လူငယ်များအမေး
ကိုယ်ပိုင်လွတ်လပ်ခွင့် ဘယ်လိုရနိုင်မလဲ
မိဘတွေက ဘာကြောင့် ဝင်ရှုပ်နေတာလဲ
မိဘတွေက သင့်အတွက် စိုးရိမ်လို့ ဆိုပြီး ပြောပါလိမ့်မယ်။ ဒါပေမဲ့ သင်က ဝင်ရှုပ်နေတယ်လို့ မြင်တယ်။ ဥပမာ–
“အဖေက ကျွန်မရဲ့ဖုန်းကိုယူပြီး ပါ့စ်ဝေါ့ (password) တောင်းတယ်။ ပြီးတော့ မက်ဆေ့ချ်အားလုံးကို လိုက်ကြည့်တယ်။ တကယ်လို့ ကျွန်မ မပေးဘူးဆိုရင် မဟုတ်တာ လုပ်ထားတယ်လို့ ထင်ပါလေရော” ဆိုပြီး ဆယ်ကျော်သက် အယ်ရင်းက ပြောတယ်။
အခုအသက် ၂၀ ရှိပြီ ဖြစ်တဲ့ ဒနိစ် က “ကျွန်မ ဖုန်းဘီလ်ထဲက နံပါတ်တစ်ခုချင်းစီကို အမေ ကြည့်ပြီး ဒါဘယ်သူ့နံပါတ်လဲ၊ သူနဲ့ ဘာတွေ ပြောသလဲ” လို့ မေးတာ မှတ်မိသေးတယ်။
ဆယ်ကျော်သက် မိန်းကလေး ကေလာက သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းကို အမေ ဖတ်ကြည့်တယ်လို့ ပြောပြတယ်။ “အဲဒီအထဲမှာ ကျွန်မရဲ့ ခံစားချက်တွေ အများကြီး ရေးထားတာ။ အမေနဲ့ ပတ်သက်တာတွေလည်း ပါတယ်။ အဲဒီနောက်ပိုင်း ကျွန်မ မှတ်တမ်းရေးချင်စိတ် မရှိတော့ဘူး။”
အဓိကအချက်– မိဘတွေက သင့်ကို ဒုက္ခမရောက်စေချင်လို့ ကြပ်မတ်တာကို သင်က တားလို့မရဘူး။ မိဘတွေဘက်က ချုပ်ချယ်လွန်းတာမျိုး ဖြစ်သွားနိုင်တယ်။ ချုပ်ချယ်တယ်လို့ ခံစားရတဲ့စိတ်ကို လျော့သွားစေဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
သင်ဘာလုပ်နိုင်သလဲ
ပွင့်လင်းပါ။ “အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံ” ဖို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ (ဟေဗြဲ ၁၃:၁၈) မိဘတွေကို အဲဒီလို ဆက်ဆံဖို့ ကြိုးစားပါ။ သင်က ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား လုပ်ဆောင်လေ မိဘတွေက သင့်ကို လွတ်လပ်ခွင့် ပိုပေးလေပဲ။
စဉ်းစားကြည့်ပါ– သင်ဟာ ယုံကြည်စိတ်ချရသူ ဖြစ်တယ်လို့ နာမည်ရထားသလား။ မိဘတွေရဲ့ တားမြစ်ချက်တွေကို ဂရုမစိုက်ဘဲ နေသလား။ ဘယ်သူတွေနဲ့ ပေါင်းသင်းနေတယ်ဆိုတာ လျှို့ဝှက်ထားသလား။ ဘာလုပ်နေတယ်ဆိုတာကို ဖုံးကွယ်ထားသလား။
“မိဘတွေနဲ့ မကြာခဏ ဆွေးနွေးညှိနှိုင်းတယ်။ ကျွန်မ ဘာတွေ လုပ်နေတယ်ဆိုတာ သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ သူတို့ သိချင်တာအားလုံးကို ပြောပြတဲ့အတွက် သူတို့လည်း ကျွန်မကို ယုံကြည်စိတ်ချပြီး လွတ်လပ်ခွင့် ပိုပေးလာတယ်။”—ဒေလီယာ။
စိတ်ရှည်ပါ။ “သင်တို့သည် မည်သို့သောသူ ဖြစ်ကြောင်း ကိုယ်ကို စစ်ကြောလျက်နေကြလော့” ဆိုပြီး ကျမ်းစာ ပြောတယ်။ (၂ ကောရိန္သု ၁၃:၅) ယုံကြည်စိတ်ချမှုရဖို့ ကြိုးစားတာ အချိန်အတော်ကြာတတ်ပါတယ်၊ ဒါပေမဲ့ ကြိုးစားရကျိုးနပ်ပါတယ်။
စဉ်းစားကြည့်ပါ– တစ်ချိန်က သင့်ရဲ့ မိဘတွေလည်း လူငယ်တွေ ဖြစ်ဖူးတော့ သူတို့ ဘာဖြစ်လို့ သင့်ကို ဂရုစိုက်စောင့်ကြည့်တာ ဖြစ်မလဲ။
“တစ်ချိန်က သူတို့ရဲ့အမှားတွေကို သတိရပြီး ကလေးတွေ အဲဒီလို မမှားစေချင်လို့ ဖြစ်မယ်။”—ဒံနီယဲလ်။
ကိုယ်ချင်းစာပါ။ မိဘတွေဘက်ကနေ ပြန်စဉ်းစားကြည့်ပါ။ ကျမ်းစာမှာ အရည်အချင်းရှိတဲ့ ဇနီးဟာ “အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ်၏” လို့ ဖော်ပြထားပြီး ဖခင်ကောင်းတစ်ယောက်ဟာလည်း သားသမီးတွေကို “ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူ” ရမယ်လို့ ဖော်ပြထားတယ်။ (သုတ္တံ ၃၁:၂၇။ ဧဖက် ၆:၄) အဲဒီတာဝန်တွေကို မိဘတွေ ကျေပွန်အောင် ထမ်းဆောင်ဖို့ မလွယ်ပေမဲ့ ကြိုးစားပြီး သွန်သင်နေတာ ဖြစ်တယ်။
စဉ်းစားကြည့်ပါ– ကိုယ်က မိဘတစ်ယောက် ဆိုပါတော့၊ ဆယ်ကျော်သက်အရွယ်မှာ ဘာတွေ ဖြစ်တတ်တယ်ဆိုတာ ကောင်းကောင်း သိထားတယ်၊ ဒါဆို ကိုယ့်ရဲ့ သားသမီးကို ဘာမှ မမေးမြန်းဘဲ ဒီအတိုင်းလွှတ်ထားမလား။
“ဆယ်ကျော်သက်အရွယ်မှာ မိဘတွေက လွတ်လပ်ခွင့် မပေးဘူးလို့ ထင်တတ်တယ်။ ဒါပေမဲ့ ကိုယ်တိုင် ရင့်ကျက်တဲ့အရွယ် ရောက်လာတဲ့အခါမှာတော့ မိဘတွေ ဘာကြောင့် အဲဒီလို လုပ်ရသလဲဆိုတာ သဘောပေါက်လာတယ်။ သူတို့က ကိုယ့်ကို ချစ်တာကိုး။”— ဂျိမ်းစ်။