ယောဘ ၁၆:၁-၂၂
၁၆ ယောဘ ပြန်ပြောတာက–
၂ “ဒီလိုအကြောင်းတွေကို အရင်က အများကြီး ကြားဖူးသားပဲ။
ခင်ဗျားတို့က ကျုပ်ကို နှစ်သိမ့်ပေးမယ့်အစား နှိပ်စက်နေကြတာပဲ။+
၃ အဓိပ္ပာယ်မဲ့စကားတွေ ပြောလို့ပြီးဦးမှာလား။
ဘာလို့ ဒီလိုပြောနေကြတာလဲ။
၄ ကျုပ်လည်း ခင်ဗျားတို့လောက်တော့ ပြောတတ်ပါတယ်။
ခင်ဗျားတို့သာ ကျုပ်နေရာမှာဆိုရင်ကျုပ်လည်း ခင်ဗျားတို့မကောင်းကြောင်းကို စီကာပတ်ကုံးပြောပြီးခေါင်းတခါခါ လုပ်တတ်သားပဲ။+
၅ ဒါပေမဲ့ အဲဒီအစား အားပေးစကား၊ နှစ်သိမ့်စကား ပြောပြီးခင်ဗျားတို့ကို စိတ်သက်သာရာ ရစေမှာပါ။+
၆ ကျုပ်ပြောတော့ကော ဝေဒနာ သက်သာသွားတာမှ မဟုတ်တာ။+
မပြောဘဲနေတော့လည်း နာကျင်နေတုန်းပဲ။
၇ အခုတော့ ဘုရားက ကျုပ်ကို မောပန်းစေပြီ။+
အိမ်သားအားလုံးကို ဆုံးပါးစေပြီ။
၈ ကျုပ်ကို ဘုရားဖမ်းထားတာ အများအမြင်ပဲ။
ကျုပ်ပိန်ချုံးနေတာ သက်သေပဲ။
၉ ဘုရားက ကျုပ်ကို ဒေါသတကြီး အပိုင်းပိုင်း ဆွဲဖဲ့နေတယ်။+
အမုန်းရန်ငြိုးတွေ သိုထားပြီး အံကြိတ်နေတယ်။
ရန်သူက ကျုပ်ကို စိန်းစိန်းကြီး ကြည့်နေတယ်။+
၁၀ လူတွေက ကျုပ်ကိုဝါးမျိုဖို့ ပါးစပ်ဟထားကြတယ်။+
အထင်သေးတဲ့စိတ်နဲ့ ပါးရိုက်ကြတယ်။
ရန်မူဖို့ အုပ်စုလိုက် ဝိုင်းအုံလာကြတယ်။+
၁၁ ဘုရားသခင်က ကျုပ်ကို လူငယ်တွေလက်ထဲ အပ်တယ်။
လူဆိုးတွေလက်ထဲ ထိုးအပ်လိုက်တယ်။+
၁၂ ဒုက္ခကင်းဝေးနေတဲ့အခါ ဘုရားက ကျုပ်ကို တစ်စစီ ခြေမွှတယ်။+
လည်ကုပ်ကနေ ကိုင်ပြီး နင်းခြေတယ်။
ကျုပ်ကို ပစ်မှတ်ထားတယ်။
၁၃ ဘုရားရဲ့လေးသမားတွေ ကျုပ်ကို ဝိုင်းထားတယ်။+
မညှာတာဘဲ ကျုပ်ရဲ့ကျောက်ကပ်ကို မြားနဲ့ခွင်းတယ်။+
သည်းခြေကိုလည်း မြေပေါ်သွန်ပစ်တယ်။
၁၄ ကျုပ်ရင်ဘတ်ကို အကြိမ်ကြိမ် ထိုးဖောက်တယ်။
စစ်သူရဲလို တစ်ဟုန်ထိုး ပြေးဝင်လာတယ်။
၁၅ ကျုပ်ဟာ အထည်ကြမ်း* ဝတ်ထားရတယ်။+
ဂုဏ်သိက္ခာ* ကို မြေမှာ မြှုပ်ထားရတယ်။+
၁၆ ငိုရလွန်းလို့ မျက်နှာ နီရဲနေပြီ။+
မျက်ကွင်းတွေလည်း ညိုမည်းနေပြီ။
၁၇ တကယ်တော့ အကြမ်းဖက်မှုတစ်ခုမှ ကျုပ်မလုပ်ခဲ့ဘူး။
စိတ်ရင်းမှန်နဲ့ပဲ ဆုတောင်းခဲ့တယ်။
၁၈ မြေကြီး၊ ကျုပ်ရဲ့သွေးကို မဖုံးထားပါနဲ့။+
ကျုပ်ရဲ့ငိုကြွေးသံလည်း မရပ်စဲပါစေနဲ့။
၁၉ အခု၊ ကျုပ်ရဲ့သက်သေက ကောင်းကင်မှာ ရှိတယ်။
ကျုပ်ဘက်ကနေ သက်သေထွက်ဆိုပေးမယ့်သူက ဟိုးအမြင့်မှာ ရှိတယ်။
၂၀ မျက်ရည်ကျပြီး ဘုရားသခင်ဆီ အသနားခံတဲ့အတွက်*+
ကျုပ်ကို မိတ်ဆွေတွေ လှောင်ပြောင်ကြတယ်။+
၂၁ လူနှစ်ယောက်စပ်ကြားမှာ ဆုံးဖြတ်ပေးမယ့်သူ ရှိသလို
ဘုရားသခင်နဲ့လူ စပ်ကြားမှာလည်း ဆုံးဖြတ်ပေးမယ့်သူရှိပါစေ။+
၂၂ ကျုပ်နေရမယ့်နှစ်တွေ သိပ်မကျန်တော့ပါဘူး။
ပြန်လှည့်လို့မရတဲ့ လမ်းကို သွားရတော့မယ်။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ခွန်အား။” မူရင်း၊ “ဦးချို။”
^ “မအိပ်ဘဲ ဘုရားကို မျှော်ကြည့်တဲ့အတွက်” လည်းဖြစ်နိုင်။