ရတနာမြို့တော်မှာ “လူတွေအတွက် ဘုရားပေးလက်ဆောင်” ကို ပြသ
ရိုမေးနီးယားနိုင်ငံက ဂလုဂျ်-နာပိုကာမြို့ကြီးကို ရတနာမြို့တော်လို့ လူသိများကြတယ်။ ၂၀၁၆၊ ဧပြီ ၂၀ ကနေ ၂၄ ရက်အထိ ကျင်းပတဲ့ ဂေါဒီအာမုစ် စာအုပ်ပွဲတော်မှာ ယေဟောဝါသက်သေတွေဟာ ကျမ်းစာမှာ ပါတဲ့ ကိုယ်ကျင့်တရားနဲ့ ဝတ်ပြုရေးစံနှုန်းတွေကို ထင်ရှားစေခဲ့ကြတယ်။ စာအုပ်ပွဲတော်မှာ စာအုပ်ပြခန်းတစ်ခု ပြသခဲ့ပြီး ဗီဒီယိုတွေ၊ ကျမ်းစာအခြေပြု စာစောင်တွေ၊ ကျမ်းစာတွေကို စိတ်ဝင်စားသူ ထောင်ချီနဲ့ စကားပြောခွင့် ရခဲ့တယ်။
စာအုပ်ပွဲတော်ကို ကျောင်းအတော်များများ လာလည်ပတ်ပြီး ဆရာ/မတွေက ကျောင်းသားတွေကို သက်သေခံတွေရဲ့ စာအုပ်ပြခန်းဆီ ခေါ်လာကြတယ်။ ကျောင်းသားတွေဟာ ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ပါ ကာတွန်းဗီဒီယိုကို ကြိုက်ကြတယ်။ အတော်များများက ကျွန်ုပ်၏ ကျမ်းစာပုံပြင် စာအုပ် နဲ့ ကလေးတွေကို သင်ပေးပါ စာစောင်ကို ယူကြတယ်။ ကလေးထိန်းတစ်ယောက်က ကာတွန်းဗီဒီယိုတွေကို တွေ့ပြီး အလုပ်ဖော်ကို “ငါတို့ ဒီဝက်ဘ်ဆိုက် [www.mt1130.com] ကို ကူးထားရအောင်။ ဒါမှ ကလေးတွေကို ကာတွန်းတွေ ပြနိုင်မှာ” လို့ ပြောခဲ့တယ်။
ဆယ်ကျော်သက် ကျောင်းသားတွေကတော့ တက်ဘလက်နဲ့ ပြထားတဲ့ ကာတွန်းသရုပ်ဖော် ဗီဒီယိုတွေကို ကြိုက်ကြတယ်။ တင်ဆက်ထားတဲ့ ဗီဒီယိုတွေထဲမှာ အချစ်စစ်အချစ်မှန်လား၊ အရူးအမူးအချစ်လား၊ လူမှုဆက်သွယ်ရေးကွန်ရက်ကို ပညာရှိရှိ အသုံးပြုပါ၊ အနိုင်ကျင့်သူကို လက်သီးမသုံးဘဲ ရင်ဆိုင်နည်း ဗီဒီယိုတွေ ပါတယ်။
အော်သိုဒေါက်ဘုန်းကြီး ဇနီးမောင်နှံဟာ ပြခန်းကို အကြိမ်ကြိမ် လာကြည့်ပြီး ကမ္ဘာသစ်ဘာသာပြန်ကျမ်း နဲ့ စာစောင်တချို့ ယူကြတယ်။ ကျမ်းစာထဲမှာ ပါတဲ့ “ကျမ်းစာစကားလုံးများ အညွှန်း” နဲ့ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေကနေ ဘာသာပြန်ထားတာကို သဘောကျကြောင်း ပြောတယ်။ သက်သေခံတွေကို သူ့ဖုန်းနံပါတ် ပေးပြီး ကျမ်းစာအကြောင်း ဆွေးနွေးဖို့ ဆက်သွယ်နိုင်ကြောင်း ပြောခဲ့တယ်။
အော်သိုဒေါက် ဘုန်းကြီးကတော်က ကလေးတွေအတွက် အချက်အလက်တွေကို jw.org ဝက်ဘ်ဆိုက်ထဲက ဘယ်နေရာမှာ တွေ့နိုင်သလဲလို့ မေးတဲ့အတွက် “ကလေးများ” ကဏ္ဍနေရာကို ပြပေးခဲ့ကြတယ်။ အမှန်အတိုင်း ပြောပါ ဗီဒီယိုကို ကြည့်ပြီး တော်တော် သဘောကျသွားတယ်။ ဒီကဏ္ဍအပြင် ဝက်ဘ်ဆိုက်မှာပါတဲ့ တခြားအသွင်အပြင်တွေကို တွေ့ပြီးတဲ့နောက် ခင်ပွန်းဖြစ်သူက ဝက်ဘ်ဆိုက်ကို “လူတွေအတွက် ဘုရားပေးလက်ဆောင်” လို့ ခေါ်ခဲ့တယ်။