သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ | ယောဘ
“ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး”
နာကျင်စေတဲ့ အနာစိမ်းတွေ ခြေဆုံးခေါင်းဆုံး ပေါက်နေသူတစ်ယောက် တစ်ကိုယ်တည်း ထိုင်နေတာ မြင်ယောင်ကြည့်ပါ။ ခေါင်းငိုက်စိုက်နဲ့ အရုပ်ကြိုးပြတ် ထိုင်နေလိုက်တာ အနားမှာ တဝီဝီ ပျံဝဲနေတဲ့ ယင်ကောင်တွေကိုတောင် မမောင်းထုတ်နိုင်ဘူး။ ဝမ်းနည်းတဲ့အနေနဲ့ ပြာပုံပေါ် ထိုင်ပြီး အနာတွေကို အိုးခြမ်းပဲ့နဲ့ ကုတ်ခြစ်နေရရှာတယ်။ တစ်ချိန်က ရိုသေလေးစားခံရတဲ့ သူ့ကို အခုတော့ ဘယ်သူမှ အဖက်မလုပ်ကြဘူး။ ဆွေမျိုး၊ မိတ်ဆွေ၊ အိမ်နီးချင်းတွေက ပစ်ပယ်ထားကြတယ်။ ကလေးတွေကအစ သူ့ကို လှောင်ပြောင်ကြတယ်။ ယေဟောဝါဘုရားကပါ ကျောခိုင်းသွားပြီလို့ သူ အထင်မှားခဲ့တယ်။—ယောဘ ၂:၈။ ၁၉:၁၈၊ ၂၂။
သူကတော့ ယောဘပါ။ “ကမ္ဘာပေါ်မှာ သူ့လိုလူ တစ်ယောက်မှ မရှိဘူး” လို့ ဘုရားသခင် မိန့်ဆိုခဲ့တယ်။ (ယောဘ ၁:၈) ရာစုနှစ်တွေ ကုန်လွန်ပြီးနောက်မှာတောင် ယောဘကို ဖြောင့်မတ်သူအဖြစ် ယေဟောဝါ သတ်မှတ်ဆဲပဲ။—ယေဇကျေလ ၁၄:၁၄၊ ၂၀။
သင်ကော ဒုက္ခ အခက်အခဲတွေ ကြုံတွေ့နေရပါသလား။ ယောဘရဲ့ ဖြစ်ရပ်ကနေ နှစ်သိမ့်မှု အများကြီး ရနိုင်ပါတယ်။ ဘုရားရဲ့ သစ္စာရှိကျေးကျွန် မှန်သမျှ ရှိရမယ့် အရည်အသွေး သမာဓိစောင့်သိခြင်းအကြောင်းကိုလည်း ပိုနားလည်စေတယ်။ ဘာအခက်အခဲပဲ ကြုံရပါစေ ဘုရားအပေါ် အကြွင်းမဲ့ သစ္စာစောင့်သိပြီး အလိုတော်အတိုင်း ဆက်လုပ်ဆောင်တဲ့အခါ သမာဓိစောင့်သိနေတာ ဖြစ်တယ်။ ယောဘဆီက သင်ယူစရာတွေ ရှိပါသေးတယ်။
ယောဘ မသိတဲ့ အချက်
ယောဘ သေဆုံးပြီး နှစ်အတော်ကြာမှ မောရှေက ယောဘရဲ့ ဘဝအတ္ထုပ္ပတ္တိကို ရေးသားခဲ့ပုံရတယ်။ စွမ်းအားတော် လမ်းညွှန်မှုကြောင့် မောရှေဟာ ကမ္ဘာမြေမှာ ယောဘ ကြုံနေရတာကိုကော ကောင်းကင်မှာ ဖြစ်ပျက်နေတာတွေကိုပါ ဖော်ပြနိုင်ခဲ့တယ်။
မှတ်တမ်းအစပိုင်းကို ဖတ်တဲ့အခါ ယောဘဟာ ကျေနပ်စရာ၊ နေပျော်တဲ့ ဘဝကို ပိုင်ဆိုင်ထားမှန်း သိရတယ်။ အာရေဗျမြောက်ပိုင်း ဖြစ်ပုံရတဲ့ ဥဇပြည်က လူချမ်းသာ၊ မြို့မျက်နှာဖုံး၊ ရိုသေလေးစား ခံရသူ ဖြစ်တယ်။ မရှိဆင်းရဲသားတွေအပေါ် ရက်ရောတတ်သူ၊ ကူကယ်ရာမဲ့တွေဘက်က ရပ်တည်ကာကွယ်တတ်သူလည်း ဖြစ်တယ်။ ယောဘတို့ ဇနီးမောင်နှံမှာ သားသမီး ဆယ်ယောက် ရှိတယ်။ အရေးပါဆုံးကတော့ ယောဘဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းသူ ဖြစ်တယ်။ ဆွေမျိုး နည်းနည်းဝေးတဲ့ အာဗြဟံ၊ အိဇက်၊ ယာကုပ်၊ ယောသပ်တို့လိုပဲ ယေဟောဝါ မျက်နှာသာ ရဖို့ အစွမ်းကုန် ကြိုးစားသူလည်း ဖြစ်တယ်။ အဲဒီဘိုးဘေးတွေလိုပဲ ယောဘဟာ မိသားစုအတွက် ပုရောဟိတ်တာဝန် ယူပြီး သားသမီးတွေအတွက် ပူဇော်သက္ကာ ဆက်သလေ့ရှိတယ်။—ယောဘ ၁:၁-၅။ ၃၁:၁၆-၂၂။
ဒါပေမဲ့ ရုတ်တရက် ဇာတ်ကွက် ပြောင်းသွားတယ်။ ကောင်းကင်မှာ ဖြစ်ပျက်နေတာတွေကို ဖတ်ရတယ်။ ဒါတွေကို ယောဘ မသိနိုင်ခဲ့ဘူး။ ယေဟောဝါရဲ့ သစ္စာရှိ ကောင်းကင်တမန်တွေ အခစားဝင်တဲ့အခါ ပုန်ကန်တဲ့ကောင်းကင်တမန် စာတန်လည်း ဘုရားရှေ့ ဝင်လာတယ်။ ဖြောင့်မတ်သူ ယောဘကို စာတန် အထင်သေးမှန်း ယေဟောဝါ သိထားတယ်။ ဒါကြောင့် ယောဘ ဘယ်လောက် သမာဓိရှိကြောင်း ပြောတယ်။ အဲဒီအခါ “ယောဘက ဘာအကျိုးမှ မရဘဲ ဘုရားသခင်ကို ကြောက်ပါ့မလား။ ခင်ဗျားက သူ့ကိုရော သူ့အိမ်နဲ့ ပိုင်ဆိုင်သမျှကိုပါ ကာကွယ်ပေးထားတာကိုး” လို့ စာတန် ပြန်ပြောတယ်။ သမာဓိစောင့်သိသူတွေကို စာတန် မုန်းတယ်။ ယေဟောဝါဘုရားအပေါ် သူတို့ အကြွင်းမဲ့ သစ္စာစောင့်သိတဲ့အခါ စာတန် ဘယ်လောက် မေတ္တာခေါင်းပါးတယ်ဆိုတာ ပေါ်လွင်စေကြတယ်။ ဒါကြောင့် စာတန်က ယောဘဟာ အကျိုးလိုလို့ ဘုရားကို ဝတ်ပြုနေတာ၊ ပိုင်ဆိုင်သမျှ ဆုံးရှုံးသွားရင် ယေဟောဝါကို ရှေ့မှာတင် ကျိန်ဆဲလိမ့်မယ်လို့ စွပ်စွဲတယ်။—ယောဘ ၁:၆-၁၁။
စာတန်ရဲ့ စွပ်စွဲချက် မှားကြောင်း သက်သေထူဖို့ အခွင့်အရေးကြီး ယေဟောဝါ ပေးအပ်ထားမှန်း ယောဘ မသိခဲ့ဘူး။ ယောဘ ပိုင်ဆိုင်သမျှကို စာတန် လုယက်ပိုင်ခွင့် ရသွားတယ်။ လူကိုတော့ ထိခွင့် မရှိဘူး။ စာတန်လည်း ရက်စက်တဲ့နည်းတွေ စသုံးတော့တယ်။ တစ်ရက်တည်းမှာပဲ စိတ်ဆင်းရဲစရာ အဖြစ်ဆိုးတွေ တစ်ခုပြီး တစ်ခု ယောဘ ကြုံလိုက်ရတယ်။ ပထမဆုံး နွားတွေ၊ မြည်းတွေ၊ အဲဒီနောက် သိုးတွေ၊ ကုလားအုတ်တွေစတဲ့ ခြံမွေးတိရစ္ဆာန်တွေကို ရုတ်တရက် ဆုံးရှုံးသွားတယ်။ တိရစ္ဆာန် ထိန်းကျောင်းတဲ့ ကျွန်တွေ အသတ်ခံရတာ ပိုဆိုးတယ်။ ကျွန်တစ်ယောက်က “ဘုရားသခင်ရဲ့ မီး” (ဖြစ်နိုင်တာက မိုးကြိုး) ထိမှန်လို့ သိုးတွေ၊ ကျွန်တွေ လောင်ကျွမ်းသွားတယ်ဆိုပြီး သတင်းပို့တယ်။ သူ့လူတွေ အသက်ကော ပစ္စည်းဥစ္စာတွေပါ ဆုံးရှုံးသွားတဲ့အဖြစ်ကို နားမလည်နိုင် ဖြစ်နေတုန်းမှာပဲ အဆိုးဆုံး သတင်းကို ကြားရပြန်တယ်။ သားကြီးအိမ်မှာ သားသမီးဆယ်ယောက် စုဆုံနေတုန်း ရုတ်တရက် တိုက်ခတ်လာတဲ့ လေပြင်းကြောင့် အိမ်ပြိုကျလို့ အားလုံး သေကုန်ပြီတဲ့။—ယောဘ ၁:၁၂-၁၉။
ယောဘ ဘယ်လို ခံစားရမယ်ဆိုတာ မှန်းဆကြည့်ဖို့ မဖြစ်နိုင်ဘူး။ ယောဘက အဝတ်ကို ဆွဲဆုတ်၊ ဆံပင်ကို ရိတ်ပြီး မြေပေါ်မှာ ပျပ်ဝပ်နေတယ်။ ဘုရား ပေးသနားပြီး ဘုရားကပဲ ပြန်ရုပ်သိမ်းတယ်လို့ ကောက်ချက်ချတယ်။ အဲဒီဘေးဆိုးတွေ ဘုရားဆီက လာတာလို့ အထင်ရောက်အောင် စာတန် အကွက်ဆင်ခဲ့တယ်။ ဒါပေမဲ့ စာတန် တွက်ဆထားသလို ယောဘ ဘုရားကို မကျိန်ဆဲခဲ့ဘူး။ “ယေဟောဝါရဲ့ နာမည်ကို အမြဲ ချီးမွမ်းကြပါစေ” လို့ပဲ ပြောတယ်။—ယောဘ ၁:၂၀-၂၂။
“ကျိန်းသေ ကျိန်ဆဲလိမ့်မယ်”
စာတန် ဒေါသထွက်ပေမဲ့ လက်မလျှော့သေးဘူး။ ကောင်းကင်တမန်တွေ ယေဟောဝါရှေ့ အခစားဝင်ရတဲ့နေ့ ရောက်တော့ စာတန်လည်း ဝင်လာပြန်တယ်။ စာတန်ရဲ့ တိုက်ခိုက်မှုတွေ ကြုံနေရပေမဲ့ ယောဘ သမာဓိ ခိုင်မြဲနေဆဲ ဖြစ်လို့ ယေဟောဝါက ချီးမွမ်းတယ်။ ဒါပေမဲ့ စာတန်က “အသက်အတွက် အသက်ဆိုသလိုပေါ့။ လူဟာ အသက်ဆက်ရှင်ဖို့ ကိုယ်ပိုင်ဆိုင်သမျှကို ပေးမှာပဲ။ အခု လက်ကို ဆန့်ပြီး သူ့အရိုးနဲ့ အသားကို ထိခိုက်ကြည့်ပါလား။ ခင်ဗျားကို ရှေ့မှာတင် ကျိန်းသေ ကျိန်ဆဲလိမ့်မယ်” လို့ပြောတယ်။ ယောဘသာ နာလန်မထူနိုင်အောင် ကျန်းမာရေး ချို့တဲ့သွားရင် ဘုရားကို ကျိန်ဆဲမှာပဲလို့ စာတန် ကျိန်းသေ တွက်ထားတယ်။ ယေဟောဝါကတော့ ယောဘကို လုံးဝ ယုံကြည်စိတ်ချတဲ့အတွက် ကျန်းမာရေး ချို့တဲ့သွားအောင် စာတန် လုပ်တာကို ခွင့်ပြုခဲ့တယ်။ သူ့အသက်ကိုတော့ ထိခွင့် မပေးဘူး။—ယောဘ ၂:၁-၆။
မကြာခင်မှာပဲ ပထမအပိုဒ်မှာ ဖော်ပြထားတဲ့အတိုင်း ယောဘ ကြုံတွေ့ရတော့တယ်။ ယောဘရဲ့ ဇနီးခမျာ သားသမီး ဆယ်ယောက် ဆုံးပါးသွားလို့ ပူဆွေးသောက ရောက်တုန်း ရှိသေးတယ်။ အခုတစ်ခါ ခင်ပွန်းသည် ဝေဒနာ ဆိုးဆိုးရွားရွား ခံစားနေရတာကို ဒီအတိုင်း ကြည့်နေရတယ်။ ရင်ထဲမှာ မချိလွန်းလို့ “ရှင် သမာဓိ ခိုင်မြဲနေတုန်းပဲလား။ ဘုရားသခင်ကို ကျိန်ဆဲပြီး သေလိုက်ပါတော့” ဆိုပြီး ပြောတယ်။ ယောဘ သိခဲ့ ချစ်ခဲ့တဲ့ ဇနီး ပြောထွက်တာမှ ဟုတ်ရဲ့လား။ သတိလက်လွတ် ဖြစ်သွားလို့ ပြောမိတာ နေမှာပါဆိုပြီး ယောဘ တွေးတယ်။ ဘုရားသခင်ကို သူ မကျိန်ဆဲဘူး။ နှုတ်နဲ့တောင် မပြစ်မှားဘူး။—ယောဘ ၂:၇-၁၀။
ဝမ်းနည်းစရာ ဒီဖြစ်ရပ်မှန်က သင့်ကို အကျိုးသက်ရောက်နေမှန်း သိပါသလား။ စာတန်ရဲ့ စွပ်စွဲချက်က ယောဘတစ်ယောက်တည်းကို မဟုတ်ဘဲ လူသားအားလုံးကို ရည်ရွယ်နေတယ်ဆိုတာ သတိပြုပါ။ “လူဟာ အသက်ဆက်ရှင်ဖို့ ကိုယ်ပိုင်ဆိုင်သမျှကို ပေးမှာပဲ” လို့ စာတန် ပြောတယ်။ တစ်နည်းပြောရရင် ယေဟောဝါအပေါ် အကြွင်းမဲ့ သစ္စာစောင့်မယ့်သူ မရှိဘူးလို့ စာတန် ယူဆတယ်။ သင်ဟာ ဘုရားသခင်ကို တကယ် မချစ်ဘူး၊ ကိုယ့်အသက် ဆက်ရှင်နိုင်ဖို့ ဘုရားကို စွန့်ခွာသွားမှာပါလို့ အခိုင်အမာ ပြောတယ်။ သူ့လိုပဲ သင်လည်း တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောနေတာ။ စာတန့်အဆို မှားကြောင်း သက်သေပြချင်သလား။ သက်သေပြနိုင်တဲ့ အခွင့်အရေး ကျွန်တော်တို့ယောက်တိုင်းမှာ ရှိတယ်။ (ပညာအလိမ္မာ ၂၇:၁၁) နောက်ပိုင်းမှာ ယောဘ ဘာတွေ ကြုံရသလဲဆိုတာ ကြည့်ရအောင်။
နှစ်သိမ့်ပေးဖို့ ပျက်ကွက်သူများ
ယောဘ ဒုက္ခရောက်နေတဲ့အကြောင်းကို အသိမိတ်ဆွေ သုံးယောက် ကြားတဲ့အခါ နှစ်သိမ့်ပေးဖို့ ရောက်လာကြတယ်။ ယောဘကို အဝေးကနေ လှမ်းမြင်ပေမဲ့ မမှတ်မိကြဘူး။ ဆိုးရွားပြင်းထန်တဲ့ ရောဂါကြောင့် အရေပြား ညိုမည်းနေလို့ ယောဘရုပ်ကို မနည်းဖမ်းကြည့်ရတယ်။ ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာဆိုတဲ့ မိတ်ဆွေသုံးယောက်က သိပ်ဝမ်းနည်းတဲ့ ပုံစံနဲ့ အကြီးအကျယ် ငိုကြတယ်။ မြေမှုန့်တွေကို ခေါင်းပေါ် ပစ်တင်ကြတယ်။ စကားတစ်ခွန်းမှ မပြောဘဲ ယောဘနဲ့အတူ မြေပေါ်မှာ ထိုင်ကြတယ်။ နေ့ရောညပါ ခုနစ်ရက်လုံး နှုတ်ဆိတ်ပြီး ထိုင်ကြတယ်။ နှစ်သိမ့်ပေးတဲ့အနေနဲ့ နှုတ်ဆိတ်နေကြတာလို့ မထင်လိုက်ပါနဲ့။ မျက်စိနဲ့ မြင်လို့သာ ယောဘ အကြီးအကျယ် ဝေဒနာ ခံစားနေမှန်း သိကြတာ၊ ယောဘရဲ့ အခြေအနေကို စိတ်ဝင်တစား တစ်ခွန်းမှ မေးဖော်မရဘူး။—ယောဘ ၂:၁၁-၁၃။ ၃၀:၃၀။
ဒီလိုနဲ့ ယောဘကပဲ စကား စပြောရတယ်။ နာကျင်ခံစားရလွန်းလို့ သူမွေးတဲ့နေ့ကို ကျိန်ဆဲတယ်။ ပြီးတော့ မချိမဆံ့ ဝေဒနာ ခံစားနေရတဲ့ အကြောင်းရင်းကို ပြောပြတယ်။ ဒုက္ခရောက်နေတာ ဘုရားကြောင့်လို့ ထင်နေတာကိုး။ (ယောဘ ၃:၁၊ ၂၊ ၂၃) ဘုရားသခင်ကို ယောဘ ယုံကြည်ဆဲ ဖြစ်ပေမဲ့ နှစ်သိမ့်မှု အလွန့်အလွန် လိုအပ်နေတယ်။ ဒါပေမဲ့ စကားလည်း ပြောကြရော မိတ်ဆွေတွေ တိတ်တိတ်နေတာကမှ ပိုကောင်းပါလားဆိုတာ ယောဘ သိလိုက်ရတယ်။—ယောဘ ၁၃:၅။
ယောဘထက် အသက်ပိုကြီးပုံရတဲ့ ဧလိဖတ်က စပြောတယ်။ ကျန်တဲ့ နှစ်ယောက်လည်း စကား ပြောလာတယ်။ ဧလိဖတ် ပြောသွားတာတွေကို ယောင်ဝါးဝါး လိုက်ပြောကြတာပါ။ ဘုရားက မြင့်မြတ်တယ်၊ လူဆိုးတွေကို ဒဏ်ခတ်ပြီး လူကောင်းတွေကို ဆုချတယ်စတဲ့ အမှန်တရားတွေ၊ လူတွေ ပြောနေကျ ဖန်တစ်ရာတေ စကားတွေကိုလည်း ပြောကြပါရဲ့။ ဒါပေမဲ့ စပြောကတည်းကိုက နာကျင်စရာတွေချည်းပဲ။ ဧလိဖတ်က ကောင်းမြတ်တဲ့အရှင် ဘုရားသခင်ဟာ မကောင်းသူတွေကို ပြစ်ဒဏ်ပေးတယ်၊ ယောဘ ဒဏ်ပေးခံနေရတယ်ဆိုတော့ မကောင်းမှုတစ်ခုခု လုပ်ခဲ့လို့ ဖြစ်ရမယ်လို့ ကျိုးကြောင်းဆင်ခြင်ပြတယ်။—ယောဘ ၄:၁၊ ၇၊ ၈။ ၅:၃-၆။
ဒါကို ယောဘ လက်မခံဘူး။ ပြတ်ပြတ်သားသား ငြင်းတယ်။ (ယောဘ ၆:၂၅) ဒါပေမဲ့ မိတ်ဆွေသုံးယောက်ကတော့ ယောဘ အပြစ်လုပ်ပြီး ဖုံးကွယ်ထားလို့ အခုလို ဒုက္ခကြုံနေရတာလို့ ယူဆတယ်။ ယောဘ ရောင့်တက်တယ်၊ ဘုရားကို မကြောက်တဲ့သူ၊ လူဆိုးလို့ ဧလိဖတ်က စွပ်စွဲတယ်။ (ယောဘ ၁၅:၄၊ ၇-၉၊ ၂၀-၂၄။ ၂၂:၆-၁၁) မကောင်းမှုတွေကို စွန့်ပစ်ပါ၊ မကောင်းမှုကို ခံတွင်းတွေ့မနေပါနဲ့တော့လို့ ဇောဖာ ပြောတယ်။ (ယောဘ ၁၁:၂၊ ၃၊ ၁၄။ ၂၀:၅၊ ၁၂၊ ၁၃) ဗိလဒဒ်က ပိုဆိုးသေးတယ်။ ယောဘရဲ့ သားတွေ အပြစ်လုပ်လို့ သူတို့မိုက်ပြစ် သူတို့ ပြန်ခံရတာဆိုပြီး နာအောင် ပြောတယ်။—ယောဘ ၈:၄၊ ၁၃။
သမာဓိစောင့်သိမှု တိုက်ခိုက်ခံရ
လွဲမှားနေတဲ့ မိတ်ဆွေတွေက ဒီထက်ဆိုးတာ လုပ်ခဲ့ကြတယ်။ ယောဘရဲ့ သမာဓိကို သံသယဝင်ကြရုံမက သမာဓိစောင့်ခြင်းက ဘာအကျိုးမှ မရှိဘူးလို့ ပြောကြတယ်။ ဧလိဖတ်ရဲ့ ပထမပြောဆိုချက်မှာ ဝိညာဉ်တစ်ကောင်နဲ့ တုန်လှုပ်ချောက်ချားဖွယ် တွေ့ဆုံမှုအကြောင်း ပါတယ်။ အဲဒီနတ်ဆိုးနဲ့ တွေ့ဆုံပြီးနောက် ဘုရားသခင်ဟာ “မိမိရဲ့ ကျွန်တွေကို မယုံဘူး။ ကောင်းကင်တမန်တွေကိုတောင် အပြစ်ရှာသေးတာ” ဆိုတဲ့ ဧလိဖတ်ရဲ့ ကောက်ချက်က အန္တရာယ်ရှိတယ်။ ဒီအတိုင်းသာဆိုရင် လူသားတွေ ဘုရားမျက်နှာသာ ရဖို့ မဖြစ်နိုင်တော့ဘူး။ ဗိလဒဒ်က လောက်ကောင်ကို ဘုရား ဂရုမစိုက်သလို ယောဘ သမာဓိစောင့်သိတာကိုလည်း ဘုရား အရေးမစိုက်ဘူးလို့ ပြောပြန်တယ်။—ယောဘ ၄:၁၂-၁၈။ ၁၅:၁၅။ ၂၂:၂၊ ၃။ ၂၅:၄-၆။
မချိမဆံ့ ဝေဒနာ ခံစားနေရသူတစ်ဦးကို နှစ်သိမ့်ပေးဖူးပါသလား။ လွယ်တော့ မလွယ်ဘူး။ အထူးသဖြင့် ဘယ်လိုစကားတွေ မပြောသင့်ဘူးလဲဆိုတာနဲ့ပတ်သက်ပြီး ယောဘရဲ့ လွဲမှားနေတဲ့ မိတ်ဆွေတွေဆီကနေ သင်ခန်းစာ အများကြီး ယူနိုင်တယ်။ သုံးယောက်သား စကားကြီးစကားကျယ်တွေ သုံးပြီး ကျိုးကြောင်းဆင်ခြင်ပြသွားလိုက်တာ မပြီးနိုင်တော့ဘူး။ ဒါပေမဲ့ ယောဘရဲ့ နာမည်ကို တစ်ခွန်းမှ ထည့်မပြောကြဘူး။ ယောဘ ရင်ကွဲနာကျနေတယ်ဆိုတာ ထည့်မတွက်လို့ ယောဘအပေါ် သက်ညှာရကောင်းမှန်းလည်း မစဉ်းစားမိကြဘူး။ * ဒါကြောင့် သင် ချစ်ခင်ရသူတစ်ဦး ဝမ်းနည်းကြေကွဲနေရင် နွေးထွေးကြင်နာမှု ပြပါ။ ယုံကြည်ခြင်း ခိုင်ခံ့လာစေဖို့ အားပေးပါ။ ဘုရားသခင် သနားကြင်နာတတ်တယ်၊ တရားမျှတတယ်ဆိုတာ ယုံကြည်စိတ်ချပြီး ဘုရားကို အားကိုးလာစေဖို့ ကူညီပေးပါ။ မိတ်ဆွေတွေသာ သူ့နေရာမှာဆိုရင် ယောဘ အဲဒီလိုလုပ်ပေးမှာ သေချာတယ်။ (ယောဘ ၁၆:၄၊ ၅) သမာဓိနဲ့ပတ်သက်ပြီး သူတို့ရဲ့ တရစပ် ထိုးနှက်တိုက်ခိုက်မှုတွေကို ယောဘ ဘယ်လို တုံ့ပြန်ခဲ့သလဲ။
ယောဘ အခိုင်အမာ ရပ်တည်
စကားစစ်ထိုးပွဲ မစခင်ကတည်းက ယောဘခမျာ တော်တော်လေး စိတ်ဓာတ်ကျနေပြီ။ တစ်ခါတလေ သူ ‘မဆင်မခြင် ပြောမိတယ်၊’ ‘ကြံရာမရ ဖြစ်နေသူရဲ့ စကားတွေ’ ပြောမိတယ်လို့ ဝန်ခံခဲ့တယ်။ (ယောဘ ၆:၃၊ ၂၆) သူ ဘာကြောင့် အဲဒီလိုပြောမှန်း နားလည်နိုင်ပါတယ်။ စိတ်ဆင်းရဲလွန်းလို့၊ ဘာကြောင့် ဒါတွေ ကြုံနေရမှန်း နားမလည်နိုင်လို့ပဲ။ မိသားစုအပေါ် ဘေးဆိုး ရုတ်တရက် ကျရောက်တာတွေက သဘာဝလွန် ဖြစ်ပုံရတဲ့အတွက် ယေဟောဝါကြောင့် ဖြစ်မယ်လို့ ယောဘ ယူဆသွားတယ်။ ယောဘ မသိလိုက်တဲ့ အရေးကြီး ဖြစ်ရပ်တွေလည်း ဖြစ်ပျက်ခဲ့တယ်။ ဒါကြောင့် ကောက်ချက်အမှားတွေ ချခဲ့မိတယ်။
ဒါပေမဲ့ ယောဘဟာ ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံသူ ဖြစ်တယ်။ ဒါကို သူ ပြောခဲ့တဲ့ စကားတချို့မှာ တွေ့နိုင်တယ်။ မှန်ကန်သင့်မြတ်တဲ့စကား၊ ကျွန်တော်တို့အတွက် အားပေးမှု ဖြစ်စေတဲ့ စကားတွေပါပဲ။ ဘုရားရဲ့ အကူအညီ မပါဘဲ ဘယ်လူသားမှ မသိနိုင်တဲ့ အံ့ဖွယ်ဖန်ဆင်းရာတွေအကြောင်း ပြောပြပြီး ဘုရားကို ယောဘ ဂုဏ်တင်ခဲ့တယ်။ ဥပမာ၊ ယေဟောဝါက “ကမ္ဘာမြေကို ဘာနဲ့မှ မချိတ်ဆွဲဘဲ ဆိုင်းထားတယ်” ဆိုပြီး သိပ္ပံတွေ့ရှိချက် မတိုင်ခင် ရာစုနှစ်များစွာကတည်းက ဖော်ပြခဲ့တယ်။ * (ယောဘ ၂၆:၇) ယုံကြည်ခြင်း ခိုင်ခံ့တဲ့ တခြားသူတွေလိုပဲ သူ့ရဲ့ အနာဂတ် မျှော်လင့်ချက်အကြောင်း ထုတ်ပြောခဲ့တယ်။ သေသွားရင်တောင် ဘုရား သူ့ကို အောက်မေ့ သတိရမယ်၊ အသက်ပြန်ရှင်စေမယ်လို့ ယုံကြည်ထားတယ်။—ယောဘ ၁၄:၁၃-၁၅။ ဟီဘရူး ၁၁:၁၇-၁၉၊ ၃၅။
သမာဓိစောင့်ခြင်းကိစ္စကော။ ဧလိဖတ်နဲ့ မိတ်ဆွေနှစ်ဦးက လူတွေ သမာဓိစောင့်ခြင်း မစောင့်ခြင်းက ဘုရားအတွက် အရေးမပါဘူးလို့ ပြောကြတယ်။ ဒါကို ယောဘ လက်ခံသလား။ လုံးဝ လက်မခံဘူး။ သမာဓိစောင့်ခြင်းကို ဘုရား အလေးထားတယ်လို့ အခိုင်အမာ ဆိုတယ်။ ယေဟောဝါက “ကျုပ်ရဲ့ သမာဓိကို သိလာပါလိမ့်မယ်” လို့ ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။ (ယောဘ ၃၁:၆) နှစ်သိမ့်စကား ပြောမယ့်သူ သုံးယောက်က တကယ်တော့ မိမိသမာဓိစောင့်သိတာကို တိုက်ခိုက်နေကြမှန်း ယောဘ ကောင်းကောင်း သိသွားတယ်။ ဒါကြောင့် ယောဘ အကြာကြီး ချေပပြောလိုက်တာ သုံးယောက်စလုံး ပါးစပ်ပိတ်သွားတော့တယ်။
နေ့စဉ်ဘဝမှာလည်း သမာဓိစောင့်သိဖို့ လိုကြောင်း ယောဘ သိထားတယ်။ ဒါကြောင့် သမာဓိရှိရှိ ဘယ်လို နေထိုင်ပြုမူကြောင်း ပြောပြတယ်။ ဥပမာ၊ ရုပ်တုကိုးကွယ်မှုပုံစံအားလုံးကို ရှောင်တယ်။ သူတစ်ပါးကို ကြင်နာတယ်။ ဂုဏ်တင်တယ်။ ကိုယ်ကျင့်တရား သန့်ရှင်းတယ်။ အိမ်ထောင်ကို လေးစားတယ်။ အရေးကြီးဆုံးကတော့ တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရား ယေဟောဝါကို အကြွင်းမဲ့ သစ္စာစောင့်သိတယ်။ ဒါကြောင့် “သေတဲ့အထိ ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး” လို့ ပြောနိုင်ခဲ့တယ်။—ယောဘ ၂၇:၅။ ၃၁:၁၊ ၂၊ ၉-၁၁၊ ၁၆-၁၈၊ ၂၆-၂၈။
ယောဘရဲ့ ယုံကြည်ခြင်းကို တုပပါ
သမာဓိစောင့်ခြင်းကို ယောဘလိုပဲ သင်ကော အလေးထားသလား။ သမာဓိစောင့်သိပါတယ်လို့ ပြောရုံနဲ့ မပြီးဘူး၊ အလုပ်နဲ့ သက်သေထူဖို့ လိုတယ်။ ကိုယ့်အတွက် အဆင်မပြေရင်တောင် ဘုရားစကား နားထောင်ခြင်း၊ နေ့စဉ်အသက်တာမှာ ဘုရား ကြိုက်နှစ်သက်ရာကို လုပ်ဆောင်ခြင်းအားဖြင့် အကြွင်းမဲ့ သစ္စာစောင့်သိကြောင်း ပြကြတယ်။ ဒါဆိုရင် ယေဟောဝါကို ပျော်ရွှင်စေမယ်။ ဟိုတုန်းက ယောဘ လုပ်ခဲ့သလိုပဲ ဘုရားရဲ့ ရန်သူ စာတန်ကို စိတ်ပျက်စေကြမယ်။ ယောဘရဲ့ ယုံကြည်ခြင်းကို တုပနိုင်တဲ့ အကောင်းဆုံးနည်းပါပဲ။
ယောဘရဲ့ ဇာတ်လမ်း မပြီးသေးပါဘူး။ တစ်ဖက်သတ်ဆန်ဆန် ကိုယ်ဖြောင့်မတ်ကြောင်း ပြောရင်း ဘုရားဘက် ရပ်တည်နေမှန်း မေ့သွားတယ်။ သူ့ကို တည့်မတ်ပေးဖို့၊ ဘုရားရေးရာ အမြင်မျိုး ရှိအောင် ကူညီပေးဖို့ လိုနေတယ်။ ဝမ်းနည်းပူဆွေးမှု၊ နာကျင်မှုတို့ကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေလို့ စစ်မှန်တဲ့ နှစ်သိမ့်မှု အကြီးအကျယ် လိုအပ်နေတယ်။ ယုံကြည်ခြင်း ရှိသူ၊ သမာဓိစောင့်သိသူအတွက် ယေဟောဝါ ဘာလုပ်ပေးမလဲ။ ဒီအခန်းဆက် ဆောင်းပါးက အဖြေပေးပါလိမ့်မယ်။
^ အပိုဒ်၊ 17 အသံကျယ်ကျယ် မပြောကြဘူးဆိုတော့ ယောဘကို သူတို့ ညင်ညင်သာသာ ပြောနေတယ်လို့ ဧလိဖတ် ထင်နေတယ်။ (ယောဘ ၁၅:၁၁) ပျော့ပျောင်းညင်သာတဲ့ စကားတွေကလည်း စိတ်ထိခိုက်နာကျင်စေနိုင်ပါတယ်။
^ အပိုဒ်၊ 19 အနှစ် ၃,၀၀၀ ကျော်ပြီးမှ ကမ္ဘာကြီးဟာ ဘယ်အရာဝတ္ထုပေါ်မှာမှ တည်ရှိမနေဘူးဆိုတဲ့ သီအိုရီကို သိပ္ပံပညာရှင်တွေ လက်ခံလာကြတယ်။ အာကာသက ဓာတ်ပုံတွေကို လူသားတွေ မြင်ရချိန်ကျမှ ယောဘရဲ့ အဆို မှန်တယ်ဆိုတာ ယုံလာကြတယ်။