တချို့ဆုတောင်းချက်တွေကို ဘုရားသခင် ဘာလို့ နားမထောင်တာလဲ။
သမ္မာကျမ်းစာအဖြေ
ဘုရားသခင် အဖြေမပေးတဲ့ ဆုတောင်းချက်တချို့ ရှိတယ်။ တချို့သူတွေရဲ့ ဆုတောင်းချက်ကို ဘုရားသခင် လျစ်လျူရှုရတဲ့အကြောင်းရင်းနှစ်ခုကို သုံးသပ်ကြည့်ပါ။
၁။ ဘုရားသခင့်အလိုတော်နဲ့ ဆန့်ကျင်တဲ့ ဆုတောင်းချက်
သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ ဘုရားသခင့်အလိုတော် ဒါမှမဟုတ် ဘုရားသခင့်တောင်းဆိုချက်တွေနဲ့ ဆန့်ကျင်တဲ့တောင်းဆိုမှုတွေကို ဘုရားသခင် အဖြေမပေးဘူး။ (၁ ယောဟန် ၅:၁၄) ဥပမာ၊ ကျမ်းစာက လောဘမကြီးဖို့ တောင်းဆိုထားတယ်။ လောင်းကစားက လောဘကြီးဖို့ အားပေးတယ်။ (၁ ကောရိန္သု ၆:၉၊ ၁၀) ဒါကြောင့် ထီပေါက်ဖို့တောင်းတဲ့ ဆုတောင်းချက်ကို ဘုရားသခင် ဖြေကြားမှာမဟုတ်ဘူး။ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ အလိုဆန္ဒမှန်သမျှကို လိုက်ဖြည့်ပေးနေတဲ့ ကိုယ်စောင့်နတ်မဟုတ်ဘူး။ လိုချင်တာမှန်သမျှကို ဘုရားသခင် လိုက်မဖြည့်ပေးတာကိုက ကျေးဇူးတင်ဖို့ကောင်းပါတယ်။ မဟုတ်ရင် တခြားသူတွေ ဘုရားသခင်ကို ဘာများတောင်းနေမလဲလို့ စိုးရိမ်နေရဦးမယ်။—ယာကုပ် ၄:၃။
၂။ နာခံမှုမရှိသူတွေရဲ့ဆုတောင်းချက်ကို ဘုရားသခင် နားမထောင်ဘူး
ဘုရားသခင်ကို မနာခံလိုကြောင်း လုပ်ရပ်တွေနဲ့ဖော်ပြနေသူတွေရဲ့ ဆုတောင်းချက်တွေကိုလည်း ဘုရားသခင် နားမထောင်ဘူး။ ဥပမာ၊ ဘုရားသခင်ကို ဝတ်ပြုနေပါတယ်လို့ ပြောနေပေမဲ့ နာခံမှုမရှိဘဲ ခေါင်းမာကြတဲ့သူတွေကို ဘုရားသခင် ခုလိုပြောတယ်- “များစွာသော (ဆုတောင်း) ပတ္ထနာကိုပြုကြသောအခါ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့်ပြည့်ကြ၏။” (ဟေရှာယ ၁:၁၅) ဒါပေမဲ့ သူတို့ရဲ့လမ်းစဉ်ကိုပြောင်းပြီး ကိစ္စရပ်တွေကို ဘုရားသခင့်ရှေ့ ပြုပြင်တည့်မတ်မယ်ဆိုရင် သူတို့ဆုတောင်းတဲ့အခါ ဘုရားသခင် နားထောင်ပါလိမ့်မယ်။—ဟေရှာယ ၁:၁၈။