မဿဲ ၆:၁-၃၄

  • တောင်ပေါ် ဒေသနာ (၁-၃၄)

    • ဖြောင့်မတ်တဲ့လုပ်ရပ်တွေကို လူရှေ့သူရှေ့ မလုပ်ပြပါနဲ့ (၁-၄)

    • ဆုတောင်းနည်း (၅-၁၅)

      • စံပြဆုတောင်းချက် (၉-၁၃)

    • အစာရှောင်ခြင်း (၁၆-၁၈)

    • မြေကြီးဘဏ္ဍာ၊ ကောင်းကင်ဘဏ္ဍာ (၁၉-၂၄)

    • မစိုးရိမ်ကြနဲ့တော့ (၂၅-၃၄)

      • နိုင်ငံတော်ကို အမြဲဦးစားထား (၃၃)

 “ခင်ဗျားတို့ရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေကို လူမြင်ကောင်းအောင် လူရှေ့သူရှေ့မှာ မလုပ်ပြမိဖို့ သတိထားကြပါ။+ အဲဒီလို လုပ်ရင် ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားဆီကနေ ဘာကောင်းချီးမှ ရမှာ မဟုတ်ဘူး။ ၂  ဒါကြောင့် ပေးကမ်းစွန့်ကြဲတဲ့အခါ သူတော်ကောင်း ယောင်ဆောင်သူတွေလို မလုပ်ကြနဲ့။ သူတို့က လူတွေ ချီးမွမ်းတာ ခံချင်လို့ လူတကာ သိအောင် တရားဇရပ်တွေ၊ လမ်းတွေမှာ ကိုယ့်ဂုဏ်ကိုယ်ဖော်ကြတာ။ ကျွန်တော် မှန်တာကို ပြောမယ်။ သူတို့ဟာ လိုချင်တဲ့ အကျိုးကို ရပြီးသွားပြီ။ ၃  ခင်ဗျားတို့ကတော့ ပေးကမ်းစွန့်ကြဲတဲ့အခါ ညာလက်နဲ့ ပေးတာကို ဘယ်လက် မသိစေနဲ့။ ၄  သိုသိုသိပ်သိပ် ပေးကမ်းစွန့်ကြဲကြပါ။ ဒါဆိုရင် ဆိတ်ကွယ်ရာကို မြင်တဲ့ အဖဘုရားက ကောင်းချီးပေးလိမ့်မယ်။+ ၅  “ဆုတောင်းတဲ့အခါ သူတော်ကောင်း ယောင်ဆောင်သူတွေလို မလုပ်ပါနဲ့။+ သူတို့က လူတကာ မြင်အောင် တရားဇရပ်တွေ၊ လမ်းဆုံလမ်းခွတွေမှာ ရပ်ပြီး ဆုတောင်းတတ်ကြတယ်။+ ကျွန်တော် မှန်တာကို ပြောမယ်။ သူတို့ဟာ လိုချင်တဲ့ အကျိုးကို ရပြီးသွားပြီ။ ၆  ခင်ဗျားတို့ကတော့ ဆုတောင်းတဲ့အခါ အခန်းထဲ ဝင်၊ တံခါးပိတ်ပြီး မမြင်နိုင်တဲ့ အရပ်မှာ စံမြန်းတဲ့ အဖဘုရားဆီ ဆုတောင်းကြပါ။+ ဆိတ်ကွယ်ရာကို မြင်တဲ့ အဖဘုရားက ကောင်းချီးပေးလိမ့်မယ်။ ၇  ဆုတောင်းတဲ့အခါ လူမျိုးခြားတွေလို အကြောင်းအရာ တစ်မျိုးတည်းကို အထပ်ထပ် မရွတ်ပါနဲ့။ သူတို့က အရှည်ကြီး ဆုတောင်းရင် ဘုရား နားထောင်မှာပဲလို့ ထင်နေကြတာ။ ၈  သူတို့နဲ့ မတူစေနဲ့။ အဖဘုရားက ခင်ဗျားတို့ လိုအပ်တာကို မတောင်းခင်ကတည်းက သိပြီးသားပဲ။+ ၉  “ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်–+ “‘ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော်+ သန့်ရှင်းမြင့်မြတ်ပါစေ။+ ၁၀  နိုင်ငံတော်+ လာပါစေ။ အလိုတော်ဟာ+ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။+ ၁၁  ဒီနေ့အတွက် ကျွန်တော်တို့ လိုအပ်တဲ့ အစားအစာကို ပေးသနားပါ။+ ၁၂  သူတစ်ပါးရဲ့ အပြစ်ကြွေးတွေကို ကျွန်တော်တို့ ခွင့်လွှတ်သလို ကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေကိုလည်း ခွင့်လွှတ်ပေးပါ။+ ၁၃  သွေးဆောင်မှုနောက် ပါမသွားအောင် ကူညီပြီး+ ဆိုးညစ်သူရဲ့ လက်ကနေ ကယ်တင်ပေးပါ။’+ ၁၄  “သူတစ်ပါးရဲ့ အပြစ်ကို ခွင့်လွှတ်ရင် ကောင်းကင်အဖက ခင်ဗျားတို့ရဲ့ အပြစ်ကို ခွင့်လွှတ်လိမ့်မယ်။+ ၁၅  သူတစ်ပါးရဲ့ အပြစ်ကို ခွင့်မလွှတ်ရင်တော့ အဖဘုရားက ခင်ဗျားတို့ရဲ့ အပြစ်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။+ ၁၆  “အစာရှောင်တဲ့အခါ+ သူတော်ကောင်း ယောင်ဆောင်သူတွေလို မျက်နှာညှိုးမထားကြနဲ့။ သူတို့က အစာရှောင်တာကို+ လူတွေ သိအောင် မျက်နှာညှိုးပြတတ်ကြတယ်။ ကျွန်တော် မှန်တာကို ပြောမယ်။ သူတို့ဟာ လိုချင်တဲ့ အကျိုးကို ရပြီးသွားပြီ။ ၁၇  ခင်ဗျားတို့ကတော့ အစာရှောင်တဲ့အခါ မျက်နှာသစ်ပြီး ခေါင်းကို ဆီလိမ်းပါ။ ၁၈  အစာရှောင်တာကို လူတွေ မရိပ်မိစေဘဲ မမြင်နိုင်တဲ့ အရပ်မှာ စံမြန်းတဲ့ အဖဘုရားပဲ မြင်ပါစေ။ ဒါဆိုရင် ဆိတ်ကွယ်ရာကို မြင်တဲ့ အဖဘုရားက ကောင်းချီးပေးလိမ့်မယ်။ ၁၉  “သံချေးနဲ့ ပိုးမွှားကြောင့် ပျက်စီးနိုင်တဲ့၊ သူခိုး ဝင်ခိုးနိုင်တဲ့ မြေကြီးဘဏ္ဍာကို+ မစုဆောင်းကြနဲ့တော့။ ၂၀  သံချေးနဲ့ ပိုးမွှားကြောင့် မပျက်စီးနိုင်တဲ့၊+ သူခိုး ဝင်မခိုးနိုင်တဲ့ ကောင်းကင်ဘဏ္ဍာကိုပဲ+ စုဆောင်းကြပါ။ ၂၁  ကိုယ့်ဘဏ္ဍာ ရှိတဲ့နေရာမှာ ကိုယ့်စိတ် ရောက်နေတတ်တယ်။ ၂၂  “မျက်လုံးဟာ ခန္ဓာကိုယ်ရဲ့ မီးခွက်ပဲ။+ တစ်ခုတည်းကိုပဲ အာရုံစိုက် ကြည့်ရင် တစ်ကိုယ်လုံး လင်းနေလိမ့်မယ်။ ၂၃  ဒါပေမဲ့ မနာလိုတဲ့ စိတ်နဲ့ ကြည့်နေရင်*+ တစ်ကိုယ်လုံး မှောင်နေလိမ့်မယ်။ ခင်ဗျားတို့ရဲ့ အလင်းဟာ တကယ်ပဲ မှောင်နေရင်တော့ တစ်ကိုယ်လုံး မှောင်မိုက်နေမှာပေါ့။ ၂၄  “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။ သခင်တစ်ဦးကို မုန်းပြီး နောက်တစ်ဦးကို ချစ်မှာပဲ။+ တစ်ဦးကို သစ္စာရှိပြီး တစ်ဦးကို မထီလေးစား လုပ်မှာပဲ။ ခင်ဗျားတို့လည်း ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး။+ ၂၅  “ဒါကြောင့် ကျွန်တော် ပြောမယ်– အသက်ရှင်ရေးအတွက် ဘာစားရမလဲ၊ ဘာသောက်ရမလဲ ဆိုပြီး မစိုးရိမ်ကြနဲ့တော့။+ ခန္ဓာကိုယ်အတွက် ဘာဝတ်ရမလဲ ဆိုပြီး+ မစိုးရိမ်ကြနဲ့တော့။ အစာထက် အသက်က ပိုအရေးကြီးတယ် မဟုတ်လား။ အဝတ်ထက် ခန္ဓာကိုယ်က ပိုအရေးကြီးတယ် မဟုတ်လား။+ ၂၆  ငှက်တွေကို+ အာရုံစိုက် ကြည့်လိုက်ပါ။ သူတို့က မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ၊ ကျီထဲ စုသိမ်းတာတွေ မလုပ်ကြဘူး။ ဒါပေမဲ့ ကောင်းကင်အဖက သူတို့ကို ကျွေးမွေးထားတာပဲ။ ခင်ဗျားတို့ဟာ အဲဒီငှက်တွေထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား။ ၂၇  စိုးရိမ်ပူပန်နေလို့ကော ခင်ဗျားတို့သက်တမ်း တစ်တောင်လောက် ပိုရှည်လာလို့လား။+ ၂၈  ပြီးတော့ အဝတ်အတွက် ဘာလို့ စိုးရိမ်နေကြတာလဲ။ တောနှင်းပန်းတွေ ရှင်သန်နေပုံကိုကြည့်ပြီး သင်ခန်းစာ ယူပါ။ နှင်းပန်းတွေက ပင်ပင်ပန်းပန်း မလုပ်ဘူး၊ ချည်လည်း မငင်ဘူး။ ၂၉  ကျွန်တော် ပြောမယ်၊ ခံ့ခံ့ညားညား ဝတ်ဆင်ထားတဲ့ ရှောလမုန်မင်းတောင်+ အဲဒီနှင်းပန်းတစ်ပင်လို လှလှပပ ဖြစ်အောင် မဆင်မြန်းနိုင်ဘူး။ ၃၀  ယုံကြည်ခြင်းနည်းသူတို့၊ ဒီနေ့ ရှင်သန်ပြီး မနက်ဖြန် မီးထဲ ရောက်သွားမယ့် တောပင်တွေကိုတောင် ဘုရားသခင်က အဲဒီလို ဆင်မြန်းပေးတယ်ဆိုရင် ခင်ဗျားတို့ကို ဒီထက်မက ဆင်မြန်းပေးမယ် မဟုတ်လား။ ၃၁  ဒါကြောင့် ‘ဘာစားရမလဲ။’ ‘ဘာသောက်ရမလဲ။’ ‘ဘာဝတ်ရမလဲ’+ ဆိုပြီး ဘယ်တော့မှ မစိုးရိမ်ကြပါနဲ့။+ ၃၂  ဒါတွေကို လူမျိုးခြားတွေ အသည်းအသန် ရှာဖွေတတ်ကြတယ်။ ဒါတွေအားလုံး ခင်ဗျားတို့ လိုအပ်မှန်း ကောင်းကင်အဖ သိပြီးသားပဲ။ ၃၃  “ဒါကြောင့် ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အမြဲ ဦးစားထားကြပါ။ နောက်မှ အဲဒါတွေကို ဖြည့်ဆည်းပေးလိမ့်မယ်။+ ၃၄  နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။+ ဒီနေ့ ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားပါ။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ဆိုးညစ်တဲ့အရာကို အာရုံစိုက်ကြည့်နေရင်။”