျော်” သွားတယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။—တမန်တော် ၇:၆၀; ၁၃:၃၆။
သေလွန်သူတွေအတွက် ဘာမျှော်လင့်ချက်ရှိသလဲ။ အိပ်ပျော်ရာကနေ သူတို့ ပြန်နိုးလာအုံးမလား။
^ စာပိုဒ်၊ 7 ဟေဗြဲစကားလုံး “ရှီးအိုးလ်” နဲ့ ဂရိစကားလုံး “ဟေးဒီးစ်”ကို ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ “သင်္ချိုင်း” လို့ ပြန်ဆိုထားတယ်။ တချို့ဘာသာပြန်ကျမ်းတွေမှာ “ငရဲ” လို့ ပြန်ဆိုကြတယ်။ ဒါပေမဲ့ သေလွန်သူတွေဟာ မီးငရဲမှာ ညှဉ်းဆဲခံရတယ်ဆိုတဲ့ အယူဝါဒက ကျမ်းစာနဲ့မကိုက်ညီပါဘူး။