ယေဇကျေလ ၂၆:၁-၂၁

  • တိုင်ရာနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် (၁-၂၁)

    • “ငါးဖမ်းပိုက်တွေ လှန်းတဲ့နေရာ” (၁၄)

    • ကျောက်တုံးတွေ၊ မြေကြီးတွေကို ရေထဲပစ်ချ (၁၂)

၂၆  ဆယ့်တစ်နှစ်မြောက်၊ လရဲ့ပထမနေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂  “လူသား၊ ဂျေရုဆလင်နဲ့ပတ်သက်ပြီး+ တိုင်ရာမြို့က ပြောနေတယ်– ‘သူတို့ရဲ့မြို့တံခါး ပျက်စီးသွားပြီ။ ကောင်းလိုက်တာ။+ သူပျက်စီးပြီဆိုတော့ ငါ ချမ်းသာလာတော့မယ်။ အရာအားလုံး ငါ့ဆီ ရောက်လာတော့မယ်။’ ၃  ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက ‘တိုင်ရာမြို့၊ မင်းကို ငါတိုက်ခိုက်မယ်။ မင်းကိုတိုက်ခိုက်ဖို့ လူမျိုးအများကြီးကို ပင်လယ်လှိုင်းလုံးတွေလို ငါခေါ်ဆောင်လာမယ်။ ၄  သူတို့က တိုင်ရာမြို့ရိုးတွေကို ဖျက်ဆီးပြီး မျှော်စင်တွေကို ဖြိုချလိမ့်မယ်။+ ငါက မြေတွေကို ခြစ်ထုတ်ပြီး ကျောက်တလင်းပြင် ဖြစ်စေမယ်။ ၅  မင်းဟာ ပင်လယ်ပြင်မှာ ငါးဖမ်းပိုက်တွေ လှန်းတဲ့နေရာ ဖြစ်သွားလိမ့်မယ်။’+ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘ဒါဟာ ငါကိုယ်တိုင်ပြောတဲ့ စကားပဲ။ မင်းကို လူမျိုးတွေ လုယက်ကြလိမ့်မယ်။ ၆  ကျေးလက်မြို့ရွာတွေ ဓားဘေးနဲ့ ဖျက်ဆီးခံရလိမ့်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ လူတွေသိရကြလိမ့်မယ်။’ ၇  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘တိုင်ရာမြို့ကို တိုက်ခိုက်ဖို့ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို မြောက်အရပ်ကနေ ငါခေါ်လာမယ်။+ သူဟာ ဘုရင်တို့ရဲ့ဘုရင် ဖြစ်ပြီး+ မြင်းတွေ၊+ စစ်မြင်းရထားတွေ၊+ မြင်းစီးသူရဲတွေနဲ့ စစ်တပ်အလုံးအရင်းကို ပိုင်ဆိုင်တဲ့သူပဲ။ ၈  သူက ကျေးလက်မြို့ရွာတွေကို ဓားနဲ့ဖျက်ဆီးလိမ့်မယ်။ မင်းကိုတိုက်ဖို့ ထိုးစစ်တံတိုင်းနဲ့ ထိုးစစ်ကုန်းရိုးကို တည်ဆောက်လိမ့်မယ်။ ဒိုင်းလွှားတွေကို ကိုင်မြှောက်လိမ့်မယ်။ ၉  မင်းရဲ့မြို့ရိုးတွေကို ခံတပ်ဖြိုစက်နဲ့ ဖြိုခွင်းလိမ့်မယ်။ မျှော်စင်တွေကို ပုဆိန်နဲ့ ဖြိုချလိမ့်မယ်။ ၁၀  သူ့ရဲ့မြင်းတပ်ကြောင့် ဖုန်တထောင်းထောင်းထလိမ့်မယ်။ မြို့ပျက်ထဲ ဒုန်းစိုင်းဝင်လာတဲ့ လူတွေလို မြို့ထဲဝင်လာတဲ့အတွက် မြင်းစီးသူရဲတွေ၊ စစ်မြင်းရထားတွေရဲ့ ဘီးသံကြောင့် မြို့ရိုး တုန်ခါသွားလိမ့်မယ်။ ၁၁  မင်းရဲ့လမ်းတွေမှာ  မြင်းတွေ ကဆုန်ပေါက် ပြေးလိမ့်မယ်။+ မင်းရဲ့လူတွေကို ဓားနဲ့သတ်လိမ့်မယ်။ တိုင်မကြီးတွေ ပြိုကျလိမ့်မယ်။ ၁၂  သူတို့က မင်းရဲ့ပစ္စည်းဥစ္စာတွေ၊ ကုန်စည်တွေကို လုယက်လိမ့်မယ်။+ မြို့ရိုးတွေ၊ အိမ်ကြီးအိမ်ကောင်းတွေကို ဖြိုချလိမ့်မယ်။ ကျောက်တုံး၊ သစ်သား၊ မြေကြီးတွေကို ရေထဲပစ်ချလိမ့်မယ်။’ ၁၃  “‘မင်းရဲ့ သီချင်းသံတွေ၊ စောင်းသံတွေကို ငါတိတ်စေမယ်။+ ၁၄  မင်းကို ကျောက်တလင်းပြင် ဖြစ်စေမှာမို့လို့ ငါးဖမ်းပိုက်တွေ လှန်းတဲ့နေရာ ဖြစ်သွားလိမ့်မယ်။+ မင်းကို ပြန်တည်ဆောက်ကြတော့မှာ မဟုတ်ဘူး။ ဒါဟာ ငါယေဟောဝါ ကိုယ်တိုင်ပြောတဲ့ စကားပဲ’ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။ ၁၅  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက တိုင်ရာမြို့ကို ပြောတယ်– ‘မင်းဆီမှာ သတ်ဖြတ်မှုတွေ ဖြစ်တဲ့အခါ၊ သေလုမြောပါးဖြစ်နေသူတွေ ညည်းတွားတဲ့အခါ မင်းရဲ့ပြိုလဲသံကြောင့် ကျွန်းတွေ တုန်လှုပ်သွားလိမ့်မယ်။+ ၁၆  ပင်လယ်ပြင်က မင်းညီမင်းသားတွေဟာ ရာဇပလ္လင်ကနေ ဆင်းလာပြီး သူတို့ရဲ့ဝတ်ရုံတွေ၊ ပန်းထိုးထည်တွေကို ဆွဲချွတ်လိမ့်မယ်။ မြေပေါ်ထိုင်ပြီး ကြောက်ကြောက်နဲ့ တဆတ်ဆတ် တုန်နေလိမ့်မယ်။ ပြီးတော့ မင်းကို အံ့သြတကြီး ကြည့်ကြလိမ့်မယ်။+ ၁၇  မင်းကြောင့် သူတို့က“ပင်လယ်ထဲက လူတွေနေထိုင်တဲ့မြို့၊ ချီးမွမ်းခံရတဲ့မြို့၊ ပျက်စီးသွားပြီပဲ။+ မင်းတို့ရဲ့ မြို့သူမြို့သားတွေဟာ ပင်လယ်ပြင်မှာ ခွန်အားကြီးတယ်။+ ကမ္ဘာသူကမ္ဘာသားတွေကို ထိတ်လန့်စေတယ်။ ၁၈  မင်းပြိုလဲတဲ့နေ့မှာ ကျွန်းတွေ တုန်လှုပ်သွားပြီ။ မင်းကွယ်ပျောက်သွားတဲ့အခါ ပင်လယ်ထဲက ကျွန်းတွေ တုန်လှုပ်ချောက်ချားသွားပြီ’+ လို့ ငိုချင်းချကြလိမ့်မယ်။’+ ၁၉  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– ‘ငါက မင်းကို လူသူမနေတဲ့မြို့တွေလို ဖြစ်အောင် ဖျက်ဆီးတဲ့အခါ၊ ဟုန်းဟုန်းထတဲ့ ရေတွေနဲ့ လွှမ်းမိုးပြီး နှစ်မြှုပ်လိုက်တဲ့အခါ၊+ ၂၀  တခြားသူတွေလိုပဲ မင်းကိုလည်း သင်္ချိုင်းတွင်းဆီ၊ အတိတ်ကသေသွားသူတွေ ရှိရာဆီ ဆင်းစေမယ်။ ရှေးဟောင်းအပျက်အယွင်းတွေနဲ့တူတဲ့ အနက်ရှိုင်းဆုံးနေရာဆီ သေတွင်းထဲ ဆင်းတော့မယ့် လူတွေနဲ့အတူ ဆင်းစေမယ်။+ မင်းဆီမှာ လူတွေနေကြတော့မှာ မဟုတ်ဘူး။ အဲဒီနောက် သက်ရှိလောကကို ငါဂုဏ်တင်မယ်။ ၂၁  “‘ငါက မင်းကို ထိတ်လန့်စရာတွေ ရုတ်တရက် ကြုံစေမှာဖြစ်လို့ မင်းရှိတော့မှာ မဟုတ်ဘူး။+ မင်းကို လိုက်ရှာပေမဲ့ တွေ့တော့မှာ မဟုတ်ဘူး။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”

အောက်ခြေမှတ်ချက်များ