မာတိကာဆီ ကျော်သွား

ဘုရားနဲ့ ဘယ်လို ရင်းနှီးနိုင်မလဲ

ဘုရားနဲ့ ဘယ်လို ရင်းနှီးနိုင်မလဲ

ကျမ်းစာ အဖြေ

 ဘုရားသခင်အကြောင်း လေ့လာသင်ယူပြီး ဘုရားနှစ်သက်တာကို လုပ်ဆောင်မယ်ဆိုရင် ဘုရားနဲ့ ရင်းနှီးကျွမ်းဝင်လာနိုင်တယ်။ “ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။” (ယာကုပ် ၄:၈) “ဘုရားသခင်ဟာ ကျွန်တော်တို့တစ်ယောက်နဲ့မှ မဝေးပါဘူး” လို့ ကျမ်းစာ အာမခံထားတယ်။—တမန်တော် ၁၇:၂၇

 ဘုရားနဲ့ ရင်းနှီးနိုင်တဲ့ နည်းလမ်းများ

 ကျမ်းစာဖတ်ပါ

  •  ကျမ်းစာအဆို။ ‘ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတယ်။’—၂ တိမောသေ ၃:၁၆

  •  အဓိပ္ပာယ်။ ကျမ်းစာရဲ့ အာဘော်ရှင်က ဘုရားသခင်ပါ။ ဘုရားက မိမိရဲ့ အတွေးအခေါ်တွေကို ကျမ်းရေးသူတွေ စိတ်ထဲ ထည့်ပေးတယ်။ ထူးခြားတဲ့ အဲဒီစာအုပ်ကတစ်ဆင့် ကျွန်တော်တို့အတွက် ဘုရား ဘာတွေ ရည်ရွယ်ထားတယ်ဆိုတာ အသိပေးတယ်။ မေတ္တာ၊ တရားမျှတမှု၊ ကရုဏာ စတဲ့ မိမိရဲ့ အရည်အသွေးတွေကိုလည်း ဖော်ပြတယ်။—ထွက်မြောက်ရာ ၃၄:၆။ တရားဟောရာ ၃၂:၄

  •  လုပ်ဆောင်နိုင်ရာ။ ကျမ်းစာကို နေ့တိုင်း ဖတ်ပါ။ (ယောရှု ၁:၈) ဖတ်တဲ့အရာကို ပြန်တွေးတောဆင်ခြင်ပါ။ ‘ပုဂ္ဂိုလ်တစ်ပါးဖြစ်တဲ့ ဘုရားသခင်အကြောင်း ဒီအချက်က ဘာသိစေသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။—ဆာလံ ၇၇:၁၂

     ဥပမာ၊ ယေရမိ ၂၉:၁၁ ကို ဖတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ- ‘ဘုရားသခင်က ငါ့ကို ငြိမ်သက်အေးချမ်းမှု ရစေချင်သလား၊ ဒါမှမဟုတ် ဘေးဆိုး ကြုံစေချင်သလား။ အငြိုးကြီးတဲ့ ဘုရားလား၊ ဒါမှမဟုတ် ကောင်းတဲ့ အနာဂတ် ရစေချင်သူလား။’

 ဖန်ဆင်ထားရာတွေကို ဂရုတစိုက် လေ့လာကြည့်ပါ

  •  ကျမ်းစာအဆို။ ‘ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး ဘုရားသခင်ရဲ့ ထာဝရတန်ခိုးတော်နဲ့ အရည်အသွေးတွေကို အထင်အရှား သိမြင်နိုင်တယ်။’—ရောမ ၁:၂၀

  •  အဓိပ္ပာယ်။ ဖန်ဆင်းထားတာတွေက ဘုရားရဲ့ အရည်အသွေးတွေကို သိစေတယ်။ ပန်းချီကားတစ်ချပ်က ပန်းချီဆရာအကြောင်း ဖော်ပြသလို၊ အဆင့်မြင့်တဲ့ စက်တစ်လုံးက တီထွင်သူအကြောင်း သိစေသလိုပေါ့။ ဥပမာ၊ လူ့ဦးနှောက်ရဲ့ စွမ်းရည်နဲ့ ရှုပ်ထွေးဆန်းကြယ်မှုက ဘုရားသခင့် ဉာဏ်ပညာကို ဖော်ပြတယ်။ နေနဲ့ ကြယ်တွေမှာ ထိန်းချုပ်ထားတဲ့ စွမ်းအားက ဘုရားရဲ့ တန်ခိုးတော်ကို ဖော်ပြတယ်။—ဆာလံ ၁၀၄:၂၄။ ဟေရှာယ ၄၀:၂၆

  •  လုပ်ဆောင်နိုင်ရာ။ အချိန်ယူပြီး သဘာဝလောကကို လေ့လာကြည့်ပါ။ လေ့လာရင်း ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ- ‘သဘာဝလောကမှာ တွေ့ရတဲ့ အံ့ဖွယ်ဒီဇိုင်းတွေက ဘုရားအကြောင်း ဘာဖော်ပြသလဲ။’ a ဖန်ဆင်းရှင်အကြောင်း သဘာဝလောက မဖော်ပြနိုင်တာ အများကြီးရှိတယ်။ ဒါကြောင့်လည်း ဘုရားက ကျမ်းစာ ပေးထားတာပါ။

 ဘုရားနာမည် အသုံးပြုပါ

  •  ကျမ်းစာအဆို။ “ငါ့နာမည်ကို သိတဲ့အတွက် သူ့ကို ကာကွယ်မယ်။ သူ ဆုတောင်းတဲ့အခါ ငါဖြေကြားမယ်။”—ဆာလံ ၉၁:၁၄၊ ၁၅

  •  အဓိပ္ပာယ်။ ယေဟောဝါ လို့နာမည်ရှိတဲ့ ဘုရားက မိမိနာမည်ကို သိတဲ့သူ၊ ရိုသေလေးစားစွာ အသုံးပြုတဲ့သူတွေကို အထူးဂရုစိုက်တယ်။ b (ဆာလံ ၈၃:၁၈။ မာလခိ ၃:၁၆) မိမိရဲ့ နာမည်ကို ပြောပြပြီး ကျွန်တော်တို့ကို မိတ်ဆက်တယ်။ “ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ” လို့ ပြောတယ်။—ဟေရှာယ ၄၂:၈

  •  လုပ်ဆောင်နိုင်ရာ။ ယေဟောဝါနာမည်ကို အသုံးပြုပါ။

 ယေဟောဝါနဲ့ ဆုတောင်း စကားပြောပါ

  •  ကျမ်းစာအဆို။ ‘ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။’—ဆာလံ ၁၄၅:၁၈

  •  အဓိပ္ပာယ်။ ယုံကြည်ခြင်းအပြည့်နဲ့ ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ယေဟောဝါ ရှိတယ်။ ဆုတောင်းခြင်းဆိုတာ ဘုရားကို အလေးအနက် ကြည်ညိုလေးစားကြောင်း ပြတဲ့ ဝတ်ပြုမှုပုံစံတစ်မျိုး ဖြစ်တယ်။

  •  လုပ်ဆောင်နိုင်ရာ။ ဘုရားဆီ မကြာခဏ ဆုတောင်းပါ။ (၁ သက်သာလောနိတ် ၅:၁၇) စိုးရိမ်ပူပန်နေတာတွေ၊ ခံစားနေရတာတွေကို ပြောပြပါ။—ဆာလံ ၆၂:၈ c

 ဘုရားကို ယုံကြည်ပါ

  •  ကျမ်းစာအဆို။ “ယုံကြည်ခြင်းမရှိရင် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိုင်ဘူး။”—ဟီဘရူး ၁၁:၆

  •  အဓိပ္ပာယ်။ ဘုရားကို ယုံကြည်မှ ဘုရားနဲ့ ရင်းနှီးကျွမ်းဝင်နိုင်မယ်။ ကျမ်းစာအရ ယုံကြည်တယ်ဆိုတာ ဘုရားရှိတာကို ယုံတာလောက်ပဲ မကဘူး။ ဘုရားကို အပြည့်အဝ ယုံကြည်အားကိုးရမယ်။ ဘုရားပေးကတိတွေ ပြည့်စုံလာမယ်၊ ဘုရားစံနှုန်းက ပညာရှိတယ်ဆိုတာ ယုံတာလည်း ပါဝင်တယ်။ တစ်ဦးတစ်ယောက်နဲ့ ရင်းနှီးကျွမ်းဝင်ဖို့ဆိုရင် ယုံကြည်စိတ်ချမှု မရှိလို့ မဖြစ်ဘူး။

  •  လုပ်ဆောင်နိုင်ရာ။ စစ်မှန်တဲ့ ယုံကြည်ခြင်းက အသိပညာအပေါ် အခြေခံတယ်။ (ရောမ ၁၀:၁၇) ဒါကြောင့် ကျမ်းစာကို လေ့လာပါ၊ ဘုရားကိုရော ဘုရားရဲ့ အကြံပြုချက်တွေကိုရော ယုံကြည်စိတ်ချနိုင်ကြောင်း သိအောင်လုပ်ပါ။ ယေဟောဝါသက်သေတွေက ကျမ်းစာလေ့လာရာမှာ သင့်ကို ကူညီပေးဖို့ အသင့်ရှိကြပါတယ်။ d

 ဘုရားနှစ်သက်ရာကို လုပ်ဆောင်ပါ

  •  ကျမ်းစာအဆို။ “ဘုရားသခင်ကို ချစ်တယ်ဆိုတာ ပညတ်ချက်တွေ လိုက်နာတာကို ဆိုလိုတယ်။”—၁ ယောဟန် ၅:၃

  •  အဓိပ္ပာယ်။ ပညတ်ချက်တွေကို အတတ်နိုင်ဆုံး လိုက်နာခြင်းအားဖြင့် မိမိကိုချစ်ကြောင်း ဖော်ပြသူတွေနဲ့ ယေဟောဝါ ရင်းနှီးတယ်။

  •  လုပ်ဆောင်နိုင်ရာ။ ကျမ်းစာ လေ့လာတဲ့အခါ ဘုရား ဘာကို နှစ်သက်တယ်၊ ဘာကို မနှစ်သက်ဘူးဆိုတာ မှတ်သားပါ။ ‘ငါ့ကို ဖန်ဆင်းထားတဲ့ ဘုရား စိတ်ပျော်ရွှင်အောင် ဘာပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။—၁ သက်သာလောနိတ် ၄:၁

 ဘုရားရဲ့ အကြံပြုချက်ကို လိုက်နာပြီး ဂရုစိုက်မှုအောက်မှာ နေပါ

  •  ကျမ်းစာအဆို။ ‘ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်ပါ။’—ဆာလံ ၃၄:၈

  •  အဓိပ္ပာယ်။ ဘုရားသခင်က မိမိ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်ဖို့ သင့်ကို ဖိတ်ခေါ်ထားတယ်။ ဘုရားရဲ့ မေတ္တာနဲ့ ထောက်မကူညီမှုကို ကိုယ်တွေ့ကြုံရတဲ့အခါ ဘုရားနဲ့ ရင်းနှီးချင်လာပါလိမ့်မယ်။

  •  လုပ်ဆောင်နိုင်ရာ။ ကျမ်းစာဖတ်တဲ့အခါ ဘုရားရဲ့ အကြံပြုချက်ကို လိုက်နာပါ၊ အကျိုးကျေးဇူးကို တွေ့ကြုံခံစားပါ။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဘုရား အကူအညီနဲ့ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့သူတွေ၊ ကိုယ်တိုင်နဲ့ မိသားစုဘဝ တိုးတက်ကောင်းမွန်လာသူတွေအကြောင်း လေ့လာကြည့်ပါ။ e

 ဘုရားနဲ့ပတ်သက်တဲ့ အယူအဆ အမှားများ

 အမှား။ ဘုရားက အင်မတန် တန်ခိုးကြီးပြီး အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်လို့ ကျွန်တော်တို့နဲ့ ရင်းနှီးချင်မှာ မဟုတ်ဘူး။

 အမှန်။ ဘုရားက တန်ခိုးအကြီးအဆုံး၊ အရေးအပါဆုံး ဖြစ်ပေမဲ့ မိမိနဲ့ မိတ်ဆွေဖွဲ့ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားတယ်။ ဘုရားနဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်ခဲ့ကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေအကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။—တမန်တော် ၁၃:၂၂။ ယာကုပ် ၂:၂၃

 အမှား။ ဘုရားက လျှို့ဝှက်ဆန်းကြယ်လွန်းလို့ ဘုရားအကြောင်း မသိနိုင်ဘူး။

 အမှန်။ ဘုရားနဲ့ပတ်သက်တာတချို့ နားလည်ရခက်တာ မှန်ပါတယ်။ ဥပမာ၊ ဘုရားက မမြင်နိုင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ဘုရားအကြောင်း ကျွန်တော်တို့ သိနိုင်တယ်။ တကယ်တော့ ဘုရားအကြောင်း သိကျွမ်းမှ ထာဝရအသက် ရမယ်လို့ ကျမ်းစာက ဆိုတယ်။ (ယောဟန် ၁၇:၃) ကျမ်းစာမှာ ဖန်ဆင်းရှင်အကြောင်း၊ ဘုရားရဲ့ အရည်အသွေးအကြောင်း၊ လူသားနဲ့ ကမ္ဘာမြေကြီးအတွက် ဘုရားရည်ရွယ်ချက်အကြောင်း၊ ဘုရားစံနှုန်းအကြောင်းတွေကို ကျွန်တော်တို့ နားလည်နိုင်တဲ့ အသုံးအနှုန်းနဲ့ ဖော်ပြထားတယ်။ (ဟေရှာယ ၄၅:၁၈၊ ၁၉။ ၁ တိမောသေ ၂:၄) ဘုရားနာမည်ကိုလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၈၃:၁၈) ဒါကြောင့် ဘုရားအကြောင်း သိနိုင်ရုံမက ဘုရားနဲ့ မိတ်ဆွေတောင် ဖြစ်နိုင်ပါတယ်။—ယာကုပ် ၄:၈

a သဘာဝလောကမှာ တွေ့ရတဲ့ ဘုရားရဲ့ ဉာဏ်ပညာအကြောင်းတွေကို “အလိုလို ဖြစ်လာနိုင်ပါ့မလား” ဆောင်းပါးတွဲမှာ ကြည့်ပါ။

b ယေဟောဝါဆိုတဲ့ နာမည်က “ကိုယ်တော်ဖြစ်လာစေတယ်” လို့ အဓိပ္ပာယ်ရှိမှန်း သိထားကြတယ်။ မိမိနာမည်ကို ပြောပြတာက- “ငါ အလိုရှိရာ၊ ငါ ရည်ရွယ်ထားတာကို ဖြစ်လာစေမယ်။ ငါ့စကား အမြဲတည်မယ်” လို့ ဘုရား ပြောနေတဲ့သဘောပဲ။

d ပိုသိနိုင်ဖို့ ကျမ်းစာလေ့လာမှုကို ဘယ်လို လုပ်ကြသလဲ ဗီဒီယိုကို ကြည့်ပါ။

eကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး” ဆောင်းပါးတွဲကို ကြည့်ပါ။