လူငယ်များအမေး
စကားပြောစွမ်းရည် တိုးတက်အောင် ဘာလုပ်ရမလဲ
ဒီဆောင်းပါးမှာ သိရမှာက
ဘာကြောင့် မျက်နှာချင်းဆိုင် စကားပြောသင့်သလဲ
မျက်နှာချင်းဆိုင် စကားပြောရတာ ခက်တယ်၊ စိတ်လည်း ပိုဖိစီးရတယ်။ စာပို့လိုက်တာမှ လွယ်ဦးမယ်ဆိုပြီး တချို့တွေ ပြောကြတယ်။
“ပြောပြီးတဲ့ စကားကို ပြန်ပြင်လို့၊ ဖျက်လိုက်လို့ မရတဲ့အတွက် မျက်နှာချင်းဆိုင် စကားပြောဖို့ ရင်လေးမိတယ်။”—အန်နာ။
“စာထဲမှာပြောတာက ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်နဲ့တူတယ်။ အပြင်မှာပြောတာကျတော့ တိုက်ရိုက်ထုတ်လွှင့်နေရတဲ့အတိုင်းပဲ။ ပြောနေရင်းနဲ့တောင် ‘စကားပြော မှားတော့မလား’ ဆိုတဲ့ စိုးရိမ်စိတ် ဖြစ်မိတယ်။”—ဂျင်း။
တစ်ချိန်ချိန်မှာတော့ စကားပြောစွမ်းရည် မရှိမဖြစ် လိုအပ်လာမှာ။ မိတ်ဆွေသစ် ဖွဲ့ဖို့၊ အလုပ်ရဖို့၊ ရှိတဲ့အလုပ် ပြုတ်မသွားဖို့ ဒါမှမဟုတ် အဆင်သင့်ဖြစ်တဲ့အခါ ရည်းစားထားဖို့ဆိုရင် စကားပြောစွမ်းရည် လိုအပ်တယ်။
ဒါပေမဲ့ မျက်နှာချင်းဆိုင် စကားပြောရတာကို ကြောက်နေဖို့ မလိုပါဘူး။ ကိုယ်ဟာ ရှက်ကြောက်တတ်တဲ့သူဆိုရင်တောင် သင်ယူလေ့ကျင့်မယ်ဆိုရင် တိုးတက်လာမယ်။
“စကားပြောမှားလို့ အရှက်ကွဲသွားတဲ့အဖြစ်မျိုးကို လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန် ကြုံရတာပဲ။ စိတ်ကို ပေါ့ပေါ့ပါးပါးပဲ ထားလိုက်ပါ။”—နီးလ်။
စကား ဘယ်လိုစပြောရမလဲ
မေးခွန်းမေးပါ။ လူတွေ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတစ်ခု စဉ်းစားထားပါ။ အဲဒါနဲ့ စကားစကြည့်ပါ။ ဥပမာ–
“နွေရာသီတုန်းက ခရီးထွက်ဖြစ်သေးလား။”
“ဒီဝက်ဘ်ဆိုက်လေး တော်တော်ကောင်းတယ်။ ဝင်ကြည့်ဖူးသလား။”
“ဒီ . . . အကြောင်း ကြားမိသေးလား။”
သတ်သတ်မှတ်မှတ် ပြောချင်ရင် တစ်ဖက်လူနဲ့ ဘာတူညီချက် ရှိသလဲ တွေးကြည့်ပါ။ ဥပမာ၊ ကိုယ်နဲ့ ကျောင်းတူသလား၊ အလုပ်တူသလား။ တူညီချက်အပေါ် မူတည်ပြီး မေးခွန်းတွေ တည်ဆောက်သွားပါ။
“ကိုယ်တိုင်လည်း စိတ်ဝင်စားတဲ့၊ လူတွေဖြေတာကိုလည်း ကြားချင်တဲ့ မေးခွန်းမျိုးကို စဉ်းစားကြည့်ပါ။”—မာရီဇာ။
သတိထားပါ။ စုံထောက်ကြီးတစ်ယောက်လို မေးခွန်း တရစပ် မမေးပါနဲ့။ စပ်စုပုံပေါက်တဲ့ မေးခွန်းမျိုးကိုလည်း ရှောင်ပါ။ “ဘဝမှာ အကြောက်ဆုံးအရာက ဘာလဲ၊” “ဘာလို့ အပြာရောင်ချည်းပဲ အမြဲဝတ်တာလဲ” ဆိုတဲ့ မေးခွန်းမျိုးဟာ လူကို အနေရခက်စေတယ်။ နောက်ဆုံးမေးခွန်းဆိုရင် အပြစ်ရှာတဲ့ လေသံတောင် ပေါက်သွားနိုင်တယ်။
စစ်ဆေးမေးမြန်းနေတဲ့ပုံ မပေါက်ဖို့ဆိုရင် မေးခွန်းမမေးခင် ဒါမှမဟုတ် မေးပြီးနောက် ကိုယ့်ရဲ့ ထင်မြင်ယူဆချက်၊ ခံစားချက်ကို ထည့်ပြောနိုင်တယ်။ နောက်တစ်မျိုး ပြောရရင် တစ်ဖက်သားကို အင်တာဗျူးနေသလို မလုပ်ပါနဲ့။ အပြန်အလှန် စကားဖောင်ဖွဲ့ပါ။
ကျမ်းစာအခြေခံမူ။ “လူ၏အကြံအစည်တို့သည် ရေတွင်းနက်ထဲက ရေနှင့် တူ၏။ သို့ရာတွင် ဉာဏ်ရှိသူသည် ခပ်ယူနိုင်လေသည်။”—ပညာအလိမ္မာ ၂၀:၅၊ ခေတ်သုံးမြန်မာသမ္မာကျမ်း။
ကောင်းကောင်း နားထောင်ပါ။ စကားလက်ဆုံကျဖို့ဆိုရင် အပြောကောင်းဖို့ထက် ကောင်းကောင်းနားထောင်ပေးဖို့ အရေးကြီးတယ်။
“တစ်ယောက်ယောက်နဲ့ စကားပြောပြီဆိုရင် သူ့အကြောင်း တစ်ခုမဟုတ်တစ်ခု သိအောင် လုပ်ဖို့ ပန်းတိုင်ထားတယ်။ ပြီးတော့ မှတ်မိအောင် ကြိုးစားတယ်။ ဒါမှ နောက်တစ်ခေါက် သူနဲ့ ဆုံတဲ့အခါ အဲဒီအကြောင်း ထပ်ဆင့်မေးခွန်းတွေ မေးနိုင်မှာ။”—တာမာရာ။
သတိထားပါ။ ကိုယ်ဘာဆက်ပြောရမလဲဆိုတဲ့အပေါ်ပဲ စိတ်ရောက်မနေပါနဲ့။ သူပြောတာကို အာရုံစိုက်မယ်ဆိုရင် ပြောစရာစကားတွေ ထွက်လာပါလိမ့်မယ်။
ကျမ်းစာအခြေခံမူ။ “နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။”—ယာကုပ် ၁:၁၉။
စိတ်ရင်းနဲ့ ဂရုစိုက်ပါ။ တစ်ဖက်လူကို စိတ်ရင်းနဲ့ ဂရုစိုက်ပေးရင် စကားပြောရတာ ပိုအဆင်ပြေလာမယ်။
“ကိုယ့်ရဲ့ ဂရုစိုက်မှုကိုသာ သူခံစားရရင် ပြောရင်း အဆင်မပြေတာလေးတွေ ရှိခဲ့ရင်တောင် သူနဲ့ကိုယ်နဲ့ လေပေးဖြောင့်နေရော။”—မာရီ။
သတိထားပါ။ စပ်စုလွန်းတာမျိုး မဖြစ်ပါစေနဲ့။ “အင်္ကျီလေး လှလိုက်တာ။ ဘယ်လောက်ပေးရသလဲ” လို့ မေးတာ သိပ်မသင့်တော်ဘူး။
ကျမ်းစာအခြေခံမူ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိလိပ္ပိ ၂:၄။
အဆုံးသတ်မှာ ဘာတွေ ပြောသင့်သလဲ။ “ကောင်းတဲ့စကားလေးတွေနဲ့ နိဂုံးချုပ်ပါ။ ကောင်းကောင်းမွန်မွန် အဆုံးသတ်ထားရင် နောက်တစ်ခါ ပြန်တွေ့တဲ့အခါ စကားလက်ဆုံကျဖို့ မခဲယဉ်းတော့ဘူးပေါ့” လို့ ဂျော်ဒန်ဆိုတဲ့ လူငယ်တစ်ယောက် အကြံပြုတယ်။