၁ သက်သာလောနိတ် ၁:၁-၁၀
၁ ပေါလု၊ သိလွာနု၊*+ တိမောသေတို့က+ အဖဘုရားသခင်နဲ့ရော သခင်ယေရှုခရစ်နဲ့ပါ တစ်စိတ်တစ်ဝမ်းတည်းရှိနေတဲ့ သက်သာလောနိတ် အသင်းတော်ဆီ စာရေးလိုက်ပါတယ်။
မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။
၂ ခင်ဗျားတို့အားလုံးအတွက် ဆုတောင်းပေးတဲ့အခါတိုင်း ဘုရားသခင်ကို ကျွန်တော်တို့ ကျေးဇူးတင်ချီးမွမ်းမိတယ်။+
၃ အဖဘုရားသခင်ရှေ့မှာ ခင်ဗျားတို့ သစ္စာရှိရှိ လုပ်ဆောင်ခဲ့တာ၊ မေတ္တာပါပါ ကြိုးစားအားထုတ်ခဲ့တာ၊ သခင်ယေရှုခရစ်ကို မျှော်လင့်တဲ့စိတ်ကြောင့်+ ခံနိုင်ရည်ပြခဲ့တာတွေကို ကျွန်တော်တို့ အမြဲအမှတ်ရနေပါတယ်။
၄ ဘုရားသခင် ချစ်မြတ်နိုးတဲ့ ညီအစ်ကိုတို့၊ ခင်ဗျားတို့ကို ဘုရားသခင် ရွေးချယ်ထားမှန်း ကျွန်တော်တို့ သိတယ်။
၅ ခင်ဗျားတို့ဆီ သတင်းကောင်း လာဟောတုန်းက ကျွန်တော်တို့ ဟောရုံဟောခဲ့တာမှ မဟုတ်တာ။ သန့်ရှင်းသော စွမ်းအားတော်ရဲ့ အကူအညီနဲ့၊ ခိုင်မာတဲ့ ယုံကြည်စိတ်ချမှုနဲ့ ဟောခဲ့တဲ့အတွက် ခင်ဗျားတို့အပေါ် အများကြီး အကျိုးသက်ရောက်ခဲ့တယ်။ ခင်ဗျားတို့အကျိုးအတွက် ကျွန်တော်တို့ ဘယ်လိုလုပ်ဆောင်ခဲ့မှန်း ခင်ဗျားတို့ အသိပါ။
၆ ဆင်းရဲဒုက္ခတွေ အများကြီးကြုံရပေမဲ့+ ခင်ဗျားတို့ဟာ တရားစကားကို လက်ခံခဲ့တယ်။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရွှင်လန်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ကိုရော သခင့်ကိုပါ အတုယူကြတယ်။+
၇ ဒါကြောင့် မက်ဆီဒိုးနီးယားပြည်နဲ့ အခါယပြည်မှာရှိတဲ့ ယုံကြည်သူအားလုံးအတွက် ခင်ဗျားတို့ဟာ စံနမူနာပါပဲ။
၈ ခင်ဗျားတို့ကြောင့် မက်ဆီဒိုးနီးယားပြည်နဲ့ အခါယပြည်မှာ ယေဟောဝါရဲ့* တရားစကား ပျံ့နှံ့သွားတယ်။ ဒါတင်မကဘူး၊ ဘုရားသခင်ကို ခင်ဗျားတို့ ဘယ်လောက်ယုံကြည်တယ်ဆိုတဲ့ သတင်းကိုလည်း နေရာတကာမှာ ပြောနေကြတော့+ ကျွန်တော်တို့ ထပ်ပြောပြစရာ မလိုတော့တဲ့ အထိပါပဲ။
၉ ကျွန်တော်တို့နဲ့ ဘယ်လို စတင်သိရှိခဲ့တဲ့အကြောင်း၊ အသက်ရှင်ပြီး စစ်မှန်တဲ့ ဘုရားသခင်ဆီမှာ အစေခံဖို့ ရုပ်တုကိုးကွယ်တာကို ခင်ဗျားတို့ စွန့်လွှတ်ပြီးနောက်+ ဘုရားသခင်ဆီ ပြောင်းလဲခဲ့တဲ့အကြောင်း သူတို့ တစ်ချိန်လုံး ပြောပြနေကြတာ။
၁၀ ကောင်းကင်ကနေလာမယ့် သားတော်ယေရှုကို စောင့်မျှော်ဖို့+ ဘုရားသခင်ဆီ ခင်ဗျားတို့ ပြောင်းလဲလာခဲ့တဲ့ အကြောင်းလည်း ပါတာပေါ့။ အဲဒီသားတော်ဟာ သေရာကနေ ဘုရားသခင် အသက်ပြန်ရှင်စေသူ၊ ကျရောက်တော့မယ့် အမျက်တော်ကနေ ကျွန်တော်တို့ကို ကယ်တင်တဲ့သူပဲ။+