မီးအိုင်ဆိုတာ ဘာလဲ။ ငရဲ ဒါမှမဟုတ် ဂေဟင်နာနဲ့ အတူတူပဲလား
သမ္မာကျမ်းစာ ဖြေဆိုရာ
မီးအိုင်ဆိုတာ ထာဝရပျက်စီးခြင်းကို ဆိုလိုပါတယ်။ မီးအိုင်က ဂေဟင်နာနဲ့တူပေမဲ့ ငရဲနဲ့တော့ မတူပါဘူး။ ငရဲဆိုတာ သေဆုံးသူတွေ ရောက်ရှိနေတဲ့ ပုံဆောင်နေရာ ဖြစ်ပါတယ်။
တကယ်တည်ရှိတဲ့ မီးအိုင်မဟုတ်
“မီးအိုင်” စကားလုံးပါတဲ့ ကျမ်းချက်ငါးချက်က မီးအိုင်ဆိုတာ တကယ်တည်ရှိတဲ့အရာမဟုတ်ဘဲ တင်စားချက်တစ်ခုသာဖြစ်တယ်ဆိုတာကို ဖော်ပြနေတယ်။ (ဗျာဒိတ် ၁၉:၂၀; ၂၀:၁၀၊ ၁၄၊ ၁၅; ၂၁:၈) မီးအိုင်ထဲ ပစ်ချခံရမယ့်သူတွေ၊ အရာတွေကို သုံးသပ်ကြည့်ပါ–
မာရ်နတ်။ (ဗျာဒိတ် ၂၀:၁၀) မာရ်နတ်ဟာ မမြင်နိုင်တဲ့နာမ်ဝိညာဉ် ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် မီးမလောင်နိုင်ပါဘူး။—ထွက်မြောက်ရာ ၃:၂; တရားသူကြီး ၁၃:၂၀။
သေခြင်း။ (ဗျာဒိတ် ၂၀:၁၄) သေခြင်းဆိုတာ ဘာမှမလုပ်ဆောင်နိုင်တော့တဲ့၊ အသက်မရှိတော့တဲ့ အခြေအနေကို ပြောနေတာဖြစ်တယ်။ (ဒေသနာ ၉:၁၀) ဒါကြောင့် သေခြင်းကို တကယ်မီးရှို့လို့ မရနိုင်ပါဘူး။
“သားရဲ” နဲ့ “ပရောဖက်အတုအယောင်။” (ဗျာဒိတ် ၁၉:၂၀) ဒါတွေက တင်စားချက်တွေဖြစ်တဲ့အတွက် သူတို့ ပစ်ချခံရတဲ့ မီးအိုင်ကလည်း တင်စားချက်ပဲ ဖြစ်ရမယ်မဟုတ်လား။—ဗျာဒိတ် ၁၃:၁၁၊ ၁၂; ၁၆:၁၃။
ထာဝရပျက်စီးခြင်းရဲ့ အမှတ်သင်္ကေတ
“မီးအိုင်သည် ဒုတိယသေခြင်းကို ဆိုလို၏” လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဗျာဒိတ် ၂၀:၁၄; ၂၁:၈) ကျမ်းစာအရ ပထမသေခြင်းဟာ အာဒံရဲ့အပြစ်ကြောင့် ခံစားရတဲ့အကျိုးဆက်ဖြစ်တယ်။ ပထမသေခြင်းနဲ့ သေဆုံးသွားတဲ့သူတွေကို ဘုရားသခင် အသက်ပြန်ရှင်စေမယ်။ ဒီလိုနည်းနဲ့ ပထမသေခြင်းကို ဘုရားသခင် ပယ်ဖျက်ပြီး နောက်ဆုံးမှာ အပြီးသတ် ဖယ်ရှားမယ်။—၁ ကောရိန္သု ၁၅:၂၁၊ ၂၂၊ ၂၆။
တင်စားချက်ဖြစ်တဲ့ မီးအိုင်ထဲကနေ ပြန်ထွက်လာမယ့်သူ မရှိ
မီးအိုင်က ဒုတိယသေခြင်းကို တင်စားတယ်။ ဒီသေခြင်းမျိုးကလည်း အသက်မရှိတော့တဲ့ အခြေအနေမျိုး ဖြစ်ပေမဲ့ ကျမ်းစာမှာ ဒီသေခြင်းကနေ အသက်ပြန်ရှင်လာမယ့်သူ ရှိတယ်လို့ မဖော်ပြထားဘူး။ ဥပမာ၊ ယေရှုမှာ “ငရဲနဲ့ သေခြင်းရဲ့ သော့တွေ” ရှိတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ အာဒံရဲ့အပြစ်ကြောင့်သေဆုံးသွားတဲ့ လူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့အာဏာ ယေရှုမှာရှိတယ်ဆိုတာ နားလည်နိုင်ပါတယ်။ (ဗျာဒိတ် ၁:၁၈; ၂၀:၁၃၊ ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်း) ဒါပေမဲ့ မီးအိုင်ရဲ့ သော့ကတော့ ယေရှုဆီမှာရော တခြားဘယ်သူ့ဆီမှာမှ မရှိပါဘူး။ ဒါကြောင့် မီးအိုင်က ထာဝရပြစ်ဒဏ်ဖြစ်တဲ့ အပြီးအပိုင်ဖျက်ဆီးခံရခြင်းကို ရည်ညွှန်းပါတယ်။—၂ သက်သာလောနိတ် ၁:၉။
မီးအိုင်က ဟိန္နုံချိုင့်ဖြစ်တဲ့ ဂေဟင်နာနဲ့တူ
ဂေဟင်နာ (ဂရိလို ဂီးအယ်န်နာ) ကို ကျမ်းစာမှာ ၁၂ ကြိမ် ဖော်ပြထားပါတယ်။ ဒါကလည်း မီးအိုင်လိုပဲ ထာဝရပျက်စီးခြင်းကို ဆိုလိုပါတယ်။ ဘာသာပြန်ကျမ်းတချို့မှာ ဂေဟင်နာဆိုတဲ့ စကားလုံးကို “ငရဲ” လို့ဘာသာပြန်ကြပေမဲ့ ဂေဟင်နာဟာ ငရဲ (ဟေဗြဲလို ရှီးအိုးလ်၊ ဂရိလို ဟေးဒီးစ်) နဲ့တော့ မတူပါဘူး။
“ဂေဟင်နာ” ဆိုတဲ့ မူရင်းအဓိပ္ပာယ်က “ဟိန္နုံချိုင့်” ဖြစ်ပါတယ်။ ဒါက ဂျေရုဆလင်မြို့ အပြင်ဘက်မှာရှိတဲ့ ချိုင့်ဖြစ်တယ်။ ရှေးခေတ်က ဂျေရုဆလင်မြို့သားတွေဟာ ဒီချိုင့်မှာ အမှိုက်တွေ သွန်ကြတယ်။ အဲဒီချိုင့်ထဲမှာ အမှိုက်တွေ လောင်ကျွမ်းသွားဖို့ မီးအဆက်မပြတ် တောက်နေအောင် လုပ်ထားတယ်။ မီးမရှိတဲ့နေရာ ရောက်သွားတဲ့ အမှိုက်တွေကို လောက်ကောင်တွေက စားပစ်လိုက်ကြတယ်။
ဂေဟင်နာကို ထာဝရပျက်စီးခြင်းရဲ့ အမှတ်သင်္ကေတအဖြစ် ယေရှု အသုံးပြုခဲ့တယ်။ (မဿဲ ၂၃:၃၃) ဂေဟင်နာဟာ “ပိုး (လောက်ကောင်) မသေ၊ မီးမငြိမ်းရာအရပ်” ဖြစ်တယ်လို့လည်း ပြောခဲ့တယ်။ (မာကု ၉:၄၇၊ ၄၈) ကိုယ်တော်ရဲ့ စကားတွေက ဟိန္နုံချိုင့်ထဲက အခြေအနေကို သာမက ဟေရှာယ ၆၆:၂၄ မှာပါတဲ့ ကြိုဟောချက်ကိုလည်း ရည်ညွှန်းနေတာဖြစ်တယ်။ အဲဒီကျမ်းချက်မှာ ဒီလို ဆိုထားတယ်– “ငါ့ကိုပုန်ကန်သူတို့၏ အလောင်းများကို တွေ့မြင်ကြလိမ့်မည်။ ထိုအလောင်းများကို ဖျက်ဆီးသည့် လောက်ကောင်တို့သည် အဘယ်အခါ၌မျှ သေကြလိမ့်မည်မဟုတ်။ အလောင်းတို့ကို လောင်လျက်နေသော မီးသည်လည်း အဘယ်အခါ၌မျှ ငြိမ်းလိမ့်မည်မဟုတ်။ လူအပေါင်းတို့သည် ထိုအချင်းအရာကိုမြင်၍ စက်ဆုတ်ရွံရှာကြလိမ့်မည်။” (ခေတ်သုံးမြန်မာ သမ္မာကျမ်း) မီးလောင်ကျွမ်းသွားတာ၊ လောက်ကောင်တွေ စားလိုက်တာက အသက်ရှင်သူတွေကိုမဟုတ်ဘဲ လူသေအလောင်းတွေကို ဖြစ်တယ်။ ဒါကြောင့် ယေရှုရဲ့ တင်စားချက်က ညှဉ်းဆဲတာကို ပြောနေတာမဟုတ်ဘဲ အပြီးသတ် ဖယ်ရှားလိုက်ခြင်းကို ပြောနေတာဖြစ်တယ်။
ဂေဟင်နာကနေ အသက်ပြန်ရှင်လာမယ့်သူတွေ ရှိတယ်လို့ ကျမ်းစာမှာ မဖော်ပြထားပါဘူး။ “မီးအိုင်” နဲ့ “မီးလောင်ရာ ဂေဟင်နာ” တို့က အပြီးအပိုင်ပျက်စီးခြင်း၊ ထာဝရပျက်စီးခြင်းကို ရည်ညွှန်းနေတာဖြစ်တယ်။—ဗျာဒိတ် ၂၀:၁၄၊ ၁၅; ၂၁:၈; မဿဲ ၁၈:၉။
“အစဉ်ထာဝရ နေ့ညမပြတ် ညှဉ်းဆဲခြင်း” ခံရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ
မီးအိုင်ဆိုတာ ပျက်စီးခြင်းကို ရည်ညွှန်းတယ်ဆိုရင် အဲဒီထဲမှာ မာရ်နတ်၊ သားရဲနဲ့ ပရောဖက်အတုအယောင်က “အစဉ်ထာဝရ နေ့ညမပြတ် ညှဉ်းဆဲ” ခံရမယ်လို့ ကျမ်းစာမှာ ဘာလို့ပြောထားတာလဲ။ (ဗျာဒိတ် ၂၀:၁၀) ဒီညှဉ်းဆဲခြင်းက အမှန်တကယ် ညှဉ်းဆဲတာကို ပြောနေတာ မဟုတ်ပါဘူး။ အကြောင်းရင်း ၄ ချက်ကို သုံးသပ်ကြည့်ပါ–
၁။ မာရ်နတ်ကို အစဉ်ထာဝရညှဉ်းဆဲဖို့ဆိုရင် သူက အမြဲတမ်း အသက်ရှင်နေရမှာဖြစ်တယ်။ ဒါပေမဲ့ မာရ်နတ်ကိုဖျက်ဆီးမယ်လို့ ကျမ်းစာမှာ ပြောထားတဲ့အတွက် သူ အမြဲတည်ရှိမှာ မဟုတ်ဘူး။—ဟေဗြဲ ၂:၁၄။
၂။ ထာဝရအသက်ဆိုတာ ဘုရားဆီကလာတဲ့ လက်ဆောင် ဖြစ်ပါတယ်။ အပြစ်ဒဏ် မဟုတ်ပါဘူး။—ရောမ ၆:၂၃။
၃။ သားရဲနဲ့ ပရောဖက်အတုအယောင်ဟာ တင်စားချက်တွေဖြစ်တဲ့အတွက် သူတို့ကို အမှန်တကယ် ညှဉ်းဆဲလို့ မရနိုင်ပါဘူး။
၄။ ကျမ်းစာရဲ့ ရှေ့နောက်စကားအရ မာရ်နတ်ကို ညှဉ်းဆဲတယ်ဆိုတာ ထာဝစဉ်ချုပ်နှောင်တာ ဒါမှမဟုတ် ဖျက်ဆီးလိုက်တာ ဖြစ်တယ်။
ကျမ်းစာမှာ “ညှဉ်းဆဲ” ဆိုတဲ့စကားလုံးက “ချုပ်နှောင်ခံရတဲ့ အခြေအနေ” ကိုလည်း ဆိုလိုနိုင်တယ်။ ဥပမာ၊ ဂရိစကားမှာ “ညှဉ်းဆဲသူတွေလက်ထဲ အပ်လိုက်တယ်” လို့ ပြောထားတဲ့ မဿဲ ၁၈:၃၄ ကို တချို့ဘာသာပြန်ကျမ်းတွေမှာ “အကျဉ်းချထားတယ်” လို့ ဖော်ပြထားတာကိုကြည့်ရင် “ညှဉ်းဆဲတယ်” ဆိုတဲ့ စကားလုံးနဲ့ “ချုပ်နှောင်ထားတယ်” ဆိုတဲ့စကားလုံးရဲ့ ဆက်စပ်မှုကို သိနိုင်တယ်။ အလားတူ မဿဲ ၈:၂၉ နဲ့ လုကာ ၈:၃၀၊ ၃၁ ကို နှိုင်းယှဉ်ဖတ်ကြည့်ရင် “ညှဉ်းဆဲ” ဆိုတဲ့စကားလုံးက “တွင်းနက်ကြီး” နဲ့ အဓိပ္ပာယ်တူတာကို တွေ့ရတယ်။ တွင်းနက်ကြီးဆိုတာ ဘာမှ မလုပ်နိုင်တော့တဲ့နေရာ ဒါမှမဟုတ် သေခြင်းကို တင်စားတယ်။ (ရောမ ၁၀:၇; ဗျာဒိတ် ၂၀:၁၊ ၃) ဗျာဒိတ်ကျမ်းမှာ “ညှဉ်းဆဲ” ဆိုတဲ့ စကားလုံးကို တင်စားချက်အနေနဲ့ အကြိမ်တော်တော်များများ အသုံးပြုထားပါတယ်။—ဗျာဒိတ် ၉:၅; ၁၁:၁၀; ၁၈:၇၊ ၁၀။