ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ဘာလဲ
အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေကို ညွှန်ကြားပေးနေတဲ့ အတွေ့အကြုံရှိ ခရစ်ယာန်အုပ်စုငယ် ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အလုပ်တာဝန် နှစ်မျိုးကတော့–
ယေဟောဝါသက်သေတွေရဲ့ စာပေ၊ အစည်းအဝေး၊ သင်တန်းတွေကတစ်ဆင့် ကျမ်းစာအခြေပြု သွန်သင်ချက်တွေ ပြင်ဆင်ပေးတာကို ကြီးကြပ်ပေးတယ်။—လုကာ ၁၂:၄၂။
ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားပေးခြင်း၊ အလှူငွေတွေ အသုံးပြုပုံကို စီမံပေးခြင်းအားဖြင့် ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းကို ကြီးကြပ်ပေးတယ်။
ပထမရာစုခေတ်မှာ ခရစ်ယာန်အသင်းတော်အားလုံးအတွက် အရေးကြီးဆုံးဖြတ်ချက်တွေ ချပေးခဲ့သူတွေဟာ “ဂျေရုဆလင်မြို့မှာရှိတဲ့ တမန်တော်တွေ၊ အကြီးအကဲတွေ” ပါ။ အုပ်ချုပ်ရေးအဖွဲ့လည်း သူတို့နည်းတူ လုပ်ဆောင်ပေးတယ်။ (တမန်တော် ၁၅:၂) အဲဒီရှေးခေတ် သစ္စာရှိအမျိုးသားတွေဟာ ခရစ်ယာန်အသင်းတော်ရဲ့ ခေါင်းဆောင်မဟုတ်သလို အုပ်ချုပ်ရေးအဖွဲ့ဟာလည်း ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ မဟုတ်ဘူး။ ယေဟောဝါဘုရားက ယေရှုခရစ်ကို အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် ခန့်အပ်ထားတယ်ဆိုတာ အုပ်ချုပ်ရေးအဖွဲ့ အသိအမှတ်ပြုတယ်၊ လမ်းညွှန်ချက်ရဖို့ ကျမ်းစာကို မျှော်ကိုးကြတယ်။—၁ ကောရိန္သု ၁၁:၃။ ဧဖက် ၅:၂၃။
အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဘယ်သူတွေလဲ
အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကတော့ ကဲနက် ကွတ်၊ ဂေ့ချ် ဖလီဂါလ်၊ ဆမ်မြူအယ် ဟာ့ဒ်၊ ဂျက်ဖရီ ဂျက်ဆင်၊ ဂျိုဒီ ဂျေဒလီ၊ စတီဗင် လက်၊ ဂဲရစ် လော့ရှ်၊ ဂျေးကော့ ရမ့်၊ မာ့ခ် ဆန်ဒါစန်၊ ဒေးဗစ် စပလိန်း၊ ဂျက်ဖရီ ဝင်ဒါ တို့ ဖြစ်ကြတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဝေါဝစ်မြို့က ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်နေပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လို ဖွဲ့စည်းထားသလဲ
လုပ်ငန်းကဏ္ဍအမျိုးမျိုးကို ကြီးကြပ်ကွပ်ကဲဖို့ အုပ်ချုပ်ရေးအဖွဲ့က ကော်မတီခြောက်ခု ဖွဲ့စည်းထားတယ်။ အဖွဲ့ဝင်တစ်ယောက်စီက ကော်မတီတစ်ခု ဒါမှမဟုတ် တစ်ခုထက်မကမှာ တာဝန်ထမ်းဆောင်တယ်။
ညှိနှိုင်းရေးမှူးများ ကော်မတီ။ ဥပဒေရေးရာ၊ သဘာဝဘေး၊ ဘာသာရေးယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရတဲ့ ယေဟောဝါသက်သေတွေရဲ့ အရေးကိစ္စ၊ ယေဟောဝါသက်သေတွေနဲ့ဆိုင်တဲ့ တခြားအရေးပေါ်ကိစ္စတွေကို ဖြေရှင်းရာမှာ ကြီးကြပ်ပေးတယ်။
ဝန်ထမ်းရေးရာ ကော်မတီ။ ဗေသလမိသားစုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ကြီးကြပ်ပေးတယ်။
ပုံနှိပ်ထုတ်ဝေရေး ကော်မတီ။ အစည်းအဝေးခန်းမ၊ ဘာသာပြန်ရုံးခွဲနဲ့ ဌာနခွဲအဆောက်အအုံတွေ ဆောက်လုပ်ခြင်း၊ ကျမ်းစာ စာပေတွေ ပုံနှိပ်တင်ပို့ခြင်းကို ကြီးကြပ်ပေးတယ်။
လုပ်ငန်းတော် ကော်မတီ။ ဘုရားသခင့် “နိုင်ငံတော် သတင်းကောင်း” ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးတယ်။—မဿဲ ၂၄:၁၄။
သွန်သင်ခြင်းကော်မတီ။ အစည်းအဝေး၊ သင်တန်းကျောင်း၊ ရုပ်သံအစီအစဉ်တွေမှာ တင်ဆက်မယ့် ကျမ်းစာအခြေပြု အကြောင်းအရာတွေ ပြင်ဆင်ရာမှာ လမ်းညွှန်ပေးတယ်။
စာပေပြုစုရေး ကော်မတီ။ ပုံနှိပ်စာပေအသွင်နဲ့ထုတ်ဝေတဲ့၊ ကျွန်တော်တို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ပေါ် တင်တဲ့ ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ရာမှာ လမ်းညွှန်ပေးတယ်။ ဘာသာပြန်လုပ်ငန်းကိုလည်း ဦးစီးပေးတယ်။
အုပ်ချုပ်ရေးအဖွဲ့က အထက်ပါကော်မတီတွေမှာ တာဝန်ထမ်းဆောင်တဲ့အပြင် အဖွဲ့အစည်းရဲ့ လိုအပ်ရာတွေကို ဆွေးနွေးသုံးသပ်ဖို့ ပတ်စဉ် အစည်းအဝေး လုပ်ကြတယ်။ အစည်းအဝေးမှာ ကျမ်းစာသွန်သင်ချက်တွေကို ဆွေးနွေးသုံးသပ်တယ်၊ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုကို လိုက်နာပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချကြတယ်။—တမန်တော် ၁၅:၂၅။
အုပ်ချုပ်ရေးအဖွဲ့အကူတွေက ဘယ်သူတွေလဲ
အုပ်ချုပ်ရေးအဖွဲ့ ကော်မတီတွေကို ကူညီပေးတဲ့၊ ယုံကြည်စိတ်ချရတဲ့ ခရစ်ယာန်တွေ ဖြစ်ပါတယ်။ (၁ ကောရိန္သု ၄:၂) တာဝန်ကျရာ ကော်မတီမှာ ပါဝင်ထမ်းဆောင်ဖို့ အရည်အချင်းကော အတွေ့အကြုံပါ ရှိကြတယ်။ ပတ်စဉ် ကော်မတီ အစည်းအဝေးတွေကို တက်ရောက်ကြတယ်။ ဆုံးဖြတ်ချက်ချသူတွေ မဟုတ်ပေမဲ့ အစည်းအဝေးတွေမှာ အကြံဉာဏ်ကောင်းတွေ ပေးကြတယ်၊ နောက်ခံအချက်အလက်တွေ တင်ပြတယ်၊ ကော်မတီရဲ့ ဆုံးဖြတ်ချက် အောင်မြင်ဖြစ်မြောက်အောင် လုပ်ဆောင်ပေးတယ်၊ လုပ်ငန်းတိုးတက်မှုအခြေအနေကိုလည်း မှန်မှန် စစ်ဆေးပေးတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ခရစ်ယာန် ညီအစ်ကို/မတွေဆီ သွားရောက်လည်ပတ်ဖို့၊ နှစ်ပတ်လည် အစည်းအဝေးတွေ၊ ဂိလဒ်သင်တန်းဆင်းပွဲတွေမှာ ဟောပြောချက် ပေးဖို့ သူတို့ကို အုပ်ချုပ်ရေးအဖွဲ့က တာဝန်ပေးနိုင်ပါတယ်။
ကော်မတီ |
နာမည် |
---|---|
ညှိနှိုင်းရေးမှူးများ |
|
ဝန်ထမ်းရေးရာ |
|
ပုံနှိပ်ထုတ်ဝေရေး |
|
လုပ်ငန်းတော် |
|
သွန်သင်ခြင်း |
|
စာပေပြုစုရေး |
|