ယောဘ ၂၆:၁-၁၄
၂၆ ယောဘ ပြန်ပြောတာက–
၂ “ခင်ဗျားတို့က ခွန်အားမရှိသူကို အခုလို ကူညီကြတယ်ပေါ့။
အားမရှိတဲ့လက်ကို အခုလို အားပေးကြတယ်ပေါ့။+
၃ ဉာဏ်ပညာမရှိသူကို ခင်ဗျားတို့ပေးတဲ့ အကြံဉာဏ်က ကောင်းလိုက်တာ။+
လက်တွေ့ကျ ဉာဏ်ပညာရှိမှန်း ပြနေကြတာပေါ့။
၄ ခင်ဗျားတို့ ဘယ်သူ့ကို ပြောနေတာလဲ။
ဒီလိုပြောဖို့ ဘယ်သူ သင်ပေးတာလဲ။
၅ အစွမ်းမရှိတော့တဲ့ လူသေတွေ တုန်လှုပ်နေတယ်။
ပင်လယ်နဲ့ ပင်လယ်သတ္တဝါတွေထက်တောင် နိမ့်ကျသွားတယ်။
၆ ဘုရားသခင်ရှေ့မှာ သင်္ချိုင်းကိုတောင် ဖုံးကွယ်ထားလို့ မရဘူး။+
ဖျက်ဆီးခြင်းအရပ်ကလည်း အဖုံးအကာ မရှိဘူး။
၇ ဘုရားက မြောက်ဘက်မိုးကောင်းကင်ကို လဟာပြင်ဘက် ပြန့်ကားစေတယ်။+
ကမ္ဘာမြေကို ဘာနဲ့မှမချိတ်ဆွဲဘဲ ဆိုင်းထားတယ်။
၈ ရေရဲ့အလေးချိန်ကြောင့် တိမ်တွေ ပေါက်ထွက်မသွားအောင်တိမ်စိုင်တွေထဲ ရေကို ပတ်ရစ်သိမ်းဆည်းတယ်။+
၉ ရာဇပလ္လင်ကို မမြင်နိုင်အောင်တိမ်တိုက်တွေ ဖြန့်ပြီး ကွယ်ထားတယ်။+
၁၀ ရေမျက်နှာပြင်ပေါ်မှာ မိုးကုပ်စက်ဝိုင်းကို သတ်မှတ်တယ်။+
အလင်းနဲ့အမှောင်ကို ပိုင်းခြားတယ်။
၁၁ မိုးကောင်းကင်ရဲ့တိုင်တွေ လှုပ်ခါတယ်။
ဘုရား ဆုံးမလိုက်တဲ့အခါ မှင်တက်သွားတယ်။
၁၂ ပင်လယ်ကို တန်ခိုးတော်နဲ့ မွှေနှောက်တယ်။+
ပင်လယ်သတ္တဝါကြီးကို ဉာဏ်ပညာနဲ့ အပိုင်းပိုင်းဖြတ်တယ်။+
၁၃ ကောင်းကင်ကို ရှူထုတ်လိုက်တဲ့လေနဲ့ သန့်စင်စေတယ်။
လျှောခနဲပြေးတဲ့ မြွေကို လက်တော်နဲ့ အဆုံးစီရင်တယ်။
၁၄ ဒါတွေဟာ ဘုရားရဲ့ လုပ်ဆောင်မှုတွေထဲမှာ အရိပ်အမြွက်ပဲ ရှိသေးတယ်။+
ဘုရားရဲ့အသံကို သဲ့သဲ့လေးကြားရရုံပဲ ရှိသေးတယ်။
ဒီတော့ ဘုရားဖြစ်ပေါ်စေတဲ့ မိုးခြိမ်းသံအကြောင်းကို ဘယ်သူနားလည်နိုင်မှာလဲ။”+