ထွက်မြောက်ရာ ၃၃:၁-၂၃

  • ဘုရားရဲ့ ပြစ်တင်ဆုံးမစကား (၁-၆)

  • စခန်းအပြင်ဘက်က တွေ့ဆုံရာတဲတော် (၇-၁၁)

  • ယေဟောဝါရဲ့ဘုန်းတော်ကို မောရှေ မြင်ခွင့်တောင်း (၁၂-၂၃)

၃၃  ယေဟောဝါက မောရှေကို “အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့တဲ့ လူတွေနဲ့အတူ ဒီနေရာကနေ ထွက်သွားပါ။ အာဗြဟံ၊ အိဇက်၊ ယာကုပ်ကို ငါကျိန်ဆိုခဲ့တဲ့ပြည်ကို သွားပါ။ သူတို့ရဲ့မျိုးနွယ်ကို ဒီပြည်ပေးမယ်လို့ ငါကတိပေးခဲ့တယ်။+ ၂  မင်းရှေ့မှာ ကောင်းကင်တမန်တစ်ပါးကို ငါစေလွှတ်ပြီး+ ခါနန်၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတွေကို နှင်ထုတ်မယ်။+ ၃  နို့နဲ့ပျားရည်စီးတဲ့ပြည်ကို+ သွားကြပါ။ ငါကတော့ မင်းတို့နဲ့အတူ မလိုက်ဘူး။ မင်းတို့က ခေါင်းမာတော့+ လမ်းခရီးမှာ ငါဖျက်ဆီးမိလိမ့်မယ်”+ လို့ပြောတယ်။ ၄  လူတွေက ဒီသတင်းဆိုးကို ကြားတဲ့အခါ ငိုကြွေးပြီး လက်ဝတ်လက်စားတွေ မဝတ်ကြတော့ဘူး။ ၅  ယေဟောဝါက “‘မင်းတို့ဟာ ခေါင်းမာတဲ့သူတွေပဲ။+ မင်းတို့ဆီ ငါလာပြီး ချက်ချင်း ဖျက်ဆီးပစ်လိုက်လို့ရတယ်။+ ဒါပေမဲ့ ဘယ်လို ဒဏ်ပေးရင်ကောင်းမလဲ စဉ်းစားလိုက်ဦးမယ်။ လောလောဆယ်တော့ လက်ဝတ်လက်စားတွေ ချွတ်ထားကြ’ လို့ အစ္စရေးတွေကို ပြောလိုက်ပါ” ဆိုပြီး မောရှေကို ပြောတယ်။ ၆  အစ္စရေးတွေလည်း ဟောရပ်တောင်မှာ လက်ဝတ်လက်စားတွေ ချွတ်ကြတယ်။ နောက်ပိုင်း ပြန်မဝတ်တော့ဘူး။ ၇  မောရှေလည်း သူ့တဲကို ဖြုတ်ပြီး စခန်းအပြင်ဘက်၊ ခပ်လှမ်းလှမ်းမှာ တဲထိုးလိုက်တယ်။ အဲဒါကို တွေ့ဆုံရာတဲတော်လို့ ခေါ်တယ်။ ယေဟောဝါကို မေးမြန်းချင်တဲ့သူတွေက+ စခန်းအပြင်ဘက် တွေ့ဆုံရာတဲတော်ကို သွားရမယ်။ ၈  မောရှေထွက်သွားတဲ့အခါ လူတွေက ကိုယ့်တဲဝမှာရပ်ပြီး တဲတော်ထဲ မောရှေဝင်သွားတဲ့အထိ ကြည့်နေကြတယ်။ ၉  တဲတော်ထဲ မောရှေဝင်လိုက်တာနဲ့ မိုးတိမ်တိုင်+ ဆင်းလာပြီး တဲတော်ဝမှာ တည်နေတယ်။ ဘုရားသခင်က မောရှေကို စကားပြောတယ်။+ ၁၀  တဲတော်ဝမှာ မိုးတိမ်တိုင် တည်နေတာကို မြင်တဲ့အခါ လူအားလုံးက ကိုယ့်တဲဝကနေ ပျပ်ဝပ်ကြတယ်။ ၁၁  ယေဟောဝါက လူလူချင်းစကားပြောသလို မောရှေနဲ့မျက်နှာချင်းဆိုင် စကားပြောတယ်။+ စခန်းကို မောရှေပြန်လာတဲ့အခါ လက်ထောက်လည်းဖြစ်၊ နောက်လိုက်လည်းဖြစ်တဲ့ နုန်ရဲ့သားယောရှုက+ တဲတော်မှာပဲ နေရစ်ခဲ့တယ်။ ၁၂  မောရှေက ယေဟောဝါကို “‘ဒီလူတွေကို ဦးဆောင်ခေါ်သွားပါ’ လို့ ကိုယ်တော်မိန့်မှာတုန်းက ကျွန်တော်နဲ့အတူ ဘယ်သူ့ကို လွှတ်မလဲဆိုတာ မပြောခဲ့ဘူး။ ‘မင်းဟာ ငါ့စိတ်နဲ့တွေ့တဲ့သူပဲ။ မင်းကို ငါ ကောင်းကောင်းသိတယ်’* လို့ပဲ ပြောခဲ့တယ်။ ၁၃  ကျွန်တော်ဟာ စိတ်တော်နဲ့တွေ့တဲ့သူဆိုရင် ကိုယ်တော့်ကိုသိပြီး မျက်နှာသာဆက်ရနိုင်ဖို့ ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သင်ပေးပါ။+ ဒီလူမျိုးဟာ ကိုယ်တော့်လူမျိုးပဲဆိုတာကိုလည်း သတိရလှည့်ပါ”+ လို့ပြောတယ်။ ၁၄  ဘုရားသခင်က “ငါကိုယ်တိုင် မင်းနဲ့အတူသွားမယ်။+ မင်း စိတ်အေးလက်အေး ဖြစ်စေရမယ်”+ လို့ပြောတယ်။ ၁၅  မောရှေကလည်း “ကိုယ်တော်မပါဘဲနဲ့ ကျွန်တော်တို့ကို ဒီနေရာကနေ မထွက်သွားခိုင်းပါနဲ့။ ၁၆  ကိုယ်တော်ပါမှပဲ ကျွန်တော်နဲ့ ကိုယ်တော့်လူမျိုးဟာ စိတ်တော်နဲ့တွေ့တယ်၊+ တခြားလူမျိုးအားလုံးနဲ့မတူဘဲ ခြားနားတယ်ဆိုတာ သိနိုင်ပါလိမ့်မယ်”+ လို့ပြောတယ်။ ၁၇  ယေဟောဝါက “ကောင်းပြီ။ ဒီတစ်ခါလည်း မင်းတောင်းဆိုတဲ့အတိုင်း လုပ်ပေးမယ်။ မင်းဟာ ငါ့စိတ်နဲ့တွေ့တဲ့သူပဲ။ မင်းကို ငါကောင်းကောင်းသိတယ်” လို့ပြန်ပြောတယ်။ ၁၈  အဲဒီအခါ မောရှေက “ကိုယ်တော်ရဲ့ ဘုန်းအသရေကို ဖူးမြင်ခွင့်ပေးပါ” လို့တောင်းဆိုတယ်။ ၁၉  ဘုရားသခင်က “ငါ့ရဲ့ကောင်းမြတ်မှုမှန်သမျှကို မြင်ခွင့်ပေးမယ်။ ယေဟောဝါဆိုတဲ့ ငါ့နာမည်အကြောင်း မင်းကို အသိပေးမယ်။+ ငါမျက်နှာသာပေးချင်တဲ့သူကို မျက်နှာသာပေးမယ်။ ကရုဏာပြချင်တဲ့သူကို ကရုဏာပြမယ်။+ ၂၀  ဒါပေမဲ့ ငါ့ကိုမြင်တဲ့သူဟာ အသက်မရှင်နိုင်တဲ့အတွက် မင်းကို ငါ့မျက်နှာ ဖူးမြင်ခွင့်မပေးဘူး” ဆိုပြီးပြောတယ်။ ၂၁  ယေဟောဝါက “ငါ့အနားမှာရှိတဲ့ ကျောက်ဆောင်ပေါ်မှာ မင်းရပ်နေပါ။ ၂၂  ငါ့ရဲ့ဘုန်းအသရေ ဖြတ်သွားတဲ့အခါ မင်းကို ကျောက်ဂူထဲမှာ နေခိုင်းမယ်။ ငါဖြတ်ကျော်သွားချိန်ထိ မင်းကို ငါ့လက်နဲ့ ကာပေးထားမယ်။ ၂၃  ငါ့လက်ကို ဖယ်လိုက်တဲ့အခါ ငါ့နောက်ကျောကို မင်းမြင်ရမယ်။ မျက်နှာကိုတော့ မြင်ရမှာမဟုတ်ဘူး”+ လို့ဆက်ပြောတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “နာမည်နဲ့သိတယ်။”