မဿဲ ၈:၁-၃၄

  • အနာကြီးရောဂါသည်တစ်ယောက် ရောဂါပျောက် (၁-၄)

  • တပ်မှူးတစ်ယောက်ရဲ့ ယုံကြည်ခြင်း (၅-၁၃)

  • ကပေရနောင်မြို့မှာ လူများစွာကို ယေရှု ကုသပေး (၁၄-၁၇)

  • ယေရှုနောက် လိုက်နိုင်ပုံ (၁၈-၂၂)

  • လေမုန်တိုင်းကို ငြိမ်သက်စေ (၂၃-၂၇)

  • နတ်ဆိုးတွေကို ဝက်အုပ်ထဲ ဝင်ပူးစေ (၂၈-၃၄)

 ယေရှု တောင်ပေါ်ကနေ ဆင်းလာတဲ့အခါ နောက်ကနေ လူတွေ အုပ်လိုက်ကြီး ပါလာတယ်။ ၂  အဲဒီအခါ အနာကြီး ရောဂါသည်တစ်ယောက် လာဦးညွှတ်ပြီး “သခင်၊ ဆန္ဒ ရှိရင် ကျွန်တော့်ကို သန့်ရှင်းသွားအောင် လုပ်ပေးပါလား”+ လို့ အသနားခံတယ်။ ၃  ယေရှုက သူ့ကို လှမ်းကိုင်ပြီး “ဆန္ဒ ရှိတာပေါ့။ သန့်ရှင်းစေ”+ လို့ ပြောလိုက်တဲ့အခါ ချက်ချင်းပဲ အနာကြီးရောဂါ ပျောက်ပြီး သန့်ရှင်းသွားတယ်။+ ၄  အဲဒီနောက် “ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့။+ ရောဂါပျောက်ပြီ ဆိုတဲ့ အထောက်အထားအဖြစ် ပုရောဟိတ်ဆီ သွားပြီး ကိုယ်ကို ပြပါ။+ မောရှေ ညွှန်ကြားထားတဲ့အတိုင်း အလှူကို ဆက်သပါ”+ လို့ မှာတယ်။ ၅  ကပေရနောင်မြို့ထဲ ယေရှု ဝင်သွားတဲ့အခါ တပ်မှူးတစ်ယောက် ရောက်လာပြီး၊+ ၆  “ဆရာ၊ ကျွန်တော့်အစေခံတစ်ယောက် လေဖြတ်ပြီး အိမ်မှာ လဲနေပါတယ်။ သူအကြီးအကျယ် ဝေဒနာ ခံစားနေရပါတယ်” လို့ အသနားခံတယ်။ ၇  ယေရှုက “ကောင်းပြီ၊ ကျွန်တော် သွားပြီး ကုပေးမယ်” လို့ ပြောတဲ့အခါ၊ ၈  တပ်မှူးက “ဆရာ့ကို အိမ်ထဲ ဖိတ်ဖို့ ကျွန်တော် မထိုက်တန်ပါဘူး။ ပျောက်စေလို့ ဆရာ ပြောလိုက်ရုံနဲ့ သူ့ရောဂါ ပျောက်သွားမှာပါ။ ၉  ကျွန်တော့်မှာလည်း အထက်လူကြီး ရှိသလို လက်အောက်တပ်သားတွေ ရှိတယ်။ တပ်သားတစ်ယောက်ကို ‘သွား’ လို့ အမိန့်ပေးရင် သွားတယ်။ နောက်တစ်ယောက်ကို ‘လာ’ ဆိုရင် လာတယ်။ ကျွန်ကိုလည်း ‘ဒါလုပ်’ လို့ ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်ပါတယ်” လို့ ပြန်ပြောတယ်။ ၁၀  ယေရှုက သူ့စကားကို ကြားတဲ့အခါ အံ့သြပြီး “ကျွန်တော် မှန်တာကို ပြောမယ်။ ဒီလောက်ထိ ယုံကြည်ခြင်း ခိုင်ခံ့တဲ့သူကို အစ္စရေးတွေထဲမှာ မတွေ့ဖူးဘူး။+ ၁၁  ကျွန်တော် ပြောမယ်။ အရှေ့နဲ့ အနောက်အရပ်ကနေ လူအများကြီး ရောက်လာပြီး ကောင်းကင်နိုင်ငံမှာ အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့နဲ့အတူ ထိုင်ပြီး စားသောက်ကြလိမ့်မယ်။+ ၁၂  နိုင်ငံတော်သားတွေကတော့ အပြင်ဘက် မှောင်မိုက်အရပ်ဆီ နှင်ထုတ်ခံရလိမ့်မယ်။ အဲဒီမှာ ငိုကြွေးပြီး အံကြိတ်ခံပြင်းနေကြလိမ့်မယ်”+ ဆိုပြီး နောက်က ပါလာတဲ့ လူတွေကို ပြောတယ်။ ၁၃  အဲဒီနောက် တပ်မှူးကို “အိမ်ပြန်ပါ။ ခင်ဗျား ယုံကြည်တဲ့အတိုင်း ဖြစ်ပါစေ” လို့ ပြောတယ်။+ အဲဒီအချိန်မှာပဲ တပ်မှူးရဲ့ အစေခံလည်း ရောဂါ ပျောက်ကင်းသွားတယ်။+ ၁၄  ယေရှုက ပေတရုအိမ်ကို ရောက်လာတဲ့အခါ ပေတရုရဲ့ ယောက္ခမ+ ဖျားပြီး အိပ်ရာထဲ လဲနေတာကို မြင်တယ်။+ ၁၅  ဒါနဲ့ သူ့လက်ကို ထိလိုက်တော့+ အဖျားပျောက်သွားတဲ့အတွက် ထပြီး ယေရှုကို ဧည့်ဝတ်ပြုတယ်။ ၁၆  ညနေပိုင်းမှာ၊ နတ်ဆိုးစွဲသူတွေကို ခေါ်လာကြတဲ့အခါ ယေရှုက နတ်ဆိုးတွေကို အမိန့်တစ်ခွန်းတည်းနဲ့ နှင်ထုတ်တယ်။ ဝေဒနာခံစားနေရသူ အားလုံးကို ကုသပေးတယ်။ ၁၇  ဒါကြောင့် “သူက ငါတို့ရဲ့ ဖျားနာမှုကို ယူတယ်။ ငါတို့ရဲ့ ရောဂါတွေကို သယ်ဆောင်တယ်”+ ဆိုပြီး ပရောဖက် ဟေရှာယကတစ်ဆင့် ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်။ ၁၈  ယေရှုက ဝိုင်းအုံလာတဲ့ လူအုပ်ကို မြင်တဲ့အခါ “အိုင်တစ်ဖက်ကမ်းကို ကူးရအောင်” လို့ တပည့်တွေကို ပြောတယ်။+ ၁၉  အဲဒီအခါ ကျမ်းတတ်တစ်ယောက် ရောက်လာပြီး “ဆရာ၊ ဆရာ သွားလေရာ ကျွန်တော် လိုက်ပါ့မယ်” လို့ ပြောတယ်။+ ၂၀  ယေရှုက “မြေခွေးမှာ မြေတွင်း ရှိတယ်။ ငှက်တွေမှာ နားစရာနေရာ ရှိတယ်။ လူသားကတော့ ခေါင်းချစရာတောင် မရှိဘူး”+ ဆိုပြီး ပြန်ပြောတယ်။ ၂၁  တပည့်နောက်တစ်ယောက်ကလည်း “သခင်၊ အဖေ့ကို အရင် သင်္ဂြိုဟ်ပါရစေ” လို့ ခွင့်တောင်းတဲ့အခါ၊+ ၂၂  ယေရှုက “ကျွန်တော့်နောက်ကိုသာ ဆက်ပြီး လိုက်ပါ။ လူသေကို လူသေတွေပဲ သင်္ဂြိုဟ်ပါစေ”+ လို့ ပြောတယ်။ ၂၃  အဲဒီနောက် ယေရှု လှေပေါ် တက်တဲ့အခါ တပည့်တွေလည်း လိုက်သွားကြတယ်။+ ၂၄  ဒီလိုနဲ့ အိုင်ထဲမှာ လေမုန်တိုင်းကျလာတယ်။ လှိုင်းလုံးတွေ ကြီးလွန်းလို့ လှေနစ်လုမတတ် ဖြစ်နေပေမဲ့ ယေရှုကတော့ အိပ်ပျော်နေတယ်။+ ၂၅  တပည့်တွေက လာနှိုးပြီး “သခင်၊ ကယ်ပါဦး။ ကျွန်တော်တို့ သေတော့မယ်” လို့ ပြောတယ်။ ၂၆  ယေရှုက “ယုံကြည်ခြင်းနည်းသူတို့၊ ဘာလို့ ကြောက်နေတာလဲ”+ လို့ ပြောပြီးနောက် ထပြီး လှိုင်းနဲ့ လေကို အမိန့်ပေးလိုက်တဲ့အခါ လှိုင်းလေ ငြိမ်သွားတယ်။+ ၂၇  သူတို့လည်း တအံ့တသြ ဖြစ်ပြီး “ဘယ်လိုလူပါလိမ့်။ လှိုင်းနဲ့ လေတောင် သူ့စကားကို နားထောင်ပါလား” လို့ ပြောကြတယ်။ ၂၈  အိုင်တစ်ဖက်ကမ်း ဂါဒရနယ်ကို ရောက်တဲ့အခါ နတ်ဆိုးစွဲသူ နှစ်ယောက် သင်္ချိုင်းဂူတွေကြားထဲကနေ ထွက်လာတော့ ယေရှုနဲ့ ဆုံတယ်။+ သူတို့ဟာ အလွန် ကြမ်းကြုတ်တဲ့အတွက် အဲဒီလမ်းကို ဘယ်သူမှ မဖြတ်ရဲဘူး။ ၂၉  သူတို့က “ဘုရားသခင်ရဲ့ သားတော်၊ ခင်ဗျားက ကျုပ်တို့နဲ့ ဘာဆိုင်လို့တုံး။+ ကျုပ်တို့ကို အချိန်မတိုင်ခင်+ ဒဏ်ခတ်ဖို့ ဒီကို ရောက်လာတာလား”+ ဆိုပြီး အော်ပြောတယ်။ ၃၀  သူတို့နဲ့ မနီးမဝေးမှာ ဝက်အုပ်ကြီးတစ်အုပ် ကျက်စားနေတယ်။+ ၃၁  နတ်ဆိုးတွေက “ကျုပ်တို့ကို နှင်ထုတ်မယ်ဆိုရင် အဲဒီဝက်အုပ်ထဲသာ နှင်ထုတ်လိုက်ပါ” ဆိုပြီး တောင်းပန်တယ်။+ ၃၂  ဒါနဲ့ ယေရှုက “ထွက်သွားကြ” လို့ အမိန့်ပေးတဲ့အခါ နတ်ဆိုးတွေ ထွက်သွားပြီး ဝက်အုပ်ထဲ ဝင်ပူးတဲ့အတွက် ဝက်တစ်အုပ်လုံး ကမ်းပါးပေါ်ကနေ တစ်ဟုန်ထိုး ကျပြီး ရေနစ်သေကုန်တယ်။ ၃၃  ဝက်ကျောင်းသူတွေလည်း မြို့ထဲ ပြေးဝင်ပြီး နတ်ဆိုးစွဲသူတွေအကြောင်း ဖြစ်ကြောင်းကုန်စင် ပြောပြကြတယ်။ ၃၄  အဲဒီအခါ တစ်မြို့လုံး ယေရှုကို တွေ့ဖို့ ထွက်လာပြီးနောက် သူတို့ဒေသကနေ ထွက်သွားပါလို့ တိုက်တွန်းကြတယ်။+

အောက်ခြေမှတ်ချက်များ