မာတိကာဆီ ကျော်သွား

ယေရှုက အိမ်ထောင်သည်လား၊ သူ့မှာ မောင်နှမတွေ ရှိသလား

ယေရှုက အိမ်ထောင်သည်လား၊ သူ့မှာ မောင်နှမတွေ ရှိသလား

သမ္မာကျမ်းစာဖြေဆိုရာ

 ယေရှု အိမ်ထောင်ပြုခဲ့တယ်၊ မပြုခဲ့ဘူးဆိုတာ ကျမ်းစာမှာ အတိအကျမဖော်ပြထားပေမဲ့ a သူ အိမ်ထောင်မပြုခဲ့ဘူးဆိုတာ အောက်ပါအချက်တွေအရ နားလည်နိုင်ပါတယ်။

  1.  ၁။ ယေရှုရဲ့မိသားစု၊ သူအမှုဆောင်နေချိန်အတွင်း အတူလိုက်ပါခဲ့တဲ့အမျိုးသမီးတွေ၊ အသတ်ခံရချိန်မှာ ဘေးနားမှာရှိနေခဲ့တဲ့ အမျိုးသမီးတွေအကြောင်း ကျမ်းစာမှာ မကြာခဏ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ယေရှုမှာ ဇနီးရှိတယ်လို့တော့ တစ်ခါမှ မဖော်ပြထားဘူး။ (မဿဲ ၁၂:၄၆၊ ၄၇; မာကု ၃:​၃၁၊ ၃၂; ၁၅:၄၀; လုကာ ၈:​၂၊ ၃၊ ၁၉၊ ၂၀; ယောဟန် ၁၉:၂၅) ယေရှုမှာ ဇနီးရှိတယ်လို့ ကျမ်းစာမှာ မပြောထားရတဲ့ အခိုင်လုံဆုံးအကြောင်းပြချက်က သူ တစ်ခါမှ အိမ်ထောင်မပြုခဲ့လို့ပဲ။

  2.  ၂။ ဘုရားအလုပ်ကို ပိုလုပ်နိုင်ဖို့အတွက် အိမ်ထောင်မပြုတဲ့သူတွေ ရှိကြတယ်။ ဒါကြောင့် “အိမ်ထောင်မပြုဘဲ နေနိုင်သူသည် အိမ်ထောင်မပြုစေနှင့်” လို့ တပည့်တွေကို ယေရှု ပြောခဲ့တယ်။ (မဿဲ ၁၉:၁၀–၁၂ခမ) ဘုရားအလုပ်ကို အပြည့်အဝ လုပ်ဆောင်နိုင်ဖို့ အိမ်ထောင်မပြုဘူးလို့ ဆုံးဖြတ်ထားတဲ့သူတွေအတွက် ယေရှု ပုံနမူနာ ပြခဲ့ပါတယ်။​—ယောဟန် ၁၃:၁၅; ၁ ကောရိန္သု ၇:၃၂–၃၈

  3.  ၃။ ယေရှုမသေခင်မှာ သူ့အမေကို ပြုစုစောင့်ရှောက်ဖို့ စီစဉ်ပေးခဲ့တယ်။ (ယောဟန် ၁၉:၂၅–၂၇) ယေရှုသာ အိမ်ထောင်သည် ဒါမှမဟုတ် ကလေးအဖေဖြစ်မယ်ဆိုရင် မိသားစုအရင်းအချာတွေအတွက်ပါ ပြုစုစောင့်ရှာက်ဖို့ စီစဉ်ပေးခဲ့မှာ သေချာတယ်။

  4.  ၄။ ခင်ပွန်းသည်တွေလိုက်လျှောက်ဖို့ ယေရှုကို ပုံနမူနာအနေနဲ့ ကျမ်းစာမှာ သုံးထားပါတယ်။ ဒါပေမဲ့ ဇနီးသည်အပေါ် ပြုမူဆက်ဆံတဲ့ပုံစံမျိုးအနေနဲ့ ဖော်ပြထားခြင်း မရှိပါဘူး။ ကျမ်းစာမှာ ဒီလိုပြောထားတယ်- “ခင်ပွန်းဖြစ်သူတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်သဖြင့် အသင်းတော်အတွက် အသက်စွန့်တော်မူသကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့။” (ဧဖက် ၅:၂၅) လူသားဘဝမှာ ယေရှု အိမ်ထောင်ပြုခဲ့မယ်ဆိုရင် လူ့ခင်ပွန်းသည်အနေနဲ့ သူ့ရဲ့ပုံနမူနာကို ဒီကျမ်းချက်မှာ အသုံးပြုမယ် မဟုတ်လား။

ယေရှုမှာ မောင်နှမတွေရှိသလား

 ရှိပါတယ်။ ယေရှုမှာ အနည်းဆုံး မောင်နှမခြောက်ယောက် ရှိတယ်။ အဲဒီထဲမှာ ယာကုပ်၊ ယောသပ်၊ ရှိမုန်နဲ့ ယုဒဆိုတဲ့ ညီတွေအပြင် အနည်းဆုံး ညီမနှစ်ယောက်လည်း ရှိတယ်။ (မဿဲ ၁၃:၅၄–၅၆; မာကု ၆:၃) ဒီမောင်နှမတွေက ယေရှုရဲ့မိခင်ဖြစ်သူ မာရိနဲ့ ယောသပ်တို့ရဲ့ ကလေးတွေဖြစ်တယ်။ (မဿဲ ၁:၂၅) ကျမ်းစာမှာ ယေရှုကို မာရိရဲ့ “သားဦး” လို့ ခေါ်ထားတဲ့အတွက် မာရိမှာ တခြားကလေးတွေ ရှိဦးမယ်ဆိုတာ နားလည်နိုင်တယ်။​—လုကာ ၂:၇

ယေရှုရဲ့ ညီတွေနဲ့ပတ်သက်ပြီး လွဲမှားတဲ့ယူဆချက်များ

 မာရိဟာ ဘဝတစ်လျှောက်လုံး အပျိုစင်ဘဝနဲ့ နေခဲ့တယ်ဆိုတဲ့ အယူအဆကိုထောက်ခံဖို့ တချို့က “ညီများ” ဆိုတဲ့စကားလုံးကို ညီအကိုများဆိုတဲ့ တခြားအဓိပ္ပာယ်နဲ့ သုံးကြတယ်။ ဥပမာ၊ ယေရှုရဲ့ညီအကိုတွေဆိုတာ ယောသပ်ရဲ့ အရင်အိမ်ထောင်ကပါလာတဲ့ ကလေးတွေလို့ တချို့ပြောကြတယ်။ ကျမ်းစာမှာ ယေရှုဟာ ဒါဝိဒ်ရဲ့ ဘုရင်အရိုက်အရာကို တရားဝင်ဆက်ခံသူဖြစ်တယ်လို့ ဖော်ပြထားတယ်။ (၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၃; လုကာ ၁:၃၂) ယောသပ်မှာသာ ယေရှုထက်ကြီးတဲ့ တခြားကလေးတွေရှိမယ်ဆိုရင် ယောသပ်ရဲ့ တရားဝင်အမွေကို အကြီးဆုံးသားကပဲ ဆက်ခံနိုင်မှာပေါ့။

 “ညီများ” ဆိုတဲ့စကားလုံးက ယေရှုရဲ့တပည့်တွေကို ပြောနေတာလား။ ကျမ်းစာမှာ “ညီတော်များသည် ကိုယ်တော်အား ယုံကြည်ကြောင်း မတင်ပြကြ” လို့ ပြောထားတဲ့အတွက် ယေရှုရဲ့တပည့်တွေကို ပြောနေတာမဟုတ်ပါဘူး။ (ယောဟန် ၇:၅) ယေရှုရဲ့ညီတွေနဲ့ တပည့်တွေကို ကျမ်းစာမှာ ခွဲခြားသုံးနှုန်းထားတယ်။​—ယောဟန် ၂:၁၂

 တချို့ကလည်း ယေရှုရဲ့ညီတွေဆိုတာ ဝမ်းကွဲတွေကိုပြောတာလို့ ဆိုပြန်တယ်။ ဒါပေမဲ့ မူရင်း ဂရိကျမ်းစာစောင်တွေမှာ “ညီ၊” “ဆွေမျိုး၊” “ဝမ်းကွဲ” စတဲ့ စကားလုံးတွေကို ခွဲခြားသုံးနှုန်းထားတယ်။ (လုကာ ၂၁:၁၆; ကောလောသဲ ၄:၁၀) ကျမ်းပညာရှင်အတော်များများကလည်း ယေရှုရဲ့ညီတွေ၊ ညီမတွေက ယေရှုရဲ့မောင်နှမအရင်းတွေဖြစ်တယ်လို့ အသိအမှတ်ပြုတယ်။ ဥပမာ၊ (The Expositor’s Bible Commentary ) စာအုပ်မှာ ဒီလိုဖော်ပြထားတယ်- “‘ညီများ’ ဆိုတာက . . . မာရိနဲ့ ယောသပ်ရဲ့သားတွေ၊ ယေရှုရဲ့ မိတူဖကွဲညီတွေကို ပြောနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။” b

a ကျမ်းစာမှာ ယေရှုကို သတို့သားလို့ ဖော်ပြထားပေမဲ့ ရှေ့နောက်ကျမ်းစကားအရ တင်စားချက်ဖြစ်တယ်ဆိုတာ နားလည်နိုင်တယ်။​—ယောဟန် ၃:၂၈၊ ၂၉; ၂ ကောရိန္သု ၁၁:၂

b ဗင်ဆင့်တေလာရဲ့ ဒုတိယအကြိမ်ထုတ် စာအုပ် (The Gospel According to St. Mark) စာမျက်နှာ ၂၄၉ နဲ့ ဂျွန်ပီမိုင်ယာရ်ရဲ့စာအုပ် (A Marginal Jew​—Rethinking the Historical Jesus) အတွဲ ၁၊ စာမျက်နှာ ၃၃၁–၃၃၂ တို့ကိုကြည့်ပါ။