မာတိကာဆီ ကျော်သွား

ပညာရေးကို ယေဟောဝါသက်သေတွေ ဘယ်လို ရှုမြင်ကြသလဲ

ပညာရေးကို ယေဟောဝါသက်သေတွေ ဘယ်လို ရှုမြင်ကြသလဲ

 ပညာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရှုမြင်ပုံက ကျမ်းစာမူတွေပေါ် အခြေခံပါတယ်။ အောက်ပါ ကျမ်းစာအခြေခံမူတွေကို ဘယ်လို ကျင့်သုံးမယ်ဆိုတာ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်နဲ့အညီ ယေဟောဝါသက်သေတိုင်း ဆုံးဖြတ်ကြရတယ်။ a

 ပညာရေး အရေးကြီး

 ပညာရေးက “လက်တွေ့ကျ ဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း” ရှိလာစေတယ်။ ဒီအရည်အသွေးကောင်းတွေ ရှိဖို့ သမ္မာကျမ်းစာ အားပေးတယ်။ (ပညာအလိမ္မာ ၂:၁၀၊ ၁၁။ ၃:၂၁၊ ၂၂) ယေရှုကလည်း မိမိသွန်သင်ပေးခဲ့တာတွေကို ပြန်သွန်သင်ပေးနိုင်သူတွေ ဖြစ်ဖို့ နောက်လိုက်တွေကို မိန့်မှာတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ဒါကြောင့် ယေဟောဝါသက်သေ အသင်းတော်မှာ ရှိသူတွေကို ရေးတတ်၊ ဖတ်တတ်၊ ပြောဆိုဆက်သွယ်တတ်စေဖို့၊ b တခြားဘာသာရေးနဲ့ ယဉ်ကျေးမှုအကြောင်းတွေ သိထားဖို့ အားပေးကူညီကြပါတယ်။—၁ ကောရိန္သု ၉:၂၀-၂၂။ ၁ တိမောသေ ၄:၁၃

 အစိုးရအာဏာပိုင်တွေကလည်း ပညာရေးရဲ့ အကျိုးကျေးဇူးကို တွေ့မြင်ပြီး များသောအားဖြင့် လူငယ်တွေကို အခြေခံ မူလတန်းနဲ့ အလယ်တန်း ပညာရေး သင်ယူဆည်းပူးဖို့ တောင်းဆိုကြတယ်။ “အထက်အာဏာပိုင်တွေကို လူတိုင်း လက်အောက်ခံရမယ်” ဆိုတဲ့ပညတ်ချက်နဲ့အညီ အဲဒီတောင်းဆိုချက်ကို ကျွန်တော်တို့ လိုက်နာကြတယ်။ (ရောမ ၁၃:၁) ကျွန်တော်တို့ရဲ့ ကလေးတွေကိုလည်း ကျောင်းစာသင်ရုံလောက်သာ မဟုတ်ဘဲ စာကြိုးစားပြီး လက်တွေ့ ကျင့်သုံးဖို့ အားပေးကြပါတယ်။ c ကျမ်းစာက ဒီလိုဆိုတယ်– “အဘယ်အမှုကို ပြုသည်မဆို သင်တို့သည် လူ၏အလိုကို မဟုတ်ဘဲ သခင်ဘုရား၏အလိုကို ဆောင်ရွက်သကဲ့သို့ အစွမ်းရှိသမျှဖြင့် လုပ်ဆောင်ကြလော့။”—ကောလောသဲ ၃:၂၃ခေတ်သုံးမြန်မာ သမ္မာကျမ်း။

 ပညာရေးက မိသားစုကို ထောက်ပံ့ဖို့ အကူအညီ ဖြစ်စေတယ်။ “ကိုယ်ကြည့်ရှုစောင့်ရှောက်ရမယ့်သူတွေကို၊ အထူးသဖြင့် ကိုယ့်မိသားစုဝင်တွေကို မထောက်ပံ့ဘူးဆိုရင် အဲဒီလူဟာ ယုံကြည်ခြင်းတရားကို ငြင်းပယ်တဲ့သူပဲ၊ မယုံကြည်သူထက်တောင် ဆိုးရွားတယ်” လို့ ကျမ်းစာက ဆိုတယ်။ (၁ တိမောသေ ၅:၈) ကျောင်းပညာရေးက မိသားစုကို ထောက်ပံ့ဖို့ဆိုတဲ့ ထူးမြတ်တဲ့တာဝန်ကို ကျေပွန်အောင် ထောက်ကူပေးနိုင်တယ်။ ပညာရေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ “စီးပွားရေးလောကမှာ လုပ်သားတွေအဖြစ် ... လူ့ဘောင်အဖွဲ့အစည်းကို အကျိုးပြုတဲ့ အဖွဲ့ဝင်တွေ ဖြစ်လာစေဖို့ပဲ” လို့ ကမ္ဘာ့စွယ်စုံကျမ်းမှာ ဆိုထားတယ်။ ကျွမ်းကျင်တဲ့ ပညာတတ်တစ်ယောက်က ကျွမ်းကျင်မှု မရှိသူ၊ အခြေခံပညာ မရှိသူထက် မိသားစုကို ထောက်ပံ့ဖို့ ပိုလွယ်ကူနိုင်တယ်။—ပညာအလိမ္မာ ၂၂:၂၉

 မိဘတွေက ကလေးတွေကို လူကြီးဘဝအတွက် ပြင်ဆင်ပေးခြင်းအားဖြင့်လည်း ထောက်ပံ့ပေးကြတယ်။ ကျောင်းထားခြင်းက အလွန် တန်ဖိုးရှိတယ်။ (၂ ကောရိန္သု ၁၂:၁၄) ကိုယ်နေထိုင်တဲ့ဒေသမှာ အခမဲ့ ကျောင်းပညာရေး ရရှိဖို့ ခက်ခဲတယ်ဆိုရင်၊ ယဉ်ကျေးမှုက အားမပေးဘူးဆိုရင်တောင် ကလေးတွေကို ကျောင်းထားဖို့ အားပေးပါတယ်။ d ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး မိဘတွေ လုပ်ဆောင်ပေးနိုင်တဲ့ လက်တွေ့ကျ အကြံပြုချက်တွေကိုလည်း ကျွန်တော်တို့ ပေးပါတယ်။ e

 ပညာရေးကို မျှမျှတတ ရှုမြင်သင့်

 ကျောင်းပညာရေးကို ကျွန်တော်တို့ ဂရုတစိုက် ဆန်းစစ် ရွေးချယ်ပါတယ်။ “ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင် ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၄:၁၅) ဒီကျမ်းစာအခြေခံမူကို ကျွန်တော်တို့ လက်တွေ့ ကျင့်သုံးကြပါတယ်။ ရွေးချယ်နိုင်တဲ့ ထပ်ဆင့် ပညာရေးရဲ့ ကုန်ကျစရိတ်နဲ့ အကျိုးကျေးဇူးတွေကို ဂရုတစိုက် ဆန်းစစ်တယ်။ ဥပမာ၊ များသောအားဖြင့် အသက်မွေးဝမ်းကျောင်း သင်တန်းတွေက အချိန်ကုန် သက်သာပြီး အကျိုးပိုရှိတတ်တယ်။

 ကျမ်းစာပညာရေးက ကျောင်းပညာရေးထက် ပိုအကျိုးပြုတယ်။ ကျောင်းပညာရေးနဲ့ မတူဘဲ ကျမ်းစာအခြေပြု ပညာရေးက အသက်ရစေတဲ့ ဘုရားနဲ့ဆိုင်တဲ့ အသိပညာကို သင်ပေးတယ်။ (ယောဟန် ၁၇:၃) “ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း၊ တရားမျှတခြင်းစတဲ့ မွန်မြတ်တဲ့ လမ်းစဉ်၊” ကိုယ်ကျင့်တရား စံနှုန်းတွေကိုလည်း သင်ပေးတယ်။ (ပညာအလိမ္မာ ၂:၉) တမန်တော် ပေါလုဟာ မျက်မှောက်ခေတ် တက္ကသိုလ်ပညာရေးနဲ့တူတဲ့ ပညာရေးကို သင်ယူဆည်းပူးခဲ့တယ်။ ဒါတောင် “သခင်ခရစ်တော် ယေရှုအကြောင်း သိကျွမ်းခွင့်ဟာ သာလွန်ထူးမြတ်” တယ်လို့ အသိအမှတ်ပြုခဲ့တယ်။ (ဖိလိပ္ပိ ၃:၈။ တမန်တော် ၂၂:၃) ယနေ့လည်း ထပ်ဆင့် ပညာရေးကို သင်ယူခဲ့ကြတဲ့ ယေဟောဝါသက်သေများစွာဟာ ကျမ်းစာပညာရေးက ပိုကောင်းမွန်တယ်လို့ ယူမှတ်ကြတယ်။ f

ကျမ်းစာပညာရေးက ကျင့်ဝတ်စံနှုန်းကောင်းတွေ သင်ပေး

 အဆင့်မြင့် ပညာရေးက ကိုယ်ကျင့်တရားနဲ့ ဝတ်ပြုရေးကို ဘေးသင့်စေနိုင်

 “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၂၂:၃) တက္ကသိုလ် ဒါမှမဟုတ် အဆင့်မြင့် ပညာရေးကျောင်းတချို့ရဲ့ ပတ်ဝန်းကျင်က ကိုယ်ကျင့်တရားနဲ့ ဝတ်ပြုရေးကို ဘေးသင့်စေနိုင်တယ်ဆိုတာ ယေဟောဝါသက်သေတွေ တွေ့ရှိခဲ့တယ်။ ဒါကြောင့် ယေဟောဝါသက်သေများစွာဟာ အဲဒီဝန်းကျင်မှာ မနေဖို့ ဒါမှမဟုတ် သားသမီးတွေကို အဲဒီဝန်းကျင်ကို မပို့ဖို့ ရွေးချယ်ခဲ့ကြတယ်။ အဆင့်မြင့်ပညာရေးကျောင်းတွေက အောက်ပါ မှားယွင်းတဲ့ အယူအဆတွေကို အားပေးအားမြှောက်ပြုတယ်လို့ ယူဆကြတယ်။

  •   ယူဆချက်အမှား။ ငွေရှိရင် ပျော်ရွှင်မယ်၊ လုံခြုံမယ်

     အဆင့်မြင့် ပညာရေးက ဝင်ငွေကောင်းတဲ့အလုပ် ရစေတယ်လို့ ဆိုကြတဲ့အတွက် ဝင်ငွေကောင်းဖို့ ရည်ရွယ်ချက်နဲ့ တက္ကသိုလ်တက်တဲ့ ကျောင်းသားဦးရေ များလာတယ်။ ငွေရှိရင် ပျော်ရွှင်မယ်၊ လုံခြုံမယ်လို့ မျှော်လင့်ကြပေမဲ့ အဲဒီလို ယူမှတ်တာ အချည်းနှီးပဲလို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၅:၁၀) “ငွေကို တပ်မက်တဲ့စိတ်ဟာ အကျိုးပျက်စေတဲ့အရာ အမျိုးမျိုးရဲ့ ဇာစ်မြစ်” ဖြစ်တယ်၊ ယုံကြည်ခြင်းကို ပျက်စီးစေတဲ့အရာ ဖြစ်တယ်လို့လည်း ကျမ်းစာက ဆိုတယ်။ (၁ တိမောသေ ၆:၁၀) “စည်းစိမ်ရဲ့ လှည့်စားမှု” ထောင်ချောက်ထဲ မကျအောင် ယေဟောဝါသက်သေတွေ သတိထားကြတယ်။—မဿဲ ၁၃:၂၂

  •   ယူဆချက်အမှား။ ဂုဏ်ရှိဖို့၊ အဆင့်အတန်း မြင့်ဖို့ အဆင့်မြင့် ပညာရေးကို ဆည်းပူးရမယ်။

     ဥပမာ၊ ဂျော်ဂျီယာ ဝန်ကြီးချုပ်ဟောင်း နီကာ ဂီလော်ရီက နိုင်ငံသားတွေရဲ့ ရှုမြင်ချက်နဲ့ပတ်သက်ပြီး ဒီလိုရေးတယ်– “တက္ကသိုလ်ဘွဲ့ဟာ ဂျော်ဂျီယာနိုင်ငံသားတွေရဲ့ မရှိမဖြစ် အမှတ်လက္ခဏာပါ။ ... [အရင်တုန်းက] တက္ကသိုလ်ဘွဲ့ မရတဲ့ လူငယ်တွေဟာ မိသားစုအတွက် ဂုဏ်ငယ်စရာပဲ။” g ဒါပေမဲ့ ဒီလောကမှာ ဂုဏ်အသရေ ထင်ရှားအောင် မကြိုးစားဖို့ ကျမ်းစာက သတိပေးထားတယ်။ ‘လူတွေ ပေးတဲ့ ဘုန်းအသရေကို လိုချင်တဲ့ ခင်ဗျားတို့ဟာ ကျွန်တော့်ကို ဘယ်လို ယုံကြည်နိုင်မှာလဲ’ ဆိုပြီး ဘာသာရေး ခေါင်းဆောင်တွေကို ယေရှု ပြောတယ်။ (ယောဟန် ၅:၄၄) တက္ကသိုလ်ပတ်ဝန်းကျင်က မောက်မာတဲ့ စိတ်သဘောထား ဝင်လာအောင် အားပေးနိုင်တယ်။ မောက်မာတာကို ဘုရား မုန်းတယ်။—ပညာအလိမ္မာ ၆:၁၆၊ ၁၇။ ၁ ပေတရု ၅:၅

  •   ယူဆချက်အမှား။ လူတိုင်း အမှားအမှန်စံနှုန်းတွေကို ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်သင့်တယ်

     ယေဟောဝါသက်သေတွေဟာ ဘုရား ချမှတ်ထားတဲ့ အမှားအမှန် စံနှုန်းကို လက်ခံကြတယ်။ (ဟေရှာယ ၅:၂၀) အရက်ယမကာနှင့် မူးယစ်ဆေး ပညာရေး ဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်အရ တက္ကသိုလ်တွေမှာ ရွယ်တူချင်း ဖိအားကြောင့် ကျောင်းသားများစွာဟာ “ကိုယ်သိထားတဲ့ အမှားအမှန်စံနှုန်းနဲ့ ဆန့်ကျင်တာကို ဆုံးဖြတ်လုပ်ကိုင်ကြတယ်” လို့ ဆိုတယ်။ h “မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့အကျင့်ကို ပျက်စီးစေတတ်တယ်” ဆိုတဲ့ ကျမ်းစာ အခြေခံမူနဲ့ ကိုက်ညီနေပါတယ်။ (၁ ကောရိန္သု ၁၅:၃၃) တက္ကသိုလ်ဝန်းကျင်မှာ သောက်စားမူးယစ်ခြင်း၊ မူးယစ်ဆေးဝါး သုံးခြင်း၊ လက်မထပ်ဘဲ လိင်ဆက်ဆံခြင်းစတဲ့ ဘုရား တားမြစ်ထားတဲ့ အကျင့်တွေဟာ သာမန်ကိစ္စ ဖြစ်နေတယ်။ အဲဒီအကျင့်တွေကို အားပေးအားမြှောက်ပြုကြတယ်။—၁ ကောရိန္သု ၆:၉၊ ၁၀။ ၂ ကောရိန္သု ၇:၁

  •   ယူဆချက်အမှား။ အဆင့်မြင့်ပညာရေးက လောကကြီး တိုးတက်စေဖို့ အကောင်းဆုံး နည်းလမ်းပဲ

     လူများစွာဟာ ချမ်းသာဖို့၊ ဂုဏ်ရှိဖို့၊ ပျော်ပါးဖို့ မဟုတ်ဘဲ ကိုယ်တိုင်နဲ့ လောကကြီးကို တိုးတက် ကောင်းမွန်စေချင်လို့ အဆင့်မြင့်ပညာရေး ဆည်းပူးနေကြမှန်း ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါဟာ မွန်မြတ်တဲ့ ပန်းတိုင်ပါပဲ။ ဒါပေမဲ့ ယေဟောဝါသက်သေတွေကတော့ နောက်တစ်မျိုးကို ရွေးချယ်ကြတယ်။ ဘုရားနိုင်ငံတော်ကပဲ ပိုကောင်းတဲ့ လောကကို ဖြစ်စေမယ်လို့ ယေရှုလိုပဲ ကျွန်တော်တို့ မျှော်လင့်ကြတယ်။ (မဿဲ ၆:၉၊ ၁၀) ကမ္ဘာ့ပြဿနာတွေကို ဘုရားနိုင်ငံတော် ဖြေရှင်းပေးဖို့ ထိုင်စောင့်နေကြတာတော့ မဟုတ်ပါဘူး။ ယေရှုလိုပဲ ကမ္ဘာတစ်ခုလုံးမှာ “နိုင်ငံတော်သတင်းကောင်း” ကြေညာပြီး နှစ်တိုင်း သိန်းနဲ့ချီတဲ့သူတွေ ပိုကောင်းတဲ့ အသက်တာဘက် ပြောင်းလဲလာအောင် ကူညီပေးနေကြပါတယ်။ iမဿဲ ၂၄:၁၄

a မိဘအိမ်မှာ နေထိုင်ဆဲ ယေဟောဝါသက်သေ လူငယ်တွေဟာ ပညာရေးနဲ့ပတ်သက်တဲ့ မိဘတွေရဲ့ သဘောထားက ဘုရားပညတ်တွေနဲ့ မဆန့်ကျင်သရွေ့ မိဘဆန္ဒကို လိုက်နာကြတယ်။—ကောလောသဲ ၃:၂၀

b ဒီရည်ရွယ်ချက်အတွက် အရေးအဖတ်ပညာ ကြိုးစားသင်ယူပါ လိုမျိုး ရေးတတ်ဖတ်တတ်အောင် အထောက်အကူပြုတဲ့ စာစောင်ကို စောင်ရေ ၁၁ သန်းကျော် ထုတ်ဝေပေးခဲ့ပါပြီ။ ကမ္ဘာတစ်ဝန်းမှာ စာတတ်မြောက်ရေး အခမဲ့ သင်တန်းတွေကိုလည်း ဘာသာစကား ၁၂၀ နဲ့ ပြုလုပ်ပေးပါတယ်။ ၂၀၀၃ ကနေ ၂၀၁၇ ခုနှစ်အတွင်း လူ ၇၀,၀၀၀ ခန့်ကို စာရေးတတ်ဖတ်တတ်အောင် ကူညီပေးခဲ့ပြီ။

cကျောင်းထွက်လိုက်ရင် ကောင်းမလား” ဆောင်းပါးကို ကြည့်ပါ။

d ဥပမာ၊ သားတွေကိုရော သမီးတွေကိုပါ ကျောင်းထားဖို့ မိဘတွေကို ကျွန်တော်တို့ အားပေးတယ်။ ၂၀၀၃၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာပါတဲ့ “ကျွန်ုပ်၏ကလေး ကျောင်းနေသင့်သလော” ဆောင်းပါးကို ကြည့်ပါ။

f jw.org မှာပါတဲ့ “အသက်ရဲ့ မူလအစနဲ့ပတ်သက်ပြီး ရှုမြင်ချက်များ” အပိုင်းကို ကြည့်ပါ။

g Practical Economics: Economic Transformation and Government Reform in Georgia 2004​—2012, page 170.

h Volume 61, No. 1, April 2017, page 72.

i jw.org မှာ ပါတဲ့ “ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး” အပိုင်းကို ကြည့်ပါ။ ကျမ်းစာနဲ့ နိုင်ငံတော် သတင်းစကား အစွမ်းကြောင့် ပြောင်းလဲလာတဲ့ ဘဝဖြစ်ရပ်မှန်တွေကို ဖတ်ကြည့်ပါ။