သူဌေးနဲ့ လာဇရုက ဘယ်သူတွေလဲ
ကျမ်းစာအဖြေ
သူဌေးနဲ့ လာဇရုဟာ ယေရှု ပြောခဲ့တဲ့ ပုံပြင်ထဲက လူတွေ ဖြစ်တယ်။ (လုကာ ၁၆:၁၉-၃၁) အဲဒီပုံပြင်မှာ ဒီလူနှစ်ယောက်ဟာ လူတန်းစား နှစ်မျိုးကို တင်စားတယ်။ (၁) ယေရှုလက်ထက်က မာနထောင်လွှားတဲ့ ဂျူးဘာသာရေး ခေါင်းဆောင်တွေ၊ (၂) ယေရှုရဲ့ သတင်းစကားကို လက်ခံတဲ့ စိတ်ရင်းမှန်သူ သာမန်လူတွေ ဖြစ်တယ်။
ဒီဆောင်းပါးမှာ
သူဌေးနဲ့ လာဇရုအကြောင်း ယေရှု ဘာပြောခဲ့သလဲ
လုကာ အခန်းကြီး ၁၆ မှာ အခြေအနေ လုံးလုံး ပြောင်းလဲသွားတဲ့ လူနှစ်ယောက်အကြောင်း ယေရှု ပြောတယ်။
ယေရှု ပြောခဲ့တဲ့ ပုံပြင်ရဲ့ အကျဉ်းချုပ်က ဒီလိုပါ။ သူဌေးတစ်ယောက် စည်းစိမ်ယစ်နေတယ်။ လာဇရုလို့ ခေါ်တဲ့ သူတောင်းစားကို သူဌေးအိမ်တံခါးဝမှာ လူတွေ လာထားလေ့ရှိတယ်။ လာဇရုက သူဌေးရဲ့ စားပွဲကနေ ကျတဲ့ စားကြွင်းစားကျန်တွေ စားရဖို့ မျှော်နေတတ်တယ်။ တစ်နေ့၊ လာဇရု သေဆုံးသွားတဲ့အတွက် ကောင်းကင်တမန်တွေက သူ့ကို အာဗြဟံအနား ပို့ပေးကြတယ်။ သူဌေးလည်း ကွယ်လွန်သွားတော့ သင်္ဂြိုဟ်လိုက်ကြတယ်။ ပုံပြင်ထဲမှာ နှစ်ယောက်စလုံး သေသွားပေမဲ့ သတိရှိနေတယ်လို့ ပုံဖော်ထားတယ်။ သူဌေးက သင်္ချိုင်းမှာ အလူးအလိမ့် ဝေဒနာ ခံနေရတုန်း လာဇရုကို လွှတ်ပေးဖို့၊ သူ့လက်ညှိုးကို ရေမှာ နှစ်ပြီး လျှာပေါ် တစ်ပေါက်လောက် ချပေးရင် အေးမြသွားမှာလို့ အာဗြဟံကို ပြောတယ်။ သူဌေး တောင်းဆိုတာကို အာဗြဟံ မလုပ်ပေးဘူး။ သူတို့နှစ်ဦးစလုံးရဲ့ အခြေအနေ ပြောင်းပြန် ဖြစ်သွားတဲ့အပြင် နှစ်ယောက်ကြားမှာ ချောက်နက်ကြီး ခြားထားလို့ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာလို့ မရဘူးဆိုပြီး ပြန်ဖြေတယ်။
ဒီပုံပြင်အတိုင်း တကယ် ဖြစ်ပျက်ခဲ့သလား
မဖြစ်ခဲ့ပါဘူး။ သင်ခန်းစာ ပေးဖို့ ယေရှု ပြောခဲ့တဲ့ ပုံပြင်ပါ။ ပုံပြင်ပဲဆိုတာကို ပညာရှင်တွေလည်း အသိအမှတ်ပြုကြတယ်။ ဥပမာ၊ ၁၉၁၂ ခုနှစ်ထုတ် လူသာကျမ်းစာမှာ ဒါဟာ ပုံပြင် ဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်ငယ် ပါတယ်။ ကက်သလစ် ဂျေရုဆလင်ဘာသာပြန်ကျမ်းပါ အောက်ခြေမှတ်ချက်မှာ “သမိုင်းဝင် လူတစ်ဦးတစ်ယောက်ကို ရည်ညွှန်းခြင်း မရှိတဲ့ ဝတ္ထုတိုထဲက ပုံပြင်” လို့ ဆိုထားတယ်။
လူသေပြီးနောက် အသက်ဆက်ရှင်ခြင်းအကြောင်း ယေရှု သင်ပေးနေတာလား။ တချို့ သေဆုံးပြီးတဲ့နောက် မီးငရဲထဲ ညှဉ်းဆဲခံနေရတယ်၊ အာဗြဟံနဲ့ လာဇရု ကောင်းကင်မှာ ရှိတယ်လို့ ဆိုလိုသလား။ အဲဒီလို မဖြစ်နိုင်မှန်း ဖော်ပြတဲ့ အချက်အလက်တွေ ရှိပါတယ်။
ဥပမာ-
သူဌေးက မီးလောင်နေတဲ့ ပကတိနေရာတစ်ခုမှာ ညှဉ်းဆဲခံနေရတယ်ဆိုရင် လာဇရုလက်ညှိုးပေါ်က ရေတစ်စက်ဟာ အငွေ့ပြန်သွားမယ် မဟုတ်လား။
အငွေ့ပြန်မသွားဘူးဆိုရင်တောင် ရေတစ်စက်လေးက မီးထဲ ဝေဒနာ ခံနေရတဲ့ သူဌေးကို သက်သာစေပါ့မလား။
အဲဒီပုံပြင်ကို ပြောတဲ့အချိန်အထိ ဘယ်သူမှ ကောင်းကင်ကို မတက်ဖူးဘူးလို့ ယေရှု အတိအကျ ပြောထားတဲ့အတွက် ကောင်းကင်မှာ အာဗြဟံ ဘယ်လို အသက်ရှင်နေနိုင်မလဲ။—ယောဟန် ၃:၁၃။
ဒီပုံပြင်က မီးငရဲ အယူဝါဒကို ထောက်ခံသလား
မထောက်ခံပါဘူး။ တကယ့်အဖြစ်အပျက် မဟုတ်တာ မှန်ပေမဲ့ လူကောင်းတွေ ကောင်းကင် တက်ပြီး လူဆိုးတွေ မီးငရဲမှာ ညှဉ်းဆဲခံရမယ်ဆိုတာကို ပုံဆောင်တယ်လို့ တချို့ စောဒကတက်ကြတယ်။ a
အဲဒီလို ကောက်ချက်ချတာ ယုတ္တိရှိပါ့မလား။ မရှိပါဘူး။
မီးငရဲအယူဝါဒဟာ လူသေတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျမ်းစာသွန်သင်ချက်နဲ့ မကိုက်ညီဘူး။ ဥပမာ၊ လူကောင်းအားလုံး ကောင်းကင်မှာ ချမ်းမြေ့ပျော်ရွှင်ရမယ်၊ လူဆိုးတွေ မီးငရဲမှာ ညှဉ်းဆဲခံရမယ်လို့ ကျမ်းစာမှာ မဆိုထားဘူး။ “အသက်ရှင်နေသူက သေရမှာကို သိတယ်။ သေလွန်သူကတော့ ဘာမှ မသိဘူး” လို့ပဲ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။—ဒေသနာ ၉:၅။
သူဌေးနဲ့ လာဇရုပုံပြင်က ဘာအဓိပ္ပာယ် ရှိသလဲ
လူတန်းစား နှစ်မျိုးရဲ့ အခြေအနေ လုံးလုံး ပြောင်းလဲသွားမယ့်အကြောင်း ဒီပုံပြင်က ဖော်ပြတယ်။
သူဌေးဟာ “ငွေမက်တဲ့” ဂျူးဘာသာရေး ခေါင်းဆောင်တွေကို ပုံဆောင်တယ်။ (လုကာ ၁၆:၁၄) ယေရှုရဲ့ သတင်းစကားကို သူတို့ ကြားပေမဲ့ အတိုက်အခံ လုပ်တယ်။ ဒီဘာသာရေး ခေါင်းဆောင်တွေက သာမန်လူတွေကို အထင်သေးတယ်။—ယောဟန် ၇:၄၉။
လာဇရုက ယေရှုရဲ့ သတင်းစကားကို လက်ခံတဲ့ သာမန်လူတွေကို ပုံဆောင်တယ်။ သူတို့ကို ဂျူးဘာသာရေး ခေါင်းဆောင်တွေ စက်ဆုပ်ရွံရှာတယ်။
ဒီလူတန်းစား နှစ်မျိုးစလုံးရဲ့ အခြေအနေဟာ အကြီးအကျယ် ပြောင်းလဲသွားတယ်။
မိမိတို့ဟာ ဘုရားသခင်ရဲ့ မျက်နှာသာကို ခံစားရတယ်လို့ ဂျူးဘာသာရေး ခေါင်းဆောင်တွေ ထင်နေကြတယ်။ ဒါပေမဲ့ ယေရှုရဲ့ သတင်းစကားကို လက်မခံတဲ့အတွက် သူတို့ကိုရော သူတို့ရဲ့ ကိုးကွယ်မှုကိုပါ ဘုရား ငြင်းပယ်လိုက်တယ်။ ဒါဟာ သူတို့ သေဆုံးသွားတာနဲ့ အလားသဏ္ဌာန်တူတယ်။ ပြီးတော့ ယေရှုနဲ့ နောက်လိုက်တွေ ဟောတဲ့ သတင်းတရားကြောင့် ဝေဒနာ ခံကြရတယ်။—မဿဲ ၂၃:၂၉၊ ၃၀။ တမန်တော် ၅:၂၉-၃၃။
ဘာသာရေး ခေါင်းဆောင်တွေ ပယ်ထားတဲ့ သာမန်လူတွေဟာ အခု မျက်နှာသာ ရနေကြပြီ။ အတော်များများက ယေရှု သွန်သင်တဲ့ ကျမ်းစာသတင်းတရားကို လက်ခံတဲ့အတွက် အကျိုးကျေးဇူး ခံစားကြရတယ်။ အခုဆိုရင် သူတို့ဟာ ဘုရားမျက်နှာသာကို ထာဝစဉ် ခံစားရဖို့ အခွင့်အရေး ရှိနေပါတယ်။—ယောဟန် ၁၇:၃။
a ဘာသာပြန်ကျမ်းတချို့မှာ သူဌေး သေဆုံးပြီးနောက် ရောက်သွားတဲ့နေရာကို ဖော်ပြတဲ့အခါ “ငရဲ” ဆိုတဲ့ စကားလုံး သုံးတယ်။ ဒါပေမဲ့ လုကာ ၁၆:၂၃ ပါ မူရင်း ဂရိစကားလုံး (ဟေးဒီစ်) ဟာ သင်္ချိုင်းကို ရည်ညွှန်းနေတာပါ။