မာတိကာဆီ ကျော်သွား

ညစ်ညမ်းရုပ်ပုံစာပေတွေအကြောင်း သမ္မာကျမ်းစာက ဘာပြောသလဲ။ ဆိုက်ဘာဆက်စ်သုံးတာ မှားသလား

ညစ်ညမ်းရုပ်ပုံစာပေတွေအကြောင်း သမ္မာကျမ်းစာက ဘာပြောသလဲ။ ဆိုက်ဘာဆက်စ်သုံးတာ မှားသလား

သမ္မာကျမ်းစာဖြေဆိုရာ

 ညစ်ညမ်းရုပ်ပုံစာပေ၊ ဆိုက်ဘာဆက်စ် ဒါမှမဟုတ် အဲဒါတွေနဲ့ဆင်တူတဲ့ လုပ်ရပ်တွေအကြောင်း သမ္မာကျမ်းစာမှာ တိုက်ရိုက်မဖော်ပြထားပါဘူး။ ဒါပေမဲ့ အိမ်ထောင်ဖက်မဟုတ်တဲ့သူနဲ့ လိင်ဆက်ဆံတာ ဒါမှမဟုတ် လိင်ကိစ္စအပေါ် မှားယွင်းတဲ့အမြင်ဖြစ်လာစေတဲ့ လုပ်ရပ်တွေကို ဘုရားသခင် ဘယ်လိုယူမှတ်သလဲဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒီကျမ်းချက်တွေကို သုံးသပ်ကြည့်ရအောင်–

  •   ‘ထို့ကြောင့် မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်း၊ သွေးသားဆန္ဒပြင်းပြခြင်းဖြစ်သော တပ်မက်ခြင်းနှင့်ဆိုင်သည့် မြေကြီးပေါ်ရှိ သင်တို့၏ ကိုယ်အင်္ဂါများကို သေစေကြလော့။’ (ကောလောသဲ ၃:၅) ညစ်ညမ်းရုပ်ပုံစာပေတွေဟာ လိင်ဆိုင်ရာမှားယွင်းတဲ့ဆန္ဒတွေကို ချိုးနှိမ်မယ့်အစား အဲဒီစိတ်တွေ ဖြစ်ပေါ်လာအောင် ဆွပေးပါတယ်။ အဲဒီရုပ်ပုံစာပေတွေက ဘုရားသခင့်အမြင်မှာ ညစ်ညမ်းတဲ့အရာတွေဖြစ်ပါတယ်။

  •   “မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။” (မဿဲ ၅:၂၈) ညစ်ညမ်းရုပ်ပုံတွေဟာ မကောင်းတဲ့အတွေးအခေါ်တွေကို အစပျိုးပေးပြီး မဟုတ်တာတွေကို လုပ်မိစေနိုင်တယ်။

  •   ‘သင်တို့သည် မတရားမေထုန်ပြုခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအမှုတို့ကို အချင်းချင်း ပြောဆိုခြင်းပင် မပြုကြနှင့်။’ (ဧဖက် ၅:၃) လိင်အကျင့်ယိုယွင်းမှုကို ပျော်စေပြက်စေအနေနဲ့တောင် မပြောသင့်ဘူးဆိုရင် ကြည့်တာ၊ ဖတ်တာတွေဆို ပိုလို့တောင် မလုပ်သင့်ဘူး။

  •   ‘လူ့ဇာတိနှင့်ဆိုင်သော အကျင့်များသည် ထင်ရှားလျက်ရှိ၏။ ထိုအကျင့်များကား မတရားမေထုန်ပြုခြင်း၊ မသန့်ရှင်းခြင်းနှင့် ထိုသို့သောအရာများဖြစ်၏။ အထက်က သတိပေးခဲ့သည့်နည်းတူ ယခုလည်း သတိပေးသည်မှာ ဤအရာများကို ပြုကျင့်သူတို့သည် ဘုရားသခင့်နိုင်ငံတော်ကို အမွေမခံကြရ။’ (ဂလာတိ ၅:၁၉–၂၁) ညစ်ညမ်းရုပ်ပုံစာပေတွေကို လိုက်စားတဲ့သူတွေ ဒါမှမဟုတ် ဆိုက်ဘာဆက်စ်၊ ဖုန်းဆက်စ်၊ ဆက်စ်တင် အသုံးပြုသူတွေကို မသန့်ရှင်းတဲ့ အကျင့်ယိုယွင်းသူတွေအဖြစ် ဘုရားသခင် ရှုမြင်ပါတယ်။ ကျွန်ုပ်တို့ဟာ အဲဒီအကျင့်တွေကို ပြုမူနေတယ်ဆိုရင် ဘုရားသခင့်မျက်နှာသာ လုံးဝဆုံးရှုံးသွားနိုင်ပါတယ်။