မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၁၉၊ ၂၀၁၆
အီရီထရီးယား

အီရီ​ထ​ရီး​ယား​မှာ ယေဟောဝါသက်သေ​တွေ နှိပ်စက်​ညှဉ်းပန်း​ခံ​နေရ​တာ​ကို နိုင်ငံတကာ​က အထူး အာရုံစိုက်​နေ

အီရီ​ထ​ရီး​ယား​မှာ ယေဟောဝါသက်သေ​တွေ နှိပ်စက်​ညှဉ်းပန်း​ခံ​နေရ​တာ​ကို နိုင်ငံတကာ​က အထူး အာရုံစိုက်​နေ

ကမ္ဘာ​ပေါ်​က ဘယ်​နိုင်ငံ​ထက်​မဆို အီရီ​ထ​ရီး​ယား​နိုင်ငံ​မှာ ယေဟောဝါသက်သေ​တွေ ပြင်းပြင်းထန်ထန် နှိပ်စက်​ညှဉ်းပန်း​ခံ​နေကြ​ရတယ်။ ၁၉၉၃ ခုနှစ်၊ အီရီ​ထ​ရီး​ယား​နိုင်ငံ လွတ်လပ်ရေး ရပြီး​ကတည်းက ယေဟောဝါသက်သေ​တွေ မပြတ် ထောင်ချ၊ နှိပ်စက်၊ အ​ကြဉ်​ခံရ​ကြတယ်။ နိုင်ငံရေး​မှာ ကြားနေ​ကြ​လို့၊ လက်နက် မကိုင်​ဆောင်​ကြ​လို့​ပါ။

လောလောဆယ် အီရီ​ထ​ရီး​ယား​မှာ ယေဟောဝါသက်သေ ၅၄ ယောက် ထောင်ကျ​နေတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်​အတွင်း တစ်ယောက်က​လွဲလို့ ကျန်​တဲ့​သူ​အားလုံး​ဟာ စွဲချက် မရှိဘဲ၊ အမှု​ကြားနာ​မှု မရှိဘဲ ထောင်ချ​ခံရ​ကြတယ်။ အဲဒီ​ထဲ​က သုံးယောက်ဟာ ၁၉၉၄ ခုနှစ်​ကတည်းက ထောင်ကျ​နေကြ​တာ​ပါ။

နိုင်ငံတကာ​ရဲ့ စိုးရိမ်မှု မြင့်တက်​လာ

ယေဟောဝါ​သက်သေတွေကို အီရီ​ထ​ရီး​ယား အစိုးရ နှိပ်စက်​နေ​မှု​ကို လူ့​အခွင့်အရေး​ဆိုင်ရာ အဖွဲ့အစည်း​တွေ၊ အစိုးရ ကိုယ်စားလှယ်​တွေ အစ​ကတည်းက ရှုတ်ချ​ကြတယ်။ ဒါပေမဲ့ မကြာသေး​ခင်​က အီရီ​ထ​ရီး​ယား လူ့​အခွင့်အရေး စုံစမ်းရေး ကော်မရှင် (COIE)၊ ယူ​အန် လုပ်ပိုင်ခွင့်​ရ အဖွဲ့အစည်း​က သက်သေခံတွေ နှိပ်စက်​ခံ​နေရ​တာ​ကို နိုင်ငံတကာ သတိပြုမိ​စေဖို့ လုပ်ဆောင်ခဲ့တယ်။ ၂၀၁၅၊ ဇွန်လ​မှာ ကုလသမဂ္ဂ လူ့​အခွင့်အရေး ကောင်စီ (HRC) ဆီ တင်ပြ​တဲ့ ပထမ​ဆုံး အစီရင်ခံစာ​မှာ COIE က ယေဟောဝါသက်သေ​တွေ ဖိနှိပ်ခံ​ရ​မှု၊ ညှဉ်းပန်း​ခံရ​မှု​အကြောင်း အပိုင်း​တစ်ပိုင်း သတ်သတ်မှတ်မှတ် ထည့်သွင်း​ဖော်ပြ​ခဲ့တယ်။

၂၀၁၆၊ ဇွန် ၂၁ မှာ COIE က HRC ဆီ ဒုတိယ​အကြိမ် အသေးစိတ် အစီရင်ခံ​ခဲ့တယ်။ “ဘာသာရေး လွတ်လပ်ခွင့်ကို လေးစားဖို့၊ ယေဟောဝါ​သက်သေတွေကို ယုံကြည်ချက်​ကြောင့် အာဏာ​သုံးပြီး ဖမ်းဆီး​တာ၊ ထောင်ချ​တာ ရပ်​တန်း​က ရပ်​ဖို့၊ ဥပဒေ​မဲ့၊ အာဏာ​သုံးပြီး ဖမ်းဆီး​ခံ​ထား​ရသူ အားလုံး​ကို ချက်ချင်း၊ ခြွင်းချက် မရှိ လွှတ်​ပေးဖို့” အီရီ​ထ​ရီး​ယား အစိုးရ​ကို COIE တိုက်တွန်း​ခဲ့တယ်။

နိဂုံး​ချုပ်​အပိုင်း​မှာ COIE က “ဘာသာရေး၊ လူမျိုးရေး အဖွဲ့အစည်း​တွေ​ကို အီရီ​ထ​ရီး​ယား နှိပ်ကွပ်​နေတာ” ဟာ နိုင်ငံတကာ ဥပဒေ​နဲ့ ဆန့်ကျင်​နေတယ်၊ “လူ့​အခွင့်အရေး​ဆိုင်ရာ ပြစ်မှု​နဲ့” ငြိ​စွန်း​နေတယ်လို့ တင်ပြ​သွားတယ်။ ဒီ​နှိပ်စက်​ညှဉ်းပန်းမှု​ဟာ အဆိုးရွားဆုံး လူ့​အခွင့်အရေး ချိုးဖောက်​မှု ဖြစ်တယ်လို့ နိုင်ငံတကာ အဖွဲ့အစည်း​တွေ ယူမှတ်​ကြတယ်။ ၂၀၁၆၊ အောက်တိုဘာ ၂၇၊ ကုလသမဂ္ဂ အထွေထွေ အစည်းအဝေး​မှာ နောက်ဆုံး​ရ အချက်အလက်​တွေ​ကို COIE တင်ပြ​သွားမှာ ဖြစ်တယ်။

သက်သေခံတွေကို မတရား ဆက်ဆံ​နေတာ အီရီ​ထ​ရီး​ယား ရပ်တန့်​မလား

ကမ္ဘာ​တစ်ဝန်း​မှာ​ ရှိတဲ့ ယေဟောဝါ​သက်သေတွေဟာ အီရီ​ထ​ရီး​ယား​မှာ ရှိတဲ့ ယုံကြည်သူချင်းတွေ​အတွက် စိုးရိမ်မကင်း ဖြစ်နေ​ကြတယ်။ ရိုးသားတဲ့ ဒီ​ခရစ်ယာန်​တွေ​ကို ညှဉ်းပန်း​နှိပ်စက်​နေတာ​တွေ ရပ်​ဖို့၊ ရ​သင့်​ရထိုက်တဲ့ အခြေခံ အခွင့်အရေးတွေ ပေးဖို့ အီရီ​ထ​ရီး​ယား အစိုးရ​ကို အလေးအနက် တောင်းဆို​နေကြပါ​တယ်။