သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | မိရိအံ
“ယေဟောဝါကို ချီးမွမ်းသီချင်း ဆိုကြစို့”
မိန်းကလေးတစ်ယောက် မလှုပ်မယှက် တိတ်တိတ်လေး ပုန်းနေပြီး ကျူပင်တွေကြားထဲကို စိုက်ကြည့်နေတယ်။ နိုင်းမြစ်ရေကတော့ တငြိမ့်ငြိမ့် စီးဆင်းနေတယ်။ အချိန်တွေ တဖြည်းဖြည်း ကုန်သွားပြီ။ သူအနားမှာ ပိုးကောင်တွေ တဝီဝီ ပျံဝဲနေပေမဲ့ သူကတော့ စောင့်ပြီးရင်း စောင့်နေတယ်။ သူ စိုက်ကြည့်နေတာက ရေလုံတဲ့ ခြင်းတောင်းတစ်ခုပဲ။ အဲဒီထဲမှာ သူ့မောင်လေး ရှိတယ်။ ခြင်းတောင်းထဲမှာ တစ်ယောက်တည်း ရှိနေတဲ့ မောင်လေးအကြောင်း စဉ်းစားလိုက်ရင် သူ ရင်ကွဲမတတ် ခံစားရတယ်။ ဒါပေမဲ့ မိဘတွေ ဒီလိုလုပ်တာ မှန်တယ်ဆိုတာ သူ သိတယ်။ ဒီအချိန်မှာ မောင်လေး အသက်ရှင်နိုင်တဲ့နည်းက ဒီတစ်နည်းပဲ ရှိတယ်။
အဲဒီမိန်းကလေးက တကယ့် သတ္တိခဲလေးပဲ။ မကြာခင် သူ ပိုသတ္တိရှိရတော့မယ်။ သူဟာ ငယ်ရွယ်ပေမဲ့ ယုံကြည်ခြင်း ခိုင်ခံ့သူပါ။ မကြာခင် ဖြစ်ပျက်တော့မယ့် အဖြစ်အပျက်က သူ့မှာ ယုံကြည်ခြင်း ရှိတယ်ဆိုတာ ဖော်ပြပါလိမ့်မယ်။ အဲဒီယုံကြည်ခြင်းက သူ့ဘဝတစ်ခုလုံးကို အကျိုးသက်ရောက်ခဲ့တယ်။ သူ အသက်ကြီးလာတဲ့အခါ သူ့လူမျိုးရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်မှာ ယုံကြည်ခြင်းက သူ့ကို လမ်းပြသွားမှာ ဖြစ်တယ်။ အမှားကြီးတစ်ခု ကျူးလွန်မိချိန်မှာလည်း အဲဒီယုံကြည်ခြင်းကပဲ သူ့ကို ကူညီထောက်မခဲ့တယ်။ သူ ဘယ်သူလဲ။ သူ့ရဲ့ ယုံကြည်ခြင်းကနေ ဘာသင်ယူနိုင်သလဲ။
ကျွန်မိသားစုထဲက မိန်းကလေး မိရိအံ
ကျမ်းစာမှာတော့ အဲဒီကလေးရဲ့ နာမည်ကို မဖော်ပြထားပေမဲ့ သူ ဘယ်သူလဲဆိုတာ ကျွန်တော်တို့ သိတယ်။ သူကတော့ အီဂျစ်ပြည်က ဟီဘရူးကျွန်တွေ ဖြစ်တဲ့ အာမရံနဲ့ ယောခေဗက်တို့ရဲ့ သမီးကြီး မိရိအံပါ။ (တောလည်ရာ ၂၆:၅၉) သူ့မောင်လေးက နောက်ပိုင်းမှာ မောရှေ ဖြစ်လာတယ်။ ခြင်းတောင်းထဲက ယောက်ျားလေးရဲ့ အစ်ကို အာရုန်ဟာ အဲဒီအချိန်မှာ အသက် သုံးနှစ်လောက် ရှိမယ်။ မိရိအံရဲ့ အသက်ကိုတော့ အတိအကျ မပြောနိုင်ပေမဲ့ ဆယ်နှစ် မပြည့်သေးပုံပဲ။
မိရိအံဟာ ခက်ခဲကျပ်တည်းချိန်မှာ အသက်ရှင်ခဲ့တယ်။ အီဂျစ်တွေဟာ ဟီဘရူးလူမျိုးကို အန္တရာယ်ရှိသူတွေလို့ ယူဆပြီး ကျွန်ပြု နှိပ်စက်ကြတယ်။ ကျွန်တွေ ပိုတိုးပွားလာလို့ အီဂျစ်တွေလည်း ပိုရက်စက်လာတယ်။ မွေးလာတဲ့ ဟီဘရူး သားယောက်ျားတွေကို အကုန်သတ်ပစ်ဖို့ ဖာရော အမိန့်ထုတ်လိုက်တယ်။ ဟီဘရူး သားယောက်ျားတွေကို မသတ်ဘဲ တိတ်တိတ်လေး ဝှက်ထားတဲ့ ဟီဘရူး လက်သည် ရှိဖရနဲ့ ပုအာရဲ့ ယုံကြည်ခြင်းကို မိရိအံ သိမှာ သေချာတယ်။—ထွက်မြောက်ရာ ၁:၈-၂၂။
မိရိအံဟာ မိဘတွေရဲ့ ယုံကြည်ခြင်းကိုလည်း မြင်တွေ့ခဲ့တယ်။ အာမရံနဲ့ ယောခေဗက်ဟာ ချစ်စရာကောင်းတဲ့ တတိယမြောက် ကလေးကို မွေးပြီးတဲ့အခါ ကလေးကို သုံးလလောက် ဝှက်ထားတယ်။ သူတို့က ဖာရောရဲ့ အမိန့်ကို ကြောက်လန့်ပြီး ကလေးကို သတ်လိုက်တာမျိုး မလုပ်ခဲ့ဘူး။ (ဟီဘရူး ၁၁:၂၃) ဒါပေမဲ့ ကလေးကို ဆက်ဝှက်ထားဖို့ မဖြစ်နိုင်တော့လို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ချက်ချင်း ချလိုက်ရတယ်။ ကလေးကို ကာကွယ်နိုင်ပြီး ကျွေးမွေးစောင့်ရှောက်နိုင်သူ တစ်ယောက်ယောက် ရှာတွေ့နိုင်တဲ့နေရာမှာ ကလေးကို ဝှက်ထားရမယ်ဆိုတာ ယောခေဗက် သိတယ်။ ကျူရိုးတွေနဲ့ ခြင်းတောင်းတစ်လုံး ရက်၊ ရေလုံအောင် ကတ္တရာစေး သုတ်၊ ကလေးကို ခြင်းတောင်းထဲ ထည့်ပြီး နိုင်းမြစ်ထဲ ချထားခဲ့ချိန်မှာ ကလေးအမေ ဘယ်လို ဆုတောင်းနေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ မိရိအံကို အဲဒီမှာထားခဲ့ပြီး ဘာဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်ခိုင်းထားတာ ဖြစ်နိုင်တယ်။—ထွက်မြောက်ရာ ၂:၁-၄။
ကယ်တင်ရှင် မိရိအံ
မိရိအံ စောင့်ကြည့်နေတယ်။ အချိန်တန်တော့ လှုပ်ရှားမှုတစ်ခုကို တွေ့လိုက်တယ်။ အမျိုးသမီးတစ်စု ရောက်လာတယ်။ သူတို့က သာမန်အီဂျစ်အမျိုးသမီးတွေ မဟုတ်ဘူး။ ဖာရောရဲ့ သမီးတော်က အခြွေအရံတွေနဲ့ နိုင်းမြစ်မှာ ရေချိုးဖို့ ရောက်လာကြတယ်။ မိရိအံ စိတ်ပျက်သွားမှာပဲ။ ဖာရောရဲ့ သမီးတော်က ဘုရင့်အမိန့်ကို ဖီဆန်ပြီး ဒီဟီဘရူး ယောက်ျားလေးကို ကာကွယ်ပေးပါ့မလား။ အဲဒီအချိန်မှာ မိရိအံ ယေဟောဝါဆီ အသည်းအသန် ဆုတောင်းနေမှာ သေချာတယ်။
ဖာရောရဲ့ သမီးတော်ဟာ ကျူပင်ကြားထဲက ခြင်းတောင်းကို သတိထားမိသွားတယ်။ ဒါနဲ့ ခြင်းတောင်းကို ယူလာဖို့ ကျွန်မတစ်ယောက်ကို ပြောလိုက်တယ်။ သမီးတော်က “တောင်းကို ဖွင့်ကြည့်လိုက်တော့ ငိုနေတဲ့ ကလေးကို တွေ့” တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ ဟီဘရူး မိခင်တချို့က မိမိတို့ကလေးရဲ့ အသက်ကို ကယ်ဖို့ ကြိုးစားနေတယ်ဆိုတာ သူ ချက်ချင်း သဘောပေါက်သွားတယ်။ ဒါပေမဲ့ ချောမောလှပတဲ့ ကလေးက ဖာရောသမီးတော်ရဲ့ နှလုံးသားကို လှုပ်ခတ်သွားစေလို့ ကလေးကို သနားသွားတယ်။ (ထွက်မြောက်ရာ ၂:၅၊ ၆) မိရိအံဟာ ဘုရင့် သမီးတော်ရဲ့ မျက်နှာကို အကဲခတ်နေမှာ သေချာတယ်။ ယေဟောဝါကို ယုံကြည်ကြောင်း တင်ပြရမယ့်အချိန်က အခုအချိန်ပဲဆိုတာ မိရိအံ သိလိုက်တယ်။ ဒါနဲ့ သတ္တိမွေးပြီး ဘုရင့် သမီးတော်နဲ့ အခြွေအရံတွေဆီ ချဉ်းကပ်လိုက်တယ်။
သာမန်အချိန်မှာ ဟီဘရူး မိန်းကလေးတစ်ယောက်က ဘုရင့်သမီးတော်ဆီ သွားပြီး စကားပြောရင် ဘာဖြစ်နိုင်သလဲဆိုတာ မသိနိုင်ဘူး။ မိရိအံကတော့ “ဟီဘရူး ကလေးထိန်းတစ်ယောက် သွားခေါ်ပေးရမလား” လို့ ဘုရင့်သမီးတော်ကို တဲ့တိုးပဲ မေးလိုက်တယ်။ အဲဒါက ပညာရှိမေးခွန်းပဲ။ ကလေးတစ်ယောက်ကို မထိန်းနိုင်ဘူးဆိုတာ ဖာရောရဲ့ သမီးတော် သူ့ကိုယ်သူ သိတယ်။ ကလေးကို ဟီဘရူးလူမျိုးပဲ ထိန်းတာ ကောင်းတယ်။ နောက်တော့မှ ကလေးကို မွေးစားသားအဖြစ် ပြန်ခေါ်ပြီး ပညာသင်ပေးမယ်လို့ သူ တွေးမိတာ ဖြစ်နိုင်တယ်။ သမီးတော်က “သွားခေါ်ခဲ့” လို့ ပြောတော့ မိရိအံ တော်တော် ပျော်သွားမှာပဲ။—ထွက်မြောက်ရာ ၂:၇၊ ၈။
မိရိအံဟာ စိတ်ပူနေတဲ့ မိဘတွေကို ပြောဖို့ အိမ်ကို အပြေး ပြန်သွားခဲ့တယ်။ အမေ့ကို အဲဒီအကြောင်းတွေ ပြန်ပြောပြတဲ့အခါ စိတ်လှုပ်ရှားလွန်းလို့ စကားတွေ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေမှာကို မြင်ယောင်ကြည့်ပါ။ ဒီကိစ္စကို ယေဟောဝါ လမ်းညွှန်နေမှန်း ယောခေဗက် သဘောပေါက်မှာ သေချာတယ်။ ဒါကြောင့် မိရိအံနဲ့အတူ ဖာရောရဲ့ သမီးတော်ဆီ လိုက်သွားတယ်။ သမီးတော်က “ဒီကလေးကို ခေါ်သွားပြီး ထိန်းပေးပါ။ ကလေးထိန်းခကို ငါပေးမယ်” လို့ ပြောတဲ့အခါ ယောခေဗက်က စိတ်သက်သာရာရပြီး ပျော်နေတဲ့ သူ့ခံစားချက်ကို ဖုံးကွယ်ထားမှာပဲ။—ထွက်မြောက်ရာ ၂:၉။
အဲဒီနေ့မှာ မိရိအံဟာ ယေဟောဝါဘုရားအကြောင်း အများကြီး သိခဲ့ရတယ်။ ဘုရားသခင်ဟာ မိမိလူတွေကို ဂရုစိုက်တယ်၊ ဆုတောင်းချက်တွေကို နားထောင်ပေးတယ်ဆိုတာ သိခဲ့ရတယ်။ လူကြီးတွေ၊ အမျိုးသားတွေမှာပဲ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ရှိတာ မဟုတ်မှန်း သူသိခဲ့ရတယ်။ သစ္စာရှိကျေးကျွန် အားလုံးရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်တယ်။ (ဆာလံ ၆၅:၂) အဲဒီအချက်ကို ခက်ခဲကျပ်တည်းတဲ့ ဒီလိုအချိန်မှာ ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမအားလုံး သတိရဖို့ လိုတယ်။
စိတ်ရှည်တဲ့အစ်မ မိရိအံ
ယောခေဗက်ဟာ ကလေးကို ကျွေးမွေးထိန်းကျောင်းခဲ့တယ်။ မိရိအံဟာ သူ ကူညီပြီး အသက်ကယ်ခဲ့တဲ့ မောင်လေးကို သိပ်ချစ်မယ်ဆိုတာ သေချာတယ်။ မောရှေ စကားသင်တဲ့အခါ မိရိအံ ကူညီပေးပြီး ဘုရားရဲ့ နာမည် ယေဟောဝါကို မောရှေ စခေါ်တဲ့အခါ မိရိအံ သိပ်ပျော်ခဲ့မှာပဲ။ ကလေးကြီးလာလို့ ဖာရောရဲ့ သမီးတော်ဆီ ခေါ်သွားရမယ့်အချိန် ရောက်လာပြီ။ (ထွက်မြောက်ရာ ၂:၁၀) အခုလို ခွဲခွာရမယ့်အချိန်မှာ မိသားစုတစ်ခုလုံး ဝမ်းနည်းကြေကွဲနေမှာပဲ။ ဖာရောရဲ့ သမီးတော်က မောရှေလို့ နာမည်ပေးလိုက်တဲ့ သူ့မောင်လေး ကြီးပြင်းလာတဲ့အခါ ဘယ်လိုလူစားမျိုး ဖြစ်လာမယ်ဆိုတာ မိရိအံ မြင်တွေ့ချင်မှာပဲ။ အီဂျစ်နန်းတော်မှာ မောရှေ ကြီးပြင်းလာတဲ့အခါ ယေဟောဝါကို ဆက်ချစ်နေဦးမလား။
အချိန်တန်တော့ အဖြေက ရှင်းလာပါတယ်။ ဖာရောရဲ့ နန်းတော်မှာ ရနိုင်တဲ့ အခွင့်အရေးတွေနဲ့ အကျိုးအမြတ် ခံစားရဖို့ပဲ ကြိုးစားနေမယ့်အစား ယေဟောဝါကို ဝတ်ပြုဖို့ မောရှေ ရွေးချယ်ခဲ့လို့ မိရိအံ သိပ်ဂုဏ်ယူနေမှာ သေချာတယ်။ မောရှေ အသက် ၄၀ ရောက်တဲ့အခါ မိမိရဲ့ လူမျိုးဘက်မှာ ရပ်တည်ခဲ့တယ်။ ဟီဘရူးကျွန်ကို အနိုင်ကျင့်တဲ့ အီဂျစ်လူကို သတ်ပစ်လိုက်တယ်။ အဲဒါကြောင့် မောရှေဟာ အသက်ဘေးက လွတ်ဖို့ အီဂျစ်ပြည်ကနေ ထွက်ပြေးခဲ့ရတယ်။—ထွက်မြောက်ရာ ၂:၁၁-၁၅။ တမန်တော် ၇:၂၃-၂၉။ ဟီဘရူး ၁၁:၂၄-၂၆။
မိဒျန်ပြည်မှာ မောရှေ သိုးကျောင်းနေတဲ့ အနှစ် ၄၀ အတွင်းမှာ မိရိအံဟာ သူ့မောင်လေးအကြောင်း ဘာသတင်းမှ မကြားရဘူး။ (ထွက်မြောက်ရာ ၃:၁။ တမန်တော် ၇:၂၉၊ ၃၀) မိရိအံဟာ အသက်ကြီးတဲ့အထိ စိတ်ရှည်ရှည် သည်းခံခဲ့တယ်။ သူ့လူမျိုးတွေ ဒုက္ခရောက်ပြီးရင်း ရောက်နေတာကို မြင်တွေ့ခဲ့ရတယ်။
ပရောဖက်မ မိရိအံ
မိမိရဲ့ လူမျိုးကို ကယ်တင်ဖို့ မောရှေကို ဘုရား စေလွှတ်ချိန်မှာ မိရိအံ အသက် ၈၀ ကျော်နေလောက်ပြီ။ အာရုန်က မောရှေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာတယ်။ မိရိအံရဲ့ မောင်နှစ်ယောက်ဟာ ဖာရောဆီ သွားပြီး ဘုရားသခင်ရဲ့ လူမျိုးကို လွှတ်ပေးဖို့ ပြောတယ်။ သူတို့ ပြောတာကို ဖာရော နားမထောင်တဲ့အခါ၊ အီဂျစ်လူမျိုးအပေါ် ယေဟောဝါ ကပ်ဘေးဆယ်ခု ကျရောက်စေတဲ့အချိန်မှာ ဖာရောဆီ ခဏခဏ ပြန်သွားရတဲ့အခါ မောရှေနဲ့ အာရုန်ကို မိရိအံ အားပေးထောက်မခဲ့မှာ သေချာတယ်။ အီဂျစ်သားဦးတွေကို သတ်ပစ်လိုက်တဲ့ နောက်ဆုံးကပ်ဘေး အပြီးမှာတော့ ဘုရားရဲ့ လူမျိုး အီဂျစ်ပြည်ကနေ ထွက်ရမယ့်အချိန် ရောက်လာပါပြီ။ မိမိရဲ့ လူမျိုးကို မောရှေ ဦးဆောင်ပြီး အီဂျစ်ပြည်ကနေ ထွက်ဖို့ ပြင်ဆင်ချိန်မှာ မိရိအံ အားတက်သရော ကူညီပေးနေတာကို မြင်ယောင်ကြည့်နိုင်တယ်။—ထွက်မြောက်ရာ ၄:၁၄-၁၆၊ ၂၇-၃၁။ ၇:၁-၁၂:၅၁။
နောက်တော့ အစ္စရေးလူမျိုးဟာ ပင်လယ်နီနဲ့ အီဂျစ်စစ်တပ်ကြား ပိတ်မိသွားတယ်။ အဲဒီအချိန်မှာ သူ့ရဲ့မောင် မောရှေ ပင်လယ်ရှေ့မှာ ရပ်ပြီး တောင်ဝှေး မြှောက်လိုက်တာကို မိရိအံ မြင်လိုက်ရတယ်။ အဲဒီနောက် ပင်လယ်ရေ နှစ်ခြမ်းကွဲသွားတယ်။ မောရှေ ဦးဆောင်ပြီး ခန်းခြောက်နေတဲ့ ပင်လယ်ကြမ်းပြင်ကို ဖြတ်နေချိန်မှာ ယေဟောဝါအပေါ် ထားရှိတဲ့ မိရိအံရဲ့ ယုံကြည်ခြင်း ပိုပိုပြီး ခိုင်ခံ့လာမှာ ဖြစ်တယ်။ ကတိတွေ ပြည့်စုံဖို့ ဘာမဆို တတ်နိုင်တဲ့ ဘုရားကို မိရိအံ ကိုးကွယ်ခဲ့တယ်။—ထွက်မြောက်ရာ ၁၄:၁-၃၁။
အစ္စရေးလူတွေ ဖြတ်ပြီးနောက် ဖာရောနဲ့ သူ့ရဲ့ စစ်တပ်ကို ယေဟောဝါ ပင်လယ်နီမှာ နှစ်မြှုပ်ဖျက်ဆီးလိုက်တဲ့အခါ ယေဟောဝါဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး စစ်တပ်ထက် ပိုအင်အားကြီးတယ်ဆိုတာ မိရိအံ မြင်လိုက်ရတယ်။ ယေဟောဝါအတွက် သီချင်းဆိုဖို့ လူတွေ လှုံ့ဆော်ခံရတယ်။ ဒါနဲ့ မိရိအံဟာ အမျိုးသမီးတွေကို ဦးဆောင်ပြီး အခုလို သီချင်းဆိုခဲ့တယ်– “ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြ။ ကိုယ်တော် အကြီးအကျယ် အောင်ပွဲခံပြီ။ မြင်းနဲ့ မြင်းစီးသူရဲကို ပင်လယ်ထဲ ချပစ်ပြီ။”—ထွက်မြောက်ရာ ၁၅:၂၀၊ ၂၁။ ဆာလံ ၁၃၆:၁၅။
အဲဒါက မိရိအံရဲ့ ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်တစ်ခုပါပဲ။ ဒီအချိန်မှာ ကျမ်းရေးသူက မိရိအံကို ပရောဖက်မလို့ ခေါ်ခဲ့တယ်။ ပရောဖက်မလို့ အခေါ်ခံရတာ မိရိအံ ပထမဆုံးပဲ။ ယေဟောဝါကို ဒီအထူးနည်းလမ်းနဲ့ အမှုဆောင်ခဲ့တဲ့ အမျိုးသမီးအနည်းစုထဲမှာ မိရိအံလည်း တစ်ယောက် အပါအဝင် ဖြစ်ခဲ့တယ်။—တရားသူကြီး ၄:၄။ ၂ ဘုရင်များ ၂၂:၁၄။ ဟေရှာယ ၈:၃။ လုကာ ၂:၃၆။
ယေဟောဝါဟာ ကျွန်တော်တို့ကို ကြည့်နေတယ်၊ ကျွန်တော်တို့ နှိမ့်ချမှုရှိရှိ ကြိုးစားအားထုတ်နေတာ၊ စိတ်ရှည်တာ၊ ဘုရားကို ချီးမွမ်းချင်တဲ့ ဆန္ဒရှိတာကို ဂုဏ်တင်ချင်တယ်ဆိုတာ ကျမ်းစာက ပြန်သတိရစေတယ်။ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ယေဟောဝါကို ယုံကြည်ကြောင်း တင်ပြနိုင်တယ်။ အဲဒီလို ယုံကြည်ခြင်းမျိုးကို ဘုရားနှစ်သက်တယ်။ အဲဒါကို ဘုရား ဘယ်တော့မှ မမေ့ဘူး။ အဲဒီအတွက် ဆုချချင်တယ်။ (ဟီဘရူး ၆:၁၀။ ၁၁:၆) မိရိအံရဲ့ ယုံကြည်ခြင်းကို တုပသင့်တဲ့ အကြောင်းရင်းကောင်းပါပဲ။
မာနကြီးလာတဲ့ မိရိအံ
အခွင့်ထူးတွေနဲ့ ထင်ပေါ်ကျော်ကြားမှုက ကောင်းချီး ဖြစ်သလို အန္တရာယ်လည်း ဖြစ်တယ်။ အစ္စရေးတွေ ကျွန်ဘဝက လွတ်မြောက်သွားတဲ့အခါ မိရိအံဟာ အမျိုးသမီးတွေထဲမှာ အထင်ပေါ်ဆုံး ဖြစ်ပုံရတယ်။ သူ မာနကြီး၊ ရည်မှန်းချက်ကြီးလာသလား။ (ပညာအလိမ္မာ ၁၆:၁၈) အဲဒီအတိုင်း ဖြစ်သွားတာ ဝမ်းနည်းစရာပဲ။
အီဂျစ်ပြည်က ထွက်လာပြီး လအနည်းငယ်အကြာမှာ မောရှေရဲ့ ယောက္ခမ ယေသရော၊ မောရှေရဲ့ ဇနီး ဇိပေါရ၊ သားနှစ်ယောက်တို့ မောရှေဆီ ရောက်လာတယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀၊ မိဒျန်ပြည်မှာ မောရှေ ခဏနေတုန်းက လက်ထပ်ထားတာ။ ဇိပေါရဟာ မိဒျန်ပြည်မှာ ရှိတဲ့ မိသားစုဆီ အစောပိုင်းအချိန်ကတည်းက ပြန်ရောက်နေတာ။ အလည်အပတ်သဘောနဲ့ ရောက်နေတာ ဖြစ်နိုင်တယ်။ အခုတော့ သူ့အဖေ ယေသရောက အစ္စရေးတွေ စခန်းချတဲ့ နေရာဆီ သူ့ကို ခေါ်သွားတယ်။ (ထွက်မြောက်ရာ ၁၈:၁-၅) သူတို့တွေ ရောက်လာတဲ့အခါ ဟီဘရူးတွေ စိတ်ဝင်တစား ကြည့်နေကြမှာပဲ။ အီဂျစ်ပြည်ကနေ သူတို့ကို ဦးဆောင်ခေါ်ထုတ်လာဖို့ ဘုရား ရွေးချယ်ခဲ့သူရဲ့ ဇနီးကို တွေ့ချင်ကြမှာပဲ။
ဇိပေါရ ရောက်လာလို့ မိရိအံ ဝမ်းသာသလား။ အစပိုင်းမှာတော့ ဝမ်းသာပါလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မိရိအံ စိတ်ကြီးဝင်လာပုံရတယ်။ လူမျိုးတွေထဲမှာ အထင်ပေါ်ဆုံး ဖြစ်တဲ့ သူ့နေရာကို ဇိပေါရ ရသွားမှာ စိုးရိမ်ခဲ့ပုံရတယ်။ မိရိအံနဲ့ အာရုန်ဟာ အပျက်သဘောထား စကားတွေကို ပြောဆိုခဲ့ကြတယ်။ အဲဒီလို ပြောရင်း ပြောရင်း နောက်ဆုံး နာကြည်းစရာတွေ ဖြစ်သွားတယ်။ အစပိုင်းမှာတော့ ဇိပေါရကို အစ္စရေးလူမျိုး မဟုတ်လို့၊ ကုရှလူမျိုး ဖြစ်လို့ ဆိုပြီး အပြစ်တင်ခဲ့တယ်။ * နောက်တော့ မောရှေကိုပါ အပြစ်ပြောလာတယ်။ မိရိအံနဲ့ အာရုန်ဟာ “ယေဟောဝါဘုရားက မောရှေကတစ်ဆင့်ပဲ မိန့်မှာသလား။ ငါတို့ကတစ်ဆင့်လည်း မိန့်မှာတာပဲ မဟုတ်လား” လို့ ပြောလာတယ်။—တောလည်ရာ ၁၂:၁၊ ၂။
အနာကြီးရောဂါသည် မိရိအံ
မကောင်းတဲ့စိတ်သဘောထားက မိရိအံနဲ့ အာရုန်ကို ဒုက္ခပေးတယ်ဆိုတာ အဲဒီစကားတွေအရ သိရတယ်။ မောရှေကို ယေဟောဝါ အသုံးပြုနေပုံနဲ့ ပတ်သက်ပြီး သူတို့ မကျေမနပ် ဖြစ်လာတယ်။ သူတို့က အခွင့်အာဏာ၊ အရှိန်အဝါ ပိုလိုချင်လာတယ်။ မောရှေ မာနကြီးလာပြီး အခွင့်အာဏာကို အလွဲသုံးစားလုပ်လို့လား။ မောရှေမှာ အားနည်းချက်တွေ ရှိပေမဲ့ အဲဒီလို မလုပ်ခဲ့ပါဘူး။ “မောရှေဟာ ကမ္ဘာပေါ်က လူအားလုံးထဲမှာ စိတ်ထားအနူးညံ့ဆုံးပဲ” လို့ ကျမ်းစာမှာ ရေးထားတယ်။ မိရိအံနဲ့ အာရုန်ဟာ စကားပြောမှားပြီး အန္တရာယ် ကြုံခဲ့ရတယ်။ သူတို့ ပြောတာကို “ယေဟောဝါ နားထောင်နေတယ်” လို့ ကျမ်းစာက ပြောတယ်။—တောလည်ရာ ၁၂:၂၊ ၃။
ချက်ချင်းပဲ အဲဒီမောင်နှမ သုံးယောက်ကို တွေ့ဆုံရာတဲတော်ကို သွားဖို့ ယေဟောဝါ အမိန့်ပေးလိုက်တယ်။ ယေဟောဝါဟာ အဲဒီမှာ ရှိနေတဲ့ မိုးတိမ်တိုင်ထဲ ဆင်းလာပြီး တဲတော်ဝင်ပေါက်မှာ ရပ်လိုက်တယ်။ ပြီးတော့ စကားပြောတယ်။ ဘုရားသခင်က မိမိနဲ့ မောရှေရဲ့ ထူးခြားတဲ့ ဆက်ဆံရေးအကြောင်း ပြန်သတိပေးတယ်။ မောရှေကို ယုံကြည်စိတ်ချလို့ အဲဒီနေရာအတွက် ရွေးထားတဲ့အကြောင်း ပြောပြီး မိရိအံနဲ့ အာရုန်ကို ပြစ်တင်ဆုံးမတယ်။ ပြီးတဲ့နောက် “မင်းတို့က ငါ့ကျွန်မောရှေကို ပြစ်တင်ဝေဖန်ရဲသေးလား” လို့ ပြောတယ်။ မိရိအံနဲ့ အာရုန် ထိတ်လန့်နေမှာပဲ။ မောရှေကို မလေးစားတာဟာ မိမိကို မလေးစားတာပဲလို့ ယေဟောဝါ ရှုမြင်တယ်။—တောလည်ရာ ၁၂:၄-၈။
မိရိအံဟာ သူ့ရဲ့ မောင်ကို ဦးဆောင်ပြီး ယောင်းမ ဖြစ်သူကို မလေးမစား လုပ်ရာမှာ ဦးဆောင်ခဲ့တယ်။ အဲဒါက ဘာကြောင့် မိရိအံကိုပဲ ဒဏ်ခတ်တယ်ဆိုတာ နားလည်စေတယ်။ ယေဟောဝါက မိရိအံကို အနာကြီးရောဂါ စွဲစေခဲ့တယ်။ ကြောက်စရာကောင်းတဲ့ အဲဒီရောဂါကြောင့် မိရိအံရဲ့ အသားအရေ “နှင်းလို ဖြူသွား” တယ်။ အာရုန်လည်း ချက်ချင်းပဲ မောရှေရှေ့မှာ နှိမ့်ချပြီး ခွင့်လွှတ်ဖို့ ယေဟောဝါကို တောင်းပန်ပေးပါလို့ အသနားခံခဲ့တယ်။ “ကျွန်တော်တို့ရဲ့ လုပ်ရပ်ဟာ သိပ်ကို မိုက်မဲပါတယ်” လို့ ပြောခဲ့တယ်။ စိတ်ထားနူးညံ့တဲ့ မောရှေက “အို၊ ဘုရားသခင်၊ သူ့ရောဂါ ပျောက်အောင် လုပ်ပေးပါ။ တောင်းပန်ပါတယ်” ဆိုပြီး ယေဟောဝါကို သနားခံတယ်။ (တောလည်ရာ ၁၂:၉-၁၃) ညီအစ်ကိုနှစ်ယောက်ရဲ့ ခံစားချက် ပြင်းပြတဲ့ တုံ့ပြန်ပုံက အစ်မမှာ အားနည်းချက် ရှိပေမဲ့ အစ်မကို ဘယ်လောက် ချစ်တယ်ဆိုတာ ဖော်ပြတယ်။
ပြန်ကောင်းလာတဲ့ မိရိအံ
ယေဟောဝါဟာ ကရုဏာရှိရှိ တုံ့ပြန်ခဲ့တယ်။ နောင်တရတဲ့ မိရိအံကို ကုသပေးခဲ့တယ်။ ဒါပေမဲ့ အစ္စရေးတွေရဲ့ တပ်ပြင်မှာ ခုနစ်ရက် နေခိုင်းလိုက်တယ်။ အဲဒီလိုနေတာက မိရိအံ ဆုံးမခံရမှန်း တပ်ထဲက လူတွေအားလုံး သိသွားနိုင်လို့ အဲဒီတောင်းဆိုချက်ကို လိုက်နာတာက သူ့အတွက် အရှက်ကွဲစရာပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ယုံကြည်ခြင်းက သူ့ကို ကယ်တင်ခဲ့တယ်။ ဖခင်ယေဟောဝါဟာ တရားမျှတတယ်၊ သူ့ကို ချစ်လို့ ဆုံးမတာ ဖြစ်တယ်ဆိုတာ မိရိအံရဲ့ စိတ်ထဲမှာ သိနေတာ သေချာတယ်။ ဒါကြောင့် ဘုရား ပြောတဲ့အတိုင်း သူ နေခဲ့တယ်။ မိရိအံ တစ်ယောက်တည်း နေရတဲ့ ခုနစ်ရက် ပြည့်တဲ့အထိ စခန်းထဲက လူတွေ စောင့်နေကြတယ်။ ပြီးတဲ့နောက်မှာ မိရိအံဟာ ယုံကြည်ခြင်း တင်ပြပြီး နှိမ့်ချစိတ်နဲ့ ‘စခန်းထဲ ပြန်ဝင်’ ခဲ့တယ်။—တောလည်ရာ ၁၂:၁၄၊ ၁၅။
ယေဟောဝါဟာ ချစ်တဲ့သူတွေကို ဆုံးမတယ်။ (ဟီဘရူး ၁၂:၅၊ ၆) ဘုရားက မိရိအံကို ချစ်လို့ သူ့ရဲ့ မာနစိတ်ကို ပြုပြင်ပေးခဲ့တယ်။ ဆုံးမခံရတာက နာကျင်စရာ ဖြစ်ပေမဲ့ မိရိအံကို ကယ်တင်ခဲ့တယ်။ မိရိအံဟာ ဆုံးမမှုကို နှိမ့်ချစွာ လက်ခံခဲ့လို့ ဘုရားရဲ့ မျက်နှာသာ ပြန်ရခဲ့တယ်။ အစ္စရေးတွေ တောကန္တာရမှာ လှည့်လည်လို့ ပြီးခါနီးအထိ မိရိအံ အသက်ရှင်ခဲ့တယ်။ မိရိအံဟာ အသက် ၁၃၀ လောက်မှာ ဇိနတောကန္တာရ၊ ကာဒေရှအရပ်မှာ သေဆုံးသွားတယ်။ * (တောလည်ရာ ၂၀:၁) ရာစုနှစ်တွေ ကုန်လွန်ပြီးနောက်မှာ ယေဟောဝါဟာ မိရိအံရဲ့ သစ္စာရှိလုပ်ရပ်ကို အမြတ်တနိုး ဂုဏ်တင်ခဲ့တယ်။ ပရောဖက် မိက္ခာကတစ်ဆင့် မိမိရဲ့ လူမျိုးကို ဒီလို ပြောခဲ့တယ်– “မင်းတို့ကို အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်ခဲ့တယ်။ ကျွန်ခံရာပြည်ကနေ ရွေးယူခဲ့တယ်။ မောရှေ၊ အာရုန်၊ မိရိအံကို မင်းတို့ရှေ့ကနေ စေလွှတ်ခဲ့တယ်။”—မိက္ခာ ၆:၄။
မိရိအံရဲ့ ဘဝဇာတ်ကြောင်းကနေ ကျွန်တော်တို့ အများကြီး သင်ယူနိုင်တယ်။ မိရိအံ ကလေးဘဝက လုပ်ခဲ့သလိုပဲ ကျွန်တော်တို့လည်း မှန်ရာကို သတ္တိရှိရှိ ပြောဆိုပြီး အကာအကွယ် မဲ့နေသူတွေကို ကာကွယ်ပေးရမယ်။ (ယာကုပ် ၁:၂၇) သူ့လိုပဲ လူတွေကို ဘုရားသခင်အကြောင်း ပျော်ရွှင်စွာ ပြောပြရမယ်။ (ရောမ ၁၀:၁၅) သူ့လိုပဲ မနာလိုစိတ်၊ နာကြည်းစိတ်ကို ရှောင်ဖို့ သင်ယူရမယ်။ (ပညာအလိမ္မာ ၁၄:၃၀) သူ့လိုပဲ ယေဟောဝါရဲ့ ဆုံးမမှုကို နှိမ့်ချမှုရှိရှိ လက်ခံရမယ်။ (ဟီဘရူး ၁၂:၅) အဲဒါတွေကို လုပ်နေတယ်ဆိုရင် ကျွန်တော်တို့ဟာ မိရိအံရဲ့ ယုံကြည်ခြင်းကို တုပရာ ရောက်ပါလိမ့်မယ်။
^ အပိုဒ်၊ 21 ဇိပေါရကိစ္စမှာတော့ “ကုရှ” ဆိုတာ အီသီယိုးပီးယားက မဟုတ်ဘဲ တခြားမိဒျန်လူမျိုးတွေလို အာရေဗျ အမျိုးသမီးကို ဆိုလိုပုံရတယ်။
^ အပိုဒ်၊ 26 မောင်နှမသုံးယောက်ဟာ အစဉ်လိုက် သေဆုံးသွားကြတယ်။ တစ်နှစ်အတွင်းမှာပဲ အရင်ဆုံး မိရိအံ၊ ပြီးတဲ့နောက် အာရုန်၊ နောက်ဆုံးမှာ မောရှေ သေဆုံးသွားတယ်။